စာရေးသူတို့ မြန်မာ့လူအဖွဲ့အစည်း၏ စံပြုနိုင်ငံရေးဓလေ့က လက်နက်ကိုင်လမ်းစဉ်ဖြစ်ခဲ့သည်ကို ထဲထဲဝင်ဝင်လေ့လာကြည့်လျှင် တွေ့မြင်ရမည်ဖြစ်ပါသည်။ လူမျိုးနွယ်စုတိုင်းက မြန်မာတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကိုအားကျပြီး လွတ်မြောက်ရေးကို ကြိုးပမ်းဖို့မသင့်ကြသလို ကိုလိုချင်တာရရန် လက်နက်ကိုင်မှဖြစ်မည်၊ လက်နက်ကိုင်မှရလိမ့်မည်ဟူသောအယူအဆကို ဆွဲကိုင်မထားသင့်ပါ။ ဤကဲ့သို့ လက်နက်ကိုင်လမ်းစဉ် အယူအဆကို ခေါက်ရိုးကျိုးခဲ့ခြင်းကြောင့်လည်း ခေတ်အဆက်ထက် အစိုးရတိုင်းရင်ထိုင်ခဲ့ရသည့် အဓိကပြဿနာသည် လက်နက်ကိုင်လမ်းစဉ်ဖြစ်ခဲ့သကဲ့သို့ ပြည်သူလူထုကလည်း လက်နက်ကိုင်လမ်းစဉ်၏ အကျိုးဆက်ကို ခါးသီးပြီးခံခဲ့ရသည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း(၈ဝ)နားပင် ရောက်လာခဲ့ပြီး ဖြစ်ပါသည်။
မြန်မာတို့၏ စံပြုနိုင်ငံရေးဓလေ့ကို ပုံသွင်းလိုက်သည်က ကလေးများကို ငယ်ဘဝတွင် သင်ကြားခဲ့ရသည့် သမိုင်းသင်ခန်းစာများလည်းပါခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရပြန်သည်။ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးဆိုသည့် ခေါင်းစဉ်အောက်က သင်ကြားခဲ့ရသော သမိုင်းသင်ခန်းစာများကလည်း လက်နက်ကိုင်လမ်းစဉ်ကို မသိမသာတွန်းပို့သကဲ့သို့ ဖြစ်ခဲ့ရသည်။ လိုချင်တာရဖို့အတွက် လက်နက်ကိုင်ပြီး တိုက်ယူရမည်ဆိုသည့် အယူအဆက စာရေးသူတို့ လူ့အဖွဲ့အစည်းကို စတင်ပုံသွင်းပေးခဲ့သည့် နိုင်ငံရေးဓလေ့ အမှားတစ်ခုဖြစ်နေမှန်း ဆန်းစစ်လေ့လာကြည့်တော့မှ တွေ့ရပါတော့သည်။
စာရေးသူ ငယ်ငယ်တုန်းက မြန်မာတို့၏ လက်နက်ကိုင်တော်လှန်ခဲ့သည့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို အားကျခဲ့ဖူးပါသည်။ ဤသည်မှာ(၁၀)တန်းအောင်ပြီးစအထိ ဖြစ်ပေါ်ခဲ့ရသည့် ခံစားချက်၊ ခံယူချက်ဖြစ်ပါသည်။ နောက်ပိုင်း တက္ကသိုလ်တွင် သမိုင်းမေဂျာယူခဲ့ရ၍ သမိုင်းအကြောင်း လေ့လာခွင့်ရခဲ့သလို စစ်သင်တန်းတွေမှာလည်း စာတမ်းတွေပြုစုတော့ မြန်မာ့သမိုင်းအား ထပ်ပြီးလေ့လာ ခွင့်ရခဲ့ပြန်ပါသည်။ ပိုပြီးကံကောင်းစေတာက စစ်ဦးစီးတက္ကသိုလ် NDC တို့ တက်ခွင့်မရခဲ့သော်လည်း Opw NDC စာတမ်းတွေကို ဝိုင်းဝန်းကူညီပြုစုပေးရင်းနှင့် ကျမ်းတော်တော်များများကိုဖတ်ခဲ့ဖူးသလို အချို့ကျမ်းများကိုလည်း ဝိုင်းဝန်းကူညီပြုစုရေးသား ခဲ့ရဖူးပါသည်။
