လက်ရှိကာလကြီးဟာ (၁၄၅၀ – ၁၇၅၀) ကာလများဆီက ဥရောပတိုက်က “စုန်းဖမ်းပွဲ” (The Witch-hunt) ကာလ အပိုင်းအခြားကြီးကို ဖြတ်သန်းနေရတာနဲ့ အလားသဏ္ဍာန်တူတယ်။ ဥရောပရဲ့ The Witch-hunt ကာလကြီးမှာ စုန်းပညာ အသုံးပြုသူလို့ ယူဆရတဲ့လူ (အထူးသဖြင့် အမျိုးသမီး) လေးသောင်းကနေ ခြောက်သောင်းကြား ကွပ်မျက်ခံခဲ့ကြရတယ်။ ခေတ်သစ် Witch-hunt တွေကတော့ အယူသည်းမှုတွေ၊ စီးပွားရေးကြပ်တည်းမှုတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ “ထိုးကျွေးမှု” တွေပေါ် အများကြီးမူတည်တာပေါ့။ The Witch-hunt ကို Metaphor သဘောမျိုးသုံးမယ်ဆိုရင်တော့ “လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့မဟုတ်) အစုအဖွဲ့တစ်ခုကို ပစ်မှတ်ထားပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲတိုက်ခိုက်မှုတွေလုပ်တာ၊ ကမ်ပိန်းတွေ၊ လူထုစိတ်ခံစားမှုကို လှုံ့ဆော်တဲ့အရာတွေသုံးပြီး Mass Hysteria ရအောင် ဖန်တီးတာ၊ စတေးခံတွေကို ထိုးကျွေးလိုက်တာ – တွေ ပါဝင်တယ်ပေါ့။
ပါဝါနိုင်ငံရေးတွေမှာလည်း ပါဝါနိုင်ငံကြီးတွေ အားပြိုင်မှုပြင်းထန်လာတာနဲ့အမျှ တစ်ဖက်နဲ့တစ်ဖက် အုပ်စုဖွဲ့ပြီးယှဉ်ပြိုင်ထိုးနှက်တာ၊ ဖမ်းဆီးတာ၊ ထိုးကျွေးတာတွေ ပြင်းထန်လာတယ်။ လတ်တလောမှာပဲ မြန်မာ့အရေးလေ့လာသုံးသပ်သူ အမေရိကန်နိုင်ငံသားတစ်ဦးကို “သူလျှိုမှု” နဲ့ တရုတ်က ဖမ်းဆီးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ အခုကာလမှာ အမေရိကန်နဲ့ ဥရောပတစ်ကြောမှာ “တရုတ်သူလျှို” (သို့မဟုတ်) တရုတ်အတွက် ဝါဒဖြန့်ပေးသူလို့ ယူဆရတဲ့ ဆဲလ်တွေကို အဖမ်းအဆီး အရမ်းကြမ်းလာနေတယ်။ ဖိလစ်ပိုင်က တရုတ်အေးဂျင့်အမျိုးသမီးနည်းတူ
– (12. May. 2026) ရက်စွဲနဲ့ MSN သတင်းမှာ တရုတ်အတွက် သူလျှိုလုပ်မှု ကောလာဟလနဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်း မြို့တော်ဝန် အမျိုးသမီးနုတ်ထွက်သွားရဖူးတယ်။ နောက်ပိုင်း တရားစွဲဆိုခံရတယ်။
– The Guardian ရဲ့ သတင်းဖော်ပြချက်အရ ဗြိတိန်မှာလည်း တရုတ်အစိုးရအတွက် Shadow Policing Operation တွေမှာ ပါဝင်ပတ်သက်မှုနဲ့ တရုတ်အမျိုးသားနှစ်ဦးကို အပြစ်ရှိကြောင်း စီရင်ချက် ချမှတ်ခဲ့တယ်။
– BBC သတင်းတစ်ပုဒ်မှာလည်း မင်ဟက်တန် တရုတ်တန်းက တရုတ်စားသောက်ဆိုင်တစ်ခုမှာ အခြေစိုက်ပြီး တရုတ်အတွက် ဝါဒဖြန့်ပေးနေတဲ့ လျှို့ဝှက်ရဲအဖွဲ့အစည်းလို အဖွဲ့တစ်ခုကို ဖြိုခွဲခဲ့ရတယ်လို့ ဖော်ပြထားတယ်။
