နံ့သာချစ်သူ(ရေနံချောင်း)
၂၀၂၆ခုနှစ် ၊ ဇွန်လ( ၂၆ ) ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကလော မဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်က အာဆီယံဘုံသဘောတူညီချက် ငါးရပ် ASEAN -FIVE POINT STATEMENT သည် အာစီယံအဖွဲ့အတွင်းက မြန်မာနိုင်ငံရဲ့ တန်တူရည်တူရှိမှုကို ထိခိုက်စေပြီး “တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရ”ဟူသော အာဆီယံအခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေး အခြေအနေများနှင့် ကိုက်ညီမှုမရှိသည့်အတွက် ပြည်ထောင်စုအစိုးရအနေနှင့် လိုအပ်သလို သုံးသပ်ဆောင်ရွက်ပေးနိုင် ပါရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းသွားတာကို တွေ့လိုက်ရပါတယ်။ ဒေါက်တာ နန္ဒာလှမြင့်ကို မီဒီယာများက INTERVIEW မေးကြရာမှာတော့ အာဆီယံပဋိညာဉ်မှာ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားနိုင်ငံတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရဆိုတဲ့ မူရှိတယ်။ ဒီနေ့ အာဆီယံရဲ့ထုတ်ပြန်ချက်နှင့် လက်တွေ့ဆောင်ရွက်ချက်တွေဟာ အခြေခံမှုကို ကျော်လွန်နေပြီး အာဆီယံပဋိညာဉ်ကို ချိုးဖောက်နေသလို ဖြစ်နေတယ်။ ဒီလုပ်ရပ်တွေဟာ လက်သင့်ခံထိုက်တဲ့ အနေအထားမဟုတ်ဘူးလို့ ” ဖြေသွားတယ်လို့ သိရပါတယ်။
၂၀၂၅/၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ELECTION က ရွေးကောက်ခံပါတီတစ်ရပ် အနေနှင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုအစိုးရရယ်လို့ တရားဝင်ရပ်တည်ခွင့်ရလာတဲ့အနေအထားမှာ ပြည်ထောင်စုအစိုးရကို ပြည်ထောင်စုလွှတ်တော်က တစ်ဆင့်ဥပဒေနဲ့ အညီ တိုက်တွန်းတဲ့ အဆိုတစ်ရပ်ပဲ ဖြစ်ပါတယ်။ အာဆီယံအသင်းကြီးအနေနဲ့ မြန်မာနိုင်ငံကို ခွဲခြားဆက်ဆံမှုပြုခဲ့တာဟာ အာဏာထိန်း “နစက – တပ်မတော်အစိုးရ လက်ထက်မှသည် ယနေ့ပြည်သူများက ရွေးကောက်တင်မြှောက်ပေးလိုက်ကြတဲ့ ပြည်ထောင်စု အစိုးရဖြစ်လာချိန်အထိလို့ ပြောရမှာ ဖြစ်ပါတယ်။ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုကို ပြောရမည်ဆိုပါလျှင် ၂၀၂၆ ခုနှစ်၊ – ဇွန်လ (၁၆) ရက်မှ (၁၉) ရက်အထိ ရုရှားနိုင်ငံမှာ ကျင်းပတဲ့ ရုရှား + အာစီယံ အစည်းအဝေးသို့ ရုရှားက မြန်မာခေါင်းဆောင်ကို ဖိတ်ကြားဖို့ ဆန္ဒပြုပါသော်လည်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက သဘောမတူလို့ မြန်မာခေါင်းဆောင်ကို မဖိတ်ရတာဖြစ်ကြောင်း သတင်းများလည်း ကြားနေရပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုပြုနေကြခြင်းသည် ဒီမိုကရေစီ နည်းလမ်းတကျဆန္ဒမဲပေးခဲ့ကြသော မြန်မာပြည်သူများရဲ့ သဘောထားကို လျစ်လျူရှုရာ ရောက်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ မေလ (၁၀) ရက်နေ့က သဘောထားထုတ်ပြန်မှုပြုခဲ့တာကို တွေ့ရပါတယ်။ ထုတ်ပြန်ချက်ထဲမှာ စိတ်ရှည်သည်းခံမှု၊ ပြည်သူ့ဆန္ဒကို လျစ်လျူရှုမှု၊ ပြည်တွင်းရေးစွက်ဖက်မှု၊ အဖွဲ့ဝင်နိုင်ငံအများစုကို ကျေးဇူးတင်ရှိမှု၊ ရှေ့လုပ်ငန်းစဉ်နှင့် ရပ်တည်ချက်ဆိုတဲ့ အပိုင်းလိုက်ဖော်ပြသင့်တာတွေကို ဖော်ပြသွားတာကို တွေ့ရပါတယ်။ ရှေ့လုပ်ငန်းစဉ်နှင့် ရပ်တည်မှုအပိုင်းကို