ဤတွင် ဂျပန်ဗိုလ်ချုပ်ကြီး အီးဒါးရဲ့ မြန်မာပြည်ထိုးစစ်၊ ဂျပန်ဗိုလ်ချုပ်ကြီး မူဒါဂူချီ၏ အင်ဖာကိုဟီးမား စစ်ဆင်ရေး၊ ဗြိတိသျှဗိုလ်ချုပ်ကြီး ဆာဝီလီယံစလင်း၏ အမှတ်(၁) မြန်မာတပ်မကြီးခွာစစ်၊ ဗြိတိသျှမဟာမိတ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအလက်ဇန္ဒြား၏ မြန်မာပြည်ခွာစစ် စသည့် စာအုပ်များကျမ်းများကို ဖတ်လိုက်ရ ပြုစုလိုက်ရသည့်အခါမှပင် သဘောပေါက်တော့သည်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့မြေပေါ်၌ အင်္ဂလိပ်နှင့်ဂျပန်တို့ အစွမ်းကုန်တိုက်ပွဲဖြစ်ခဲ့ကြရခြင်း၏ အကျိုးဆက်အဖြစ် နိုင်ငံရေး စစ်ရေးရလဒ် အပြောင်းအလဲဖြစ်စေခဲ့သည်။ ဂျပန်ပြန်အထွက် အင်္ဂလိပ်ပြန်အဝင်မှာလည်း ထိုနည်းတူပင် ဖြစ်ခဲ့ရသည်။ ဂျပန်နှင့် အင်္ဂလိပ်တို့သည် အဓိကဇာတ်ဆောင်နေရာက ပါဝင်ခဲ့ကြသည်။
ဤသို့ရေး၍လည်း မြန်မာတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို မှေးမှိန်စေလိုခြင်းကြောင့် မဟုတ်ပါ။ အဆိုးအကောင်း ဒွန်တွဲနေသည့် သဘောသဘာဝနှင့်အညီ ကောင်းကျိုးက လွတ်လပ်ရေးရခဲ့သည်မှာ ငြင်း၍မရပါသော်လည်း ဆိုးကျိုးအဖြစ် လက်နက်ကိုင်လမ်းစဉ်ကြီးအမြစ်တွယ် ကျန်ရစ်ခဲ့ရပေသည်။ ထို့ကြောင့် နန်းရင်းဝန်ဖြစ်ခဲ့ဖူးသော ဂဠုန်ဦးစောက ဗြိတိန်ဝန်ကြီးချုပ်ဝင်စတန့်ချာချီထံ မြန်မာပြည်ကို လွတ်လပ်ရေးပေးရန်တောင်၊ ဆိုသည့်အခါ ချာချီက မင်းတို့တိုင်း ပြည်လွတ်လပ်ရရင် အချင်းချင်းလက်နက်ကိုင်ပြီး ချကြလိမ့်မည် ပြောခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
မြန်မာပြည်လွတ်လပ်ရေးကြိုးဖမ်းမှုသမိုင်းတွင် မြန်မာတို့သည် အဓိကဇာတ်ဆောင်များ ရုပ်လုံးကြွရန်နှင့် ဇာတ်လမ်းဇာတ်အိမ်ကောင်းရန် ဇာတ်ပို့နေရာက ပါဝင်ခဲ့ကြသည်ကတော့ သမိုင်းအမှန်ပင်ဖြစ်သည်။ သို့သော် စာရေးသူတို့အဖွဲ့အစည်းသည် ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့သည့် အတ္တလန္တိတံရာတာကို သိသူနည်းပါးကြပါသည်။ ထို့ကြောင့်ပင် လက်နက်ကိုင်လမ်းစဉ်ကသာ စာရေးသူတို့အတွက် Hero တွေ ဖြစ်ခဲ့ကြရသည်။ အကျိုးဆက်ကတော့ လက်နက်ကိုင်လမ်းစဉ်ကသာ ရနိုင်သည်ဆိုသော နိုင်ငံရေးဓလေ့အမှားကြီးက မြန်မာ့လူ့အဖွဲ့အစည်းကို ဝိညာဉ်ဖွယ်ပူးကပ်သွားပါတော့သည်။
ဤတစ်ချက်တည်းနှင့် လက်နက်ကိုင်လမ်းစဉ်ရွေးချယ်ခဲ့သည်ဟု ဆိုပြန်လျှင်လည်း ရာနှုန်းပြည့်တော့မမှန်နိုင်ပေ။ ဤအချက်က လက်နက်ကိုင်လမ်းစဉ်ပေါ်ပေါက်လာစေရန် ခိုင်လုံသည့် ရေခံမြေခံအစပျိုးမှုဖြစ်ပါသည်။ လက်နက်ကိုင်လမ်းစဉ်ဆီကို တွန်းပို့လိုက်သည် နောက်တစ်ချက်က နိုင်ငံရေးပဋိပက္ခများကို ညှိနှိုင်းဖြေရှင်းမည်ဆိုသည့် ပလက်ဖောင်းပျောက်ခဲ့ခြင်းကလည်း လက်နက်ကိုင်လမ်းစဉ်ကို ကြီးထွားစေခဲ့ပြန်သည်။ (၁၉၈၇၊ ၁၉၈၈၊ ၁၉၈၉ ၊ ၁၉၉၀) ပြည်နှစ်ပတ်ဝန်းကျင်တစ်ဝိုက်တွင် ကမ္ဘာကြီးမှာ တတိယလှိုင်း ဒီမိုကရစီကူးပြောင်းမှုစတင်ခဲ့ကြောင်း ဟယ်တင်တန်(ဟားဗတ်တက္ကသိုလ်) စာအုပ်အရ ဖတ်ရှုခွင့်ရခဲ့ပါသည်။
