လတ်တလောမှာ ငြင်းကြခုန်ကြ အဖြစ်ဆုံးကတော့ တံတားဦးလေဆိပ် တိုက်ခိုက်ခံရမှုဖြစ်စဉ်ပဲဖြစ်ပါတယ်။ နိုင်ငံတကာစစ်ပွဲကြီးတွေမှာလည်း ကုန်ကျစရိတ်ကြီးမားတဲ့ လေကာစနစ်ကြီးတွေအစား ဈေးပေါတဲ့ဒရုန်းတွေကို ဖောဖောသီသီသုံး Swarm Attack လုပ်ကြပါတယ်။ ခေတ်သစ်စစ်ပွဲကြီးတွေမှာဆိုရင် နာမည်ကျော်လေကာစနစ်ကြီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ ကုန်ကျစရိတ်ကို အသေခံဒရုန်းတစ်စင်းရဲ့ကုန်ကျစရိတ်နဲ့ နှိုင်းယှဉ်ပြကြတဲ့အခါ အတော်ကို ရင်ဘတ်အောင့်စရာတွေဖြစ်လာတော့တာပါ။

ဥပမာ – လက်ရှိမှာ အေးသလိုလို နွေးသလိုလိုဖြစ်နေတဲ့ အီရန်စစ်မှာလည်း အီရန်က ၎င်းတို့ရဲ့ ဈေးသက်သာတဲ့ ရှာဟက်ဒ်ဒရုန်းတွေနဲ့ အစ္စရေးရဲ့ Iron Dome လေကာစနစ်ကြီးကိုနှိုင်းယှဉ်ပြီး ပျော်ပျော်ကြီး ဂုဏ်ယူကြပါတယ်။ အစ္စရေးလေကာကြီးကို အီရန်ဒုန်းတွေနဲ့ ဒရုန်း‌တွေက ဖောက်ဝင်သွားနိုင်တဲ့မြင်ကွင်းတချို့ကလည်း စိတ်ဝင်စားစရာပါပဲ။ (၂၀၁၈) ခုနှစ်က ဆီးရီးယားနိုင်ငံထဲထိဝင်ပြီး ရုရှားရဲ့ Pantsir S1 လေကာကို အသေခံဒရုန်းနဲ့ အလစ်ငိုက်ဝင်တိုက်ပြီး အရှက်ခွဲခဲ့တဲ့ အစ္စရေး‌တို့လည်း အီရန်စစ်ပွဲကျမှ ဝဋ်ကြွေးတွေ အတောင့်လိုက်လည်တယ်လို့ပဲ ပြောရပါတော့မယ်။ ဒီတော့ ကုန်ကျစရိတ်ချင်း အဆပေါင်းများစွာကွာနေတဲ့အခါ အစ္စရေးတွေက နည်းပညာအသစ်ထုတ်ရပါတယ်။ Rafael Advanced Defense Systems နဲ့ Elbit Systems တို့ပေါင်းပြီး Iron Beam အမည်ရှိ Laser Defense System တစ်ခုထပ်ဆောက်ရပါတယ်။ ခါတိုင်းကြားဖြတ်ဒုံးတွေထက်စာရင် အဆိုပါ လေဆာလက်နက်က ကုန်ကျစရိတ် အတော်သက်သာတယ်လို့သိရတယ်။

ဒီနေရာကနေမြင်သာတာက ကျွန်တော်တို့ရဲ့ ရန်သူဟာ ဈေးပေါတဲ့ဒရုန်းတွေကို ဖောဖောသီသီသုံးပြီး စစ်ဆင်လာပြီဆိုရင် ကျွန်တော်တို့ကလည်း ကုန်ကျစရိတ်နည်းပြီး ထိရောက်မယ့် Defense System တစ်ခု ချထားဖို့ အရေးတကြီးလိုအပ်လာပြီဆိုတာပါ။ တံတားဦးလေဆိပ်ဖြစ်စဉ်ကိုကြည့်ပြီး (ကိုယ့်ရဲ့ Main Base ထိ) ရန်သူက ဖောက်ဝင်လာနိုင်တာကို အသိအမှတ်ပြုရပါလိမ့်မယ်။ ရှက်စရာလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ့်ထက် အဆပေါင်းများစွာထက်မြက်တဲ့ ရုရှားတို့ အစ္စရေးတို့တောင် ခံနေရတာပါ။ တကယ်ပဲ အရှက်ရစရာကိစ္စဆိုရင် မြန်မာနိုင်ငံမှာ လက်နက်ကိုင်အကြမ်းဖက်တွေက စစ်တပ်ရဲ့လေတပ်အခြေစိုက်စခန်းတစ်ခုကို မည်သို့မည်ပုံ နွှာလိုက်ကြောင်း သတင်းတွေပွထနေပါလိမ့်မယ်။ အခုဖြစ်စဉ်က … သင်ခန်းစာယူရမယ့်အရာ၊ ဖြေရှင်းရမယ့်အရာသာဖြစ်တယ်။ ဈေးသက်သာပြီး ထိရောက်မယ့်လုံခြုံရေးစနစ်တစ်ခု ဆွဲခိုင်းပါ။ မဲပုံးတောင်တီထွင်နိုင်သေးတာ။ ဒါကျ ခက်ခဲနေလား။