– (18. May. 2026) ရက်စွဲနဲ့ The Independent သတင်းစာမှာလည်း တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးမှုသံသယနဲ့ အမျိုးသားတစ်ဦးကို နော်ဝေအစိုးရက ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားတယ်။
– (20. May. 2026) ရက်စွဲနဲ့ DW သတင်းမှာကျ (High-tech သတင်းအချက်အလက်တွေကို လွှဲပြောင်းဖို့ ကြိုးပမ်းတဲ့ မြူးနစ်ဒေသခံ နှစ်ဦးကို) အလားတူ သူလျှိုမှုသံသယနဲ့ပဲ အမျိုးသားနှစ်ဦးကို ဂျာမနီအစိုးရက ဖမ်းဆီးထားကြောင်း သတင်းတက်လာတယ်။
ပြောရရင် အများကြီးရှိသေးတယ်။ ပါဝါနိုင်ငံတွေရဲ့ အားပြိုင်မှုတွေပြင်းထန်လာတာနဲ့အမျှ “သူလျှိုမှုသံသယ” စွပ်စွဲချက်နဲ့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဖမ်းဆီးကြတာဟာ ဘာမှထူးခြားတဲ့ကိစ္စဖြစ်မနေဘူး။ မြေပြင်မှာလည်း ဆဲလ်တွေဟာ သက်ဆိုင်ရာနိုင်ငံကြီးတွေရဲ့ အကျိုးစီးပွားအတွက် သတင်းအချက်အလက်တွေကို ရသမျှ အသည်းအသန်စုဆောင်းကြရမှာပဲ။ ပြိုင်ဆိုင်မှုပြင်းထန်လေ သတင်းအချက်အလက်ကို ပိုအရေးတကြီးလိုအပ်လေ… ပိုကြိုးစားရလေပဲ။ ထို့အတူ အဖမ်းအဆီးလည်း ပိုကြမ်းမှာပဲ။
ဒီနေရာမှာ အေးဂျင့် အစစ်နဲ့ အေးဂျင့်အတွက် သတင်းစုဆောင်းပေးရတဲ့ ဒလံ၊ ထောက်ပံ့ပေးရတဲ့ ဆက်သား ကတော့ မတူဘူးပေါ့။ အေးဂျင့်တစ်ဦးမှာ သူနဲ့အတူ အလုပ်တွဲလုပ်နေတဲ့၊ သူ့အတွက် သတင်းစုဆောင်းပေးရတဲ့သူတွေ အများကြီးရှိတယ်။ အဲဒီသတင်းရင်းမြစ်တွေက ပေးလာတဲ့ သတင်းကိုမှ သတင်းတန်ဖိုးအရ အေးဂျင့်က ပြန်ဝယ်ယူတယ်။ တခါတလေမှာ သတင်းက တိုက်ရိုက်မရဘဲ ရန်သူရဲ့ လှုပ်ရှားမှုအပေါ်မူတည်ပြီး မိမိဘာသာ ကောက်ချက်ဆွဲရတာလည်းရှိတယ်။
ဆိုကြပါစို့… မော့ဆက်မှာဆိုရင် တကယ့်တန်ဖိုးကြီးသတင်းကို (Jumbo) လို့ သင်္ကေတပေးထားတယ်။ Jumbo ဟာ အသက်နဲ့ရင်းရတဲ့သတင်းတစ်ခုလည်း ဖြစ်နိုင်သလို သာမန်လူတစ်ဦးနဲ့စကားစမြည် ပြောရင်းက ဖျတ်ခနဲသိလိုက်ရတဲ့ သတင်းအစအနလေးလည်း ဖြစ်နိုင်တယ်။ တန်ဖိုးကြီးသတင်းဖြစ်တဲ့အတွက် ပေးနိုင်ရင်လည်း မြိုးမြိုးမြက်မြက်ရသလို ပေါ်သွားရင်လည်း ဇာတ်သိမ်းမကောင်းနိုင်ဘူး။ ဒီနေရာမှာ တကယ့် အေးဂျင့်အစစ်နဲ့ သာမန် သတင်းရောင်းစားတဲ့သူနဲ့လည်း တန်ဖိုးက ကွာသေးတယ်။ ဥပမာ – မော့ဆက်ဆိုရင် သူ့ဒလံတွေအတွက် တိုက်ခန်းစီစဉ်ပေးတယ်။ စားဝတ်နေရေး စီစဉ်ပေးတယ်။ သူ့လူဟုတ်မဟုတ်ကိုတော့ (၃-၁-၂) “တံခါးခေါက်သံ” နဲ့ အချက်ပေးတယ်။ အဲဒီလူတွေက အချိန်မရွေး အဖမ်းခံရနိုင်ပေမဲ့ မော့ဆက်က