ရွှေကူမြို့ ပေါ်မှာနေထိုင်ကြတဲ့ ပြည်သူတွေကိုမြို့ပေါ်က နေအမြန်ဆုံးထွက်ခွာကြဖို့ KIA က ဇွန်လ ၈ ရက်နေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်လာပါတယ်။ ဒီကြေညာချက်ကြောင့် မြို့ ခံတွေပြည်သူလူထုများက တော်တော်လေး စိတ်ဒုက္ခရောက်နေကြရပါတယ်။ မိုးတွင်းကာလ သူတို့အိမ်၊ သူတို့မြို့မှာ နေထိုင်ကြတဲ့ အပြစ်မဲ့ပြည်သူတွေကို ဘာလို့အခုလို ဒုက္ခပေးချင်နေရသလဲဆိုတာကို တွေးကြည့်ရင် တော်တော်လေးရင်နာစရာ ကောင်းပါတယ်။ ရွှေကူမြို့နယ်ဆိုတာက လူဦးရေတစ်သိန်းနီးပါးနေထိုင်ကြပြီး ရှမ်းနီနဲ့ ဗမာတိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဗန်းမော်အတိုက်ခံရပြီး မြို့ပျက်လို့ စစ်ရှောင်အဖြစ်နဲ့ပြေးလာကြတဲ့ ဗန်းမော်မြို့ခံ ရှမ်းနီ၊ ရှမ်းလူမျိုးတွေဟာလည်း လက်ရှိ ရွှေကူ မြို့ မှာလာနေကြတာလည်း အများကြီးပဲလို့ သိရပါတယ်။

အဆင်ပြေပြီး ငွေချမ်းသာတဲ့ ဗန်းမော်မြို့ခံတွေကတော့ မန္တလေးအထိ ဆင်းနေကြပေမယ့် မတတ်နိုင်သူ အများစုကတော့ ရွှေကူမှာပဲ နေထိုင်ကြရပါတယ်။ဒီလို အခြေအနေမျိုးမှာ KIA က ရွှေကူကို ထပ်မံခြိမ်းခြောက်လာပြန်တော့ ပြည်သူလူထုက အကြိမ်ကြိမ် ဒုက္ခရောက်ကြရပြန်ပါတယ်။ ရွှေကူမြို့ကို တပ်မတော်ထိန်းချုပ်ထားလို့ အလွယ်တကူ မကျနိုင်ဘူးလို့ဆိုနိုင်ပေမယ့် ဗန်းမော်လို မြို့ဖျက်ဖို့ လာတိုက်ရင်း မြို့ပျက်အောင်တော့ ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် ပြည်သူလူထု စိုးရိမ်သောက ရောက်နေရတာကလည်း မဆန်းပါဘူး။ ပြည်သူလူထုဟာ ၂၀၂၁ ခုနှစ်၊ နိုင်ငံရေး အပြောင်းအလဲကာလ နောက်ပိုင်းနဲ့ သောင်းကျန်းသူရဲ့ ၁၀၂၇ ဆိုးကျိုးတွေကို အလူးအလိမ့်ခံစားခံခဲ့ရပြီး ပြီမို့စိတ်ဒဏ်ရာတွေနဲ့အတူ ဖြတ်သန်းရှင်သန်နေရပါတယ်။ ယခုအချိန်မှာ အခုလို ခြိမ်းခြောက်စာထုတ်ပြီးမြို့ကနေ ထွက်ခိုင်းတာက အမှန်တန်လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီလို KIA က ရွှေကူမြို့နေ ပြည်သူတွေ ထွက်ခွာဖို့ အမိန့်ထုတ်တာနဲ့ပတ်သက်ပြီး ဖြစ်နိုင်တာကို အခုလို အချက် (၃) ချက်နဲ့ ချရေးပြချင်ပါတယ်။