နောက်တစ်ခုက ရန်သူမှာ အထာရှိပါတယ်။ အမှန်တကယ် စစ်တိုက်နိုင်တဲ့ကောင်တွေ (တစ်နည်း စပွန်ဆာရှိတဲ့ သုံးနိုင်ဖြုန်းနိုင်ကောင်တွေ) ဆိုရင် သူတို့က ဂျမ်မာတွေကို အရင်ဖြိုပါတယ်။ လျှပ်စစ်မီးကို အရင်ဖြတ်တယ်။ ဂျမ်မာတွေကို ရှော့တိုက်ဒုံးတွေနဲ့ထုတယ်။ အကာအကွယ်မဲ့သွားမှ ဒရုန်းတွေနဲ့ ဝင်ကြုံးပါတယ်။ သူတို့သုံးတဲ့ဒရုန်းတွေက အရေအတွက်လည်းပိုများပါတယ်။ သယ်နိုင်တဲ့ဗုံးသီးကြီးတွေကလည်းကြီးတယ်။ ကိုယ်တွေ့ပါ။ (တံတားဦးလေဆိပ်ဖြစ်စဉ် ဗီဒီယိုကိုကြည့်ဖြစ်တော့ ပဒတ်အမိတို့ရဲ့ဒရုန်းဟာ ရှမ်းမြောက်က တစ်ကန့်လိုတွေရဲ့ဒရုန်းလောက်မှ အထာမကျပါလား – လို့ တွေးမိရဲ့)။ လေယာဉ်ရုံနားမှာ ပိုက်တိုးမိလို့ ပျက်ကျသွားတဲ့ဒရုန်းသာ ရမခမှာသုံးသလောက်ဟာကြီးတွေဆိုရင် အနည်းငယ်တော့ ကျော်မကောင်း ကြားမကောင်းဖြစ်ကြရဦးမယ်ထင်ပါတယ်။ ဒီတော့ တံတားဦးလေဆိပ်ဟာ လုံခြုံရေးပေါ့လျော့လို့ဖြစ်သွားတဲ့ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး ရန်သူဟာ ဗျူဟာကျကျ တိုက်နိုင်စွမ်းမရှိဘူးလို့ သုံးသပ်ပါတယ်။

ဒီတော့…

အလားတူဖြစ်စဉ်မျိုးကို ကာကွယ်ဖို့ဆိုရင် –

– ကုန်ကျစရိတ်သက်သာပြီး ရေရှည်မှာ အသုံးဝင်မယ့် လုံခြုံရေးစနစ်တစ်ခု တည်ဆောက်ပါ။ (Iron Beam လိုမဟုတ်ရင်တောင် မြန်မာ့နည်းမြန်မာ့ဟန်နဲ့ပေါ့။ ထိရောက်ပါစေ)

– ရန်သူနဲ့ ရေရှည်စစ်မတိုက်ပါနဲ့။ ရန်သူနဲ့ရေရှည်စစ်တိုက်ခြင်းဟာ ရန်သူကို စစ်ပညာတွေ အခမဲ့လေ့ကျင့်သင်ကြားပေးနေတာနဲ့တူပါတယ်။ စစ်ပွဲကာလကြာလာတာနဲ့အမျှ ရန်သူဟာ တူမီးကနေလည်း စီးရီးတွေဖြစ်လာနိုင်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် သွေးတိုးစမ်းရာကနေ ရန်သူက ကိုယ့်ရဲ့ပျော့ကွက်ကို လေ့လာမိသွားတတ်ပါတယ်။ ဒီတော့ ပွဲဖြတ်ပါ။ မြေပြင်နယ်မြေရှင်းလင်းရေးတွေ တို့စိ တို့စိလုပ်နေလို့ကတော့ ရန်သူရဲ့နောက်ထပ်ပစ်မှတ်က နေပြည်တော်ပဲဖြစ်ပါလိမ့်မယ်။