လိုက်ကယ်မှာမဟုတ်ဘူး။ သို့သော်… Eli Cohen အဖမ်းခံရတဲ့ကိစ္စကတော့ မော့ဆက်အတွက် ပြဿနာရှိတယ်။ “တန်ဖိုး” အပေါ်မူတည်ပြီး တုန့်ပြန်မှုကွာတယ်။ သက်ဆိုင်ရာ အစိုးရရဲ့ တုန့်ပြန်မှုအပေါ်မူတည်ပြီး အေးဂျင့်ရဲ့တန်ဖိုးကို ကျွန်တော်တို့ မှန်းကြည့်လို့ရတယ်။ အေးဂျင့်က နှစ်ရှည်လများ လေ့ကျင့်ပေးရတာပါ။ တန်ဖိုးကြီးပါတယ်။
လက်ရှိဖြစ်စဉ်တွေကိုလည်း ကြည့်တတ်ရင် မြင်တယ် ပြောရမှာပဲ။ တချို့ကိစ္စတွေမှာ နိုင်ငံကြီးတွေက သူတို့ပြဿနာနဲ့ သူတို့ရှုပ်ထွေးပြီး သူတို့ဇာတ်ကို သူတို့နိုင်အောင်ထိန်းနေကြချိန်မှာ ကိုယ်က အတင်းဝင်ပြီး စိတ်ခံစားမှုတွေ မလွန်ကဲဖို့လိုတယ်။ လူတစ်ယောက်ကို အကြောင်းပြုပြီး လူထုကြီးရဲ့စိတ်ခံစားမှုတွေလွန်ကဲလာရာက The Witch-hunt လို အလွန်အကျွံတွေဖြစ်မလာဖို့ အရေးကြီးတယ်။ အခုက ပိုပြီး အကဲဆတ်တဲ့ကာလကြီးကို ရောက်နေတာလို့ကို ပြောရမယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့လည်း “မြေရှား၊ Infrastructure နဲ့ ရင်းနှီးမြှုပ်နှံမှု” ဆိုတဲ့ စကားလုံးတွေဟာ လူထုကြား စိတ်ခံစားမှုကို လှုံ့ဆော်နိုင်တဲ့ စကားလုံးတွေဖြစ်နေပြန်တယ်။ ဒီလိုကာလမှာ ဘယ်အရာက ကိုယ့်နိုင်ငံနဲ့သက်ဆိုင်ပြီး ဘယ်အရာကတော့ဖြင့် သူတို့အကျိုးစီးပွားအတွက် သူတို့လုပ်နေတာပါလား ဆိုတာကို ခွဲခြားမြင်တတ်ဖို့လိုပါတယ်။
မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ကျွန်တော့်အမြင်ကတော့ ရိုးရှင်းပါတယ်။ နိုင်ငံတော်ရဲ့ သယံဇာတတွေကို နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် အသုံးချနိုင်တာမျိုးပဲ ဖြစ်စေချင်တယ်။ သူပုန်တွေက သယံဇာတလုပ်ကွက်တွေအပေါ် ခွထိုင်ထားတဲ့ ယခုလိုကာလမှာ ဘယ်သူတွေက ဘာတွေပဲ စုံစမ်းပါစေ နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက်ဖြစ်မယ်လို့ ကျွန်တော် တစ်ထစ်ချမယူဆပါဘူး။ ဒီတော့ စောင့်ကြည့်သူတစ်ယောက်အနေနဲ့ပဲ ရပ်တည်ပါတယ်။
တချို့ကိစ္စတွေအတွက် ချစ်ကြည်ရင်းနှီးမှုပျက်ရမှာလည်း မတန်ဘူး လို့ ယူဆပါတယ်။ ဂုဏ်သိက္ခာရှိတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ပြီး အပြန်အလှန် လေးစားမှုရှိတဲ့ မိတ်ဆွေရင်းတွေဖြစ်ရင်ပဲ မဆိုးပါဘူး။
များမကြာမီ နိုင်ငံတော်သမ္မတရဲ့ တရုတ်နိုင်ငံ ခရီးစဉ်လည်း ရှိတယ်ဆိုတော့ … မြန်မာနဲ့ တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး – တည်တံ့ပါစေ။
သန့်နေစိုး (14. Jun. 2026)