ပထမအချက်ကတော့ ရွှေကူမြို့တိုက်ဖို့ကြေညာချက် ထုတ်တာဖြစ်နိုင်သလို တပ်မတော် စစ်ကြောင်းတွေ စစ်ကူမလာနိုင်အောင် အဟန့်တားသဘောနဲ့ ခြိမ်းခြောက်တာလည်း ဖြစ်နိုင် ပါတယ်။ အထူးသဖြင့် မိုးရာသီကာလ တပ်မတော်စစ်ကြောင်းတွေက ရေကြောင်းရော ကြည်းကြောင်းပါစစ်ချီပြီး ဗန်းမော်ဒေသ ပြန်လည်ထိန်းချုပ်ရေးကို လုပ်လာနိုင်လာလို့ ကြိုတင် ဟန့်တားထားတာလည်း ဖြစ်နိုင်ပါတယ်။ လက်ရှိ အချိန်ထိတော့ KIA ဟာ ဗန်းမော်မြို့ သိမ်းပိုက်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါပေမယ့် ဗန်းမော်မြို့မှာ တပ်မတော်ကို PDF တွေနဲ့ ရင်ဆိုင်ထိန်းချုပ် ထားကြခြင်းဖြင့် မြို့သစ်၊ ဒေါ့ဖုန်းယန်ကနေ ဌာနချုပ်လိုင်ဇာအထိကို လုံခြုံစေပါတယ်။ ဒါကြောင့် စစ်နည်းဗျူဟာ အရဗန်းမော်ကို သိမ်းပိုင်ဖို့ မဖြစ်နိုင်တော့တဲ့အခါ တပ်မတော်ရဲ့ ထိုးစစ်မြားဦး ကျွံမဝင်လာစေရေးအတွက် လိုင်ဇာကို ကာရံထားတဲ့သဘောကျင့် သုံးလာခဲ့တယ်။

ဗန်မော်ဟာ လိုင်ဇာရဲ့ မဟာဗျူဟာမြောက် ကာကင်းပုံစံဖြစ်လာတော့ ဗန်းမော်ကို ရေရှည် ထိန်းချုပ်ဖို့အရေးကြီးလာတယ်။ ဗန်းမော်ကို ရေရှည်ထိန်းချုပ်နိုင်ဖို့အတွက် ဗန်းမော်မြို့ဆီ စစ်အင် အားအလုံးအရင်းနဲ့ စစ်ကူပစ်ကူတွေ ရောက်မလာဖို့ လိုလာတယ်။ ဒါကြောင့် ရွှေကူမြို့ ကို ဒုက္ခထက်ပေးလိုက်ခြင်းဖြင့် လိုင်ဇာကာကင်းဖြစ်တဲ့ ဗန်းမော်ကို ရေရှည်ထိန်းချုပ်နိုင်မယ်လို့ ယူဆထားပုံလည်း ရပါတယ်။ ဗန်းမော်ကို စတိုက်စကတော့ အချက်အချာကျတဲ့ ဗန်းမော်မြို့ကို သိမ်းပိုက်ပြီး ကျယ်ဝန်းတဲ့ လွတ်မြောက်နယ်မြေကြီးထူထောင်ဖို့ ရည်မှန်းခဲ့သလို ဂွမ်မော် ကလည်း ဗန်းမော်က သူတို့အတွက်အရေးကြီးလို့ ဘယ်လောက် ကြာကြာ တိုက်ရ၊ တိုက်ရ ရအောင်တိုက်ပါမယ်ပြောဖူးပါတယ်။ လက်တွေ့မှာတော့ တပ်မတော်ရဲ့ မာကျောလှတဲ့ ဗန်းမော်စံစစ်နဲ့တွေ့ပြီး ဗန်းမော်ဟာ PDF တွေနဲ့ KIA တွေရဲ့ သင်္ချိုင်းမြေဖြစ်လာ တဲ့အခါ ဗန်းမော်ကို သိမ်းပိုက်ရယူဖို့ထက် ရင်ဆိုင်ထိန်းချုပ်တဲ့ ဗျူဟာဆီကို ကူးပြောင်းသွားတယ်လို့ မြင်မိပါတယ်။ ဒါကြောင့် ဗန်းမော်ကို ရေရှည်တောင့်ခံနိုင်ဖို့အတွက် ရွှေကူကိုဆက်လက် ဒုက္ခပေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရွှေကူမြို့ခံတွေကိုထွက်ခွာဖို့ ကြေညာထုတ်တာလည်း ဖြစ်နိုင်ပါတယ်။