ထုတ်ပြန်ချက်ပါအတိုင်း အသေးစိတ်ကို ဖေါ်ပြရပါလျှင် “မြန်မာနိုင်ငံအနေဖြင့် ပကတိအခြေအနေများအပေါ်မူတည်၍ မိမိနိုင်ငံနှင့် ကိုက်ညီသည့် မြန်မာ ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့်သာ ငြိမ်းချမ်းရေး တည်ငြိမ် ရေးနှင့် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးအကျိုးစီးပွားများကို ဆက်လက် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာနက ပြတ်သားစွာ ထုတ်ပြန်ခဲ့တာကို တွေ့လိုက်ရပါတယ်။ အလုပ်မဖြစ်တဲ့ အာဆီယံဘုံသဘောတူညီမှု ငါးရပ်ကို ဘေးဖယ်ထားလိုက်တော့မယ့်သဘောလို့ မြင်ပါတယ်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ကစပြီး နိုင်ငံတော်ရဲ့အာဏာကို ထိမ်းလိုက်ရတဲ့ နစက တပ်မတော်အစိုးရလက်ထက်နှင့် ၂၀၂၅/၂၀၂၆ ဧပြီလ (၁၀) ရက်နေ့မှာ သမ္မတကို ရွေးချယ် တင်မြှောက်ပြီး ပြည်ထောင်စုအစိုးရသစ်ကို ဖွဲ့စည်း၍ နိုင်ငံတော်ရဲ့စီမံအုပ်ချုပ်မှုယန္တရားကို အစိုးရသစ်က မောင်းနှင်နေသည့်အချိန်အထိ အာဆီယံအဖွဲ့ကြီးက မြန်မာနိုင်ငံနှင့် ပြည်ထောင်စု အစိုးရအပေါ်ဖိနှိပ်တဲ့ ခွဲခြား ဆက်ဆံ မူတွေ ပြုမြဲ ပြုနေတာကို တွေ့ရပါတယ်။ နိုင်ငံကို ချုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေကတော့ အာဆီယံရဲ့လုပ်ရပ်အပေါ် နာလိုခံခက် ဒေါသထွက်နေကြတာကတော့ အမှန်ပဲဖြစ်ပါတယ်။ အာဆီယံအဖွဲ့ကြီးက မြန်မာနိုင်ငံကို ဘယ်လိုဘယ်ပုံ အထောက်အထားတွေနဲ့ ခွဲခြားဆက်မှု ပြုနေကြတယ်ဆိုတာကို သိရဖို့ အာဆီယံပဋိညာဉ် (ASEAN – CHARTER) ကို ထဲထဲဝင်ဝင် လေ့လာမှုပြုခဲ့ရာ အာဆီယံပဋိညာဉ်မှာ အခန်း (၁၃) ခန်းနှင့် အပိုဒ် (၅၅) ပိုဒ် ပါတာကိုတွေ့ရပါတယ်။ အဓိက အားဖြင့်-
1-ASEAN-SUMMIT (ထိပ်သီးအစည်းအဝေး)
2-ASEAN-COORDINA TING COUNCIC
3-COMMUNITY COUNCILS
4-ASEAN -SECRETARIAT
5- SECRETARY-GENERAL
6-DISPUTE-SETTLE MENT MECHANISM
7-EXTERNAL RELATIONS တို့ကို အပိုင်းလိုက် လုပ်ပိုင်ခွင့်နှင့် တာဝန်များ သတ်မှတ်ထားတာကို တွေ့ရပါတယ်။
အာဆီယံ အခြေခံမူများ (PRINCIPLES)ရဲ့ အပိုဒ် (၂) မှာတော့
၁။ အဖွဲ့ဝင် နိုင်ငံများ၏ အချုပ်အခြာ အာဏာကို လေးစားရန်
၂။ နယ်မြေ တည်တံ့ခိုင်မြဲရေးကို လေးစားရန်
၃။ အခြား နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် (NON- INTER FERENCE)
၄ ။ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်
၅ ။ အင်အားသုံခြင်း (သို့မဟုတ်) အင်အားသုံးမည်ဟု ခြိမ်းခြောက်ခြင်း မပြုရန်
၆ ။ နိုင်ငံတကာဥပဒေနှင့် (UNETED NATIONS) ပဋိညာဉ်ကို လိုက်နာရန်
၇ ။ မတူညီသော ဘာသာ စကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုများကို လေးစားရန်
၈ ။ ဆုံးဖြတ်ချက်များကို ဆွေးနွေးမှုနှင့် (CONSENSUS) ဖြင့် ချမှတ်ရန်စတဲ့ အချက် (၈) ချက်ကို တွေ့ရပါတယ်။