– အရေးကြီးတဲ့တစ်ခုက တစ်ခုခုဖြစ်လာရင် ကျေးဇူးပြု၍ မပျာပါနဲ့။ ထူးခြားဖြစ်စဉ်ဖြစ်တဲ့အခါ၊ (လေတပ်စခန်းကို ဒရုန်းနဲ့တိုက်တဲ့အခါ) မီဒီယာကလည်း ဖွမှာပါ။ မဟာအောင်ပွဲကြီးလိုလို၊ ရန်သူ့ဒရုန်း ခြောက်စင်းလောက်နဲ့ လေတပ်စခန်းကြီးတစ်ခုလုံးပြာကျတော့မလိုလို၊ စစ်တပ်ပဲ ဘာဖြစ်ရတော့မလိုလို… ပြောမှာပါ။ ပြောကြမှာပါ။ ဘာလို့လဲ… တစ်ဖက်က သူတို့အတွက် ထောက်ပံ့ကြေးငွေရဖို့ လုပ်ကွက်တစ်ခုမဖြစ်မနေပြရမှာမို့ပဲ။ ဒရုန်းနဲ့ တိုက်ပြရင် ‌ဒရုန်းဝယ်ဖို့ငွေတောင်းလို့ရမယ်။ ဒီတော့ တစ်ဖက်က ကြွယ်ပြကြတယ်။

ကိုယ့်လူများကလည်း… ဆဲကြမှာပါ။ ရန်သူထက် တပ်ထောက်ခံသူများက ပိုဆဲပါတယ်။ ချစ်လို့ဆဲကြတယ်လို့တော့ ပြောတာပါပဲ။ မည်သို့ပင်ဆိုစေကာမူ ထူးခြားဖြစ်စဉ်တစ်ခုဖြစ်ရင် ပွက်ပွက်ဆူကြမှာမို့ တာဝန်ရှိသူများကတော့ ခေါင်းအေးအေးထားကြစေလိုပါတယ်။ (ဒီလောက်ပဲရေးပါမယ်)

တပ်မတော်ကို တကယ်ချစ်ရင် ဆဲကြမယ့်အစား Iron Beam တစ်ခုလောက် သွားဆောက်ပေးကြရင် ကျေးဇူးတင်မှာပါ။ ရန်သူက သွေးတိုးစမ်းသလောက် မိမိဘက်ကလည်း Upgrade လုပ်နေမှဖြစ်ပါလိမ့်မယ်။

ကျွန်တော်တို့နိုင်ငံမှာ ကာလရှည်စစ်ပွဲခေါ်မလား၊ လက်နက်ကိုင်ပဋိပက္ခခေါ်မလား… တိုက်ပွဲကြီးတွေဖြစ်နေတာ မပြီးနိုင်သေးပါဘူး။ ပထဝီနိုင်ငံရေးကြောင့်လည်း တိုက်ကြတယ်။ သယံဇာတကြောင့်လည်းတိုက်တယ်။ အမုန်းတရားကြောင့်လည်း တိုက်တယ်။ စစ်ပွဲတွေကို အမှန်တကယ် လျှော့ချချင်ရင် ပြည်တွင်းမှာ စစ်ကြောင်းဖိထိုးရုံနဲ့မပြီးပါဘူး။ သံတမန်ရေးကိုလည်း ကြိုးပမ်းရပါသေးတယ်။ မြင်ရသလောက်ကတော့ စစ်ကိုလည်း ဖိထိုးမယ်။ စကားပြောချင်ရင်လည်း လမ်းဖွင့်ထားမယ် – ဆိုတဲ့ အနေအထားတွေ တွေ့ရပါတယ်။ ဒီလိုလမ်းဖွင့်ထားတာကိုလည်း ရန်သူက အမြတ်ထုတ်ဦးမှာပါ။ အေးဆေးပါ။ ဆွေးနွေး‌တယ်ဆိုတာ စစ်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ အစ္စရေး၊ ပါလက်စတိုင်း၊ အမေရိကန်၊ အီရန်၊ ရုရှား၊ ယူကရိန်း… အကုန် ပတ်ချာလည်စကားပြောနေကြရတာပါပဲ။

ဒီတော့…

သွေးတိုးစမ်းမှုလေးတွေကတော့ ရှိမှာပါ။ ဉာဏ်ကောင်းတဲ့ဘက်က သာပါလိမ့်မယ်။ အနာဂတ်က လူတိုင်းရှိပါတယ်။ ပိုပြီး ပြင်ဆင်ထားနိုင်တဲ့ဘက်က… အနာဂတ်ကိုပိုင်တယ်။

သန့်နေစိုး (12. Sept. 2026)