ဒုတိယအချက်က KIA ရဲ့ ထုတ်ပြန်ချက် သုံးချက်ထဲမှာ ရွှေကူကနေ သူတို့သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းအတိုင်း ထွက်ခွာဖို့ထည့်သွင်းကြေညာထားပါတယ်။ သူတို့သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းကတော့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာအသုံးပြုရမယ်လို့ ဆိုထားတဲ့အပြင် ပိတ်ပင်ထားတဲ့ ကျန်တဲ့လမ်းအပိုင်းကို အသုံးပြုပါက လုံးဝတာဝန်မယူဘူးလို့ ဆိုထားပါတယ်။ ဒီအချက်တွေက ဘာကိုပြနေသလဲဆိုရင် တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်ရောက်နေတဲ့ ရွှေကူမြို့ထဲဝင်မရတဲ့အခါ လူထုကို သူလိုချင်တဲ့ လမ်းကြောင်းထဲ မောင်းသွင်းတဲ့ ပုံစံဖြစ်နေတယ်။ ဘာကြောင့် မောင်းသွင်းသလဲ မေးရင်တော့ ရေရှည်စစ်ပွဲဆင်နွှဲခဲ့တဲ့ အကျိုးဆက်ကြောင့် လူသစ်ရှားပါးလို့ အရွယ်ကောင်း လူငယ်တွေကို လူသစ်စုချင်လို့ ဖြစ်ပါလိမ့်မယ်။ ပြည်တွင်းသူပုန်ထဲမှာ ဥာဏ်နီဥာဏ်နက် အများဆုံးသူပုန်က KIA ဖြစ်နေလို့ အဘက်ဘက်ကနေ တွေးတောပြီး ပြင် ဆင်ထားနိုင်ဖို့လိုပါတယ်။

တတိယအချက်ကတော့ ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) လူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးအပါအဝင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ တို့ ဇွန်လ ၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲ မှာ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နှင့် ရှမ်းနီအမျိုးသား များညီညွတ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) စဝ်စိုင်းကမ်၊ ဗဟိုကော် မတီဝင် စဝ်ဆေကောင်းဆိုင်၊ တွဲဖက်အတွင်းရေးမှူး စပ်ဆေဝမ်းမှ၊ အလှည့်ကျ ဗဟိုကော်မတီဝင် စဝ်ပိုင်းလင်းအောင်၊ ဗဟိုအကြံပေး စဝ်ဆေအိုက်ဝိုင်းဟန်တို့ပါဝင်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက် ခဲ့ကြသလို ဆွေးနွေးမှုတွေမှာလည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်း နေထိုင်ကြတဲ့ ရှမ်းနီ (တိုင်းလျန်၊ တိုင်း လိုင်) တိုင်းရင်းသားများရဲ့ နေထိုင်မှုအခြေအနေအရ ဥပဒေ နှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးဆောင်ရွက်လာတာမို့ KIA တို့ အရှိုက်ထိသွားပုံရပါတယ်။

ရှမ်းနီလူမျိုးတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပေးဖို့အစိုးရက လုပ်ဆောင်လာတဲ့အပေါ် လူမျိုးရေးအရမကျေနပ်လို့ ရှမ်းနီ လူမျိုးအများစုနေထိုင်ရာ ရွှေကူမြို့ ကိုလည်း ဗန်းမော်လို ထပ်ဖျက် ဖို့ ခြိမ်းခြောက်တဲ့သဘောလို့ သုံးသပ်မိပါတယ်။ KIA ဟာ အင်မတန် လူမျိုးစွဲ ကြီးသလို သံသယလည်း အလွန်ကြီးပါတယ်။

လူမျိုးစွဲကြီး ပြီး ကချင်ပြည်နယ်ထဲ မြေပြန့်ဒေသ က ရှမ်းနဲ့ ရှမ်းနီတွေရဲ့ မြို့ ရွာ ဒေသတွေကို အတင်းအဓမ္မ နယ်မြေချဲ့ ယူဖို့ လုပ်ရာကနေ ရှမ်းနီလူမျိုးတွေလည်း မခံနိုင်တော့ လို့ နှစ်ကာလ အတန်ကြာကြိုစားခဲ့ရက အခုဆိုရင် ရုပ်လုံးပေါ်လာနေပြီး ဖြစ်ပါ တယ်။ ဒီအချက်ဟာ KIA အတွက်တော့ အလွန်ကြီးမားတဲ့ မဟာဗျူဟာ ထိုးနှက်ချက်ကြီး ဖြစ်ခဲ့တယ်ဒါ့ကြောင့် KIA ဟာ ရှမ်းနီ လူမျိုးအများစု နေထိုင်တဲ့ ရွှေကူကို ဒုက္ခပေးတော့မယ့် အကြောင်း ထုတ်ပြန်လာတယ်လို့လည်း ရှုမြင် မိပါတယ်။ဘယ်လိုပဲ ဖြစ်ပါစေ၊ လူမျိုးစွဲကြီးလွန်းတဲ့ KIA ဟာ ရေရှည်အောင်မြင်ဖို့ မလွယ်ကူပါဘူး။ လတ်တလော ကချင်ပြည်နယ်ထဲမှာ နယ်မြေ တချို့ ရထားခဲ့တယ်ဆိုတာကလည်း ဗမာလူငယ် PDF တွေကို လူလည်ကျ၊ အသုံးချပြီးခေတ္တရယူထားခြင်းဖြစ်လို့ နည်းဗျူဟာအဆင့် အောင်မြင်မှုသာ ဖြစ်ပါတယ်။ အခုတော့ ကချင်ပြည်နယ်ထဲမှာ ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကြီး ပေါ်လာတော့မှာမို့ KIA အတွက်တော့ မဟာဗျူဟာမြောက်ထိုးနှက်ခံရမှုနှင့်အတူ ရေရှည်မဟာဗျူဟာမြောက်ရှုံးဆုံးမှုကြီးနဲ့ ခံရနိုင်ပါတယ်။