အာဆီယံအဖွဲ့ကြီးရဲ့ ရေးရာကိစ္စမှန်သမျှကို အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေ အားလုံးပါဝင်တဲ့ ထိပ်သီး အစည်းအဝေး (ASEAN-SUMMIT) မှာ ဆွေးနွေးပြီး အားလုံးသဘောတူညီမှု (CONSENSUS) ဖြင့်သာ အတည်ပြုဆုံးဖြတ်ကြတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဘုံသဘောတူညီမှု ငါးရပ်ကို ချမှတ်တာ မြန်မာခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်မပေးဖို့ ဆုံးဖြတ်တာတို့ဟာ အဖွဲ့ဝင် (၁၀) နိုင်ငံ ပေါင်းဆောင်များ စုံညီမပါတဲ့ အစည်းအဝေးက ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ဖို့ ဘုံသဘောတူညီချက်လို့ဆိုလို့ ရနိုင်ပါမလားလို့ မေးလိုက်ချင်ပါတယ်။ အဖွဲ့ဝင် ကိုးနိုင်ငံ ခေါင်းဆောင်တွေနှင့်လည်း ဘုံသဘောတူညီချက် ထုတ်ပြန် လို့ရတယ်ဆိုရင်တော့” ကိုယ်ပေါ့ဖို့ ကြောင်ရုပ်ထိုးတာ ဆေးအတွက်လေး ” ဆိုသလို ဖြစ်တော့မှာ ပါ။
ဘာကြောင့်ပါလဲ –
အာဆီယံအဖွဲ့ဝင် ကိုးနိုင်ငံက ခေါင်းဆောင်တို့ဟာ မြန်မာနိုင်ငံနှင့်ပတ်သက်တဲ့ အာဆီယံဘုံ သဘောတူချက်ငါးရပ်ကို ချမှတ်ရာမှာ အာဆီယံအခြေခံမူ PRINCIPLES – ရှစ်ချက်ထဲက အဖွဲ့ ဝင် နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားရန်ဆိုတဲ့အချက်နဲ့ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် (NON-INTERFERENCE) ဆိုတဲ့အချက်တို့ကို အာဆီယံအဖွဲ့ဝင် ကိုးနိုင်ငံက နိုင်ငံခေါင်းဆောင် အားလုံးက မျိုးဖောက်လိုက်ကြတယ်လို့ မြင်ပါတယ်။
အချုပ်အားဖြင့်ရေးရပါသော် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့က နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ဦးစီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက “အာဆီယံ ထိပ်သီးအစည်းအဝေးကို သမ္မတကြီး တက်မှာလား အမေးကို ပြောရေးဆိုခွင့်ရှိသူက ဖိတ်မှာလား ” ဆိုတဲ့ တန်ပြန်မေးခွန်းမေးသွားတာကိုလည်းတွေ့ လိုက်ရပါတယ်။ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ မေးစကား၊ ပြောစကားများအရ မြန်မာပြည်ထောင်စုအစိုးရအနေနဲ့ အာဆီယံအဖွဲ့ကြီးနဲ့ ထဲထဲဝင်ဝင် ပြန်လည်ဝင်ဆံ့ရေးကို အာရုံထား ဆောင်ရွက်နေတာကို မြင်သာ ထင်ရှားရှိလှပါတယ်။
စာရေးသူရဲ့ ရင်တွင်းခံစားချက်ကို တင်ပြရမယ်ဆိုရင် နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာကို နားမလည်ဘူးလို့ ဆိုချင်ဆိုကြပါစေ လူမှုဆက်ဆံရေးနယ်ပယ်မှာ တွင်ကျယ်စွာ သုံးနေကတဲ့ စကားဖြစ်တဲ့ “မဖိတ်ရင် – -မသွားနဲ့၊ မပေးရင် – မယူနဲ့၊ မလိုအပ်ဘဲ အကြာကြီး စောင့်ခိုင်းနေရင် – ထပြန်၊ ကိုယ့်မှာလည်း – တန်ဖိုးရှိတယ်၊ ကိုယ့်ကို တန်ဖိုးထားတဲ့ ဝန်းကျင်မှာသာ ရှင်သန်ပါ” ဆိုတဲ့ စကားရပ်များကို စံ ထားပြီး ၂၀၂၆ ခုနှစ်၊ မေလ (၁၀) ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သဘောထား ထုတ်ပြန်ချက်မှာပါတဲ့ “မြန်မာနိုင်ငံအနေဖြင့် ပကတိအခြေအနေများအပေါ်မှာသာ မျက်နှာမူပြီး မိမိနိုင်ငံနှင့် ကိုက်ညီသည့် “မြန်မာ ဦးဆောင်သော မြန်မာကိုယ်ပိုင်လုပ်ငန်းစဉ်” များဖြင့်သာ ငြိမ်းချမ်းရေး/တည်ငြိမ်ရေးနှင့် နိုင်ငံသားများ၏ အခြေခံအခွင့်အရေး အကျိုးစီးပွားများကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားမည်ကြောင်း” နိုင်ငံခြားရေး ဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်ကို ယုံကြည်လေးစားအားထားပါကြောင်း လက်သည်းအဆိတ်ခံရလို့ လက်ထိပ်နာ ခံစားချက်ဖြင့် အကြံပြုရေးသားတင်ပြလိုက်ပါတယ်။ ။