သမိုင်းကို ပြန်ကြည့်ရင် ကချင်ဟာပြည်နယ်မရှိခဲ့ပါဘူး။ အင်္ဂလိပ်အစိုးရခေတ် ၁၉၃၅ အက်ဥပဒေမှာ ကချင်ဟာ တောင်တန်းဒေသပဲ ရှိပါတယ်။ အင်္ဂလိပ်ကကချင်နဲ့ရှမ်းနီကိုနယ်မြေခွဲ ပေးထားတာရှင်းပါတယ်။ ကချင်ပြည်နယ်ထဲ တောင်တန်းဒေသတွေဟာ ကချင်တောင်တန်းဒေသဖြစ်ပြီး မြေပြန့်လွင်ပြင်မှန်သမျှဟာ ရှမ်းနီလူမျိုးတွေရဲ့ ဒေသဖြစ်ပါတယ်။ လွတ်လပ်ရေးရခါနီး ၁၉၄၇ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ မြေပြန့်လွင်ပြင်ရှိတဲ့ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်ဒေသတွေကို ကချင်ပြည်နယ်ထဲ ထည့်ပေးဖို့ ကချင်ခေါင်းဆောင် ဒူးဝါးဇော်လွန်က ဗိုလ်ချုပ်အောင်ဆန်းကို အကျပ်ကိုင်လို့ ကချင်ပြည်နယ်ထဲ ထည့်လိုက်ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဒေသတွေကို ရှမ်းနီဒေသထဲ ထည့်မလား၊ မထည့်ဘူးလားဆိုတာကိုတော့ လွှတ်တော်ထဲမှာ ဥပဒေနဲ့အညီ မကြာမီ ဆောင်ရွက်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

လူမျိုးစွဲပြင်းထန်လွန်းတဲ့ KIA ဟာ ခေတ်မီမီ ကမ္ဘာကြည့်မကြည့်တတ်ပါဘူး။ KIA ကိုယ်ကျိုးအတ္တကိုသာ ရှေ့တန်းတင်ထားလေ့ရှိပါတယ်။ ကချင်လူမျိုးချင်းတူရင်တောင် ဂျိမ်းဖောကိုပဲ ကမ္ဘာသိဆိုပြီး ပြောဆိုတတ်တဲ့ KIA ဟာ ကျန်တဲ့ ကချင်မျိုးနွယ်စုတွေကို နှိမ်လေ့ရှိပါတယ်။ ဒါ့ကြောင့် KIA ထဲမှာ လည်း ဂျိမ်းဖော တွေပဲ ကြီးစိုးနေသလို ဂျိမ်းဖောတွေ ရာထူး နေရာရကြပါတယ်။ ဒါ့အပြင် KIA ဟာ သူ့အတွက် အကျိုးမရှိရင် ABSDF တွေရဲ့ပါဂျောင် လူသတ်ပွဲကိုတောင် လက်ခုပ်တီးပြီး ထိုင်ကြည့်နေတဲ့သာဓကတွေရှိခဲ့သလို ၁၉၉၄ ခုနှစ်မှာ အစိုးရနဲ့အပစ်ခတ်ရပ် စဲရေးလုပ်တော့ မြောက်ပိုင်းကျောင်းသားတပ်မတော် ABSDF တွေကို သူတို့နယ်မြေထဲကနေ အပြီးတိုင်းမောင်းထုတ်ခဲ့ဖူးတဲ့ သာဓကလည်းရှိခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဒီကနေ့ KIA ထဲ ရောက်နေတဲ့ ဗမာ PDF တွေကလည်း KIA ကို သံသယနဲ့ စောင့်ကြည့်နေသလို KIA ကလည်း PDF တွေကို အပြန်အလှန် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ အခုလည်း KIA ဟာ ရှမ်းနီလူမျိုးတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပေးမယ့် အပေါ် အကြီး အကျယ်မကျေနပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ရွှေကူအပါအဝင် ရှမ်းနီလူမျိုးများ နေထိုင်ရာဒေသတွေကို နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက်နှောင့်ယှက်လာတာ ဖြစ်ပါတယ်။

တစ်ဘက်မှာလည်း ဗန်းမော်တိုက်ပွဲမှာ အကျဆုံးများပြီး မတိုက်တော့တဲ့ ဗမာ PDF တွေအပေါ် ကိုလည်း အကြီးအကျယ် ဒေါသူပုန်ထနေတယ်လို့ သိရပြန်ပါတယ်။ အထူးသဖြင့် KIA ဖွဲ့စည်းပုံအရ တပ်စိတ်တစ်စိတ်မှာ ဂျိမ်းဖောလူမျိုးတစ်ယောက်၊ ဗမာ PDF ကိုးယောက်ဆိုပြီး ဖွဲ့စည်းကာ ဗန်းမော်ကို ရင်ဆိုင်ခိုင်ထားတဲ့ ပုံစံကိုလည်း ဗမာ PDF တွေက နားလည်သဘောပေါက်လာတာမို့ မတိုက်တာဖြစ်ကြောင်းလည်း ပြန်လည်ကြားသိရပါတယ်။ ဒါကတော့ ကချင်ပြည်နယ်ထဲမှာ KIA ရဲ့ အရှုပ်အထွေး ပြဿနာတွေဖြစ်ပြီး မကြာမီ ဖားနှင့်ငါး ကွဲပြားစွာ မြင်တွေ့ရဖို့ ရှိပါတယ်။

အနှစ်ချုပ်ဆိုရလျှင် ရွှေကူကနေ ပြည်သူလူထုကို နှင်ထုတ်နေတဲ့ KIA ဟာ စစ်နည်းဗျူဟာအရ ဟန့်တားလိုခြင်းနှင့် ဗန်မော်ကို ရေရှည်ထိန်းချုပ်လိုခြင်း၊လမ်းကြောင်းကန့်သတ်ပြီး စစ်အင်အားအတွက် လူသစ်စုဆောင်းလိုခြင်း၊ ရှမ်းနီကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသကိစ္စအပေါ် လူမျိုးရေးအရ တုံ့ပြန်ခြိမ်းခြောက်ခြင်းတို့ကြောင့် ကြေညာခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ကချင်မျိုးနွယ်စုအချင်းချင်းအပေါ် နှိမ်ချဆက်ဆံခြင်းနှင့် ယခင်အတိတ် သမိုင်း (ဥပမာ- ABSDF အပေါ် ဆက်ဆံခဲ့မှုများ) ကြောင့် KIA အပေါ် PDF တွေပလည်း ယုံကြည်မှု ပျက်ပြားလာကြ တယ်။ KIA အညှာကိုင်ထားတာက NUG ခေါင်းဆောင်အချို့နဲ့ NLD လွှတ်တော် ကိုယ်စားလှယ် ဟောင်းတစ်ချို့ကို လိုင်ဇာမှာငွေကြေးစည်းစိမ်ဥစ္စာ၊ အမျိုးသမီးတွေပါမကျန် ပြည့်စုံအောင်ထား ပေးကာမျှားထားပြီး PDF တွေ အသေခံတိုက်ပွဲဝင် နိုင်ရေးဖိအားပေးလျက်ရှိပါတယ်။

ခြုံပြောရရင်တော့ လက်တလော KIA ရင်ဆိုင်နေရတဲ့ ပြဿနာတွေက တော်တော်လေး ကြီးမားနေသလို အစထဲက သန္ဓေမမှန်ဘဲ ဗမာ PDF တွေကို ကစားခဲ့၊ အသုံးချခဲ့တာ ဖြစ်လို့ တဖြည်းဖြည်း အခြေယိုင်လာတာ တွေ့လာရပါတယ်။ ဒီပုံစံတိုင်းဆိုရင် တဖြည်းဖြည်း အခြေယိုင်လာနေတဲ့ KIA ဟာ အနှေးနဲ့အမြန်ဆိုသလိုလဲပြိုသွားနိုင်တာမို့ ကိုယ့်ဘက်ကနေ စစ်ရေးအရ ရော နိုင်ငံရေးအရပါ ဆက်လက်ဖိအားပေးနေဖို့လိုကြောင်း အကြံပြုလိုက်ရပါတယ်။