ထိုကာလ ကမ္ဘာကြီးကို လေ့လာကြည့်လျှင်လည်း(၁၉၈၈)ခုနှစ်တွင် မြန်မာနိုင်ငံ၌ အထွေတွေသပိတ်ကြီး ဖြစ်ခဲ့ပါသည်။ (၁၉၉) ခုနစ်တွင် တရုတ်နိုင်ငံ၌ တိယပ်နန်ရင်ပြင် ဆန္ဒပြပွဲကြီးဖြစ်ပြန်ပါသည်။ (၉-၁၁-၁၉၈၉)တွင် ဂျာမနီနိုင်ငံ၌ ဘာလင်တံတိုင်းပြိုကျပြန်သည်။ (၁၉၉ဝ)ပြည့်နှစ်တွင် ဆိုင်ဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီး နိုင်ငံပေါင်း(၁၅)နိုင်ငံ ပေါ်ပေါက်လာခဲ့သည်။ ဤသို့ဖြစ်ခဲ့ခြင်းကို ဆိုရှယ်လစ်ကွန်မြူနစ်ဝါဒကျထုံးသွားပြီး ဒီမိုကရေစီနိုင်ငံတွေ အများအပြားဖြစ်ထွန်းလာခဲ့သဖြင့် ထိုကာလကို တတိယလှိုင်၊ ဒီမိုကရင်အကူးအပြောင်းကာလဟု ခေါ်ကြပါသည်။
ထိုအချိန်က ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူ နေမကောင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို မြန်မာနိုင်ငံတွင် (၈၈) အရေးအခင်းသပိတ်ကြီးဖြစ်ပွားပါသည်။ အရေးအခင်းကာလ ကနဦးအစတွင် စာရေးဆရာ အထောက်တော်လှအောင်က အမေရိကန် သံရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသလား၊ ဖခင်သည် အမျိုးသားခေါင်းဆောင်ကြီး ဖြစ်သဖြင့် နိုင်ငံရေးလုပ်မလားဟု မေးသည့်အခါ နိုင်ငံရေးကို စိတ်မဝင်စားကြောင်းနှင့် သားနှစ်ယောက်ပညာရေးအတွက် ဗြိတိန်ပြန်မည်ဟု ဖြေခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အခြေအနေက ထိုသို့မဟုတ်တော့ဘဲ (၁၉၈၈) ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်တွင် ဦးအောင်ကြီး၊ သီရိပျံချီ ဦးကြည်မောင်၊ သရေစည်သူ ဦးအောင်ရွှေ၊ သူရဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို စတင်ဖွဲ့စည်းခဲ့သည်။ ဤအချိန်ထိ ပြဿနာဟုဆိုနိုင်သော်လည်း နောက်ပိုင်းတွင် မြန်မာ့လူ့အဖွဲ့အစည်းသို့ နိုင်ငံရေးဓလေ့အမှား(၂)ရပ် သွတ်သွင်းလာခဲ့ပြန်သည်။
ဤနိုင်ငံရေးဓလေ့အမှား(၂)ရပ်မှာ အခြားမဟုတ်ပေ၊ လူထုကိုလမ်းပေါ်ဆွဲတင်ပြီး လက်နက်သဖွယ်အသုံးရသည့် ဆန္ဒပြတောင်းဆိုမှုနှင့် တည်ဆဲအစိုးရ၊ တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်လျှင် နိုင်ငံရေးဖြစ်သည်ဟူသော အယူအဆပင်ဖြစ်သည်။ လမ်းပေါ်တက်ဆန္ဒပြသည့်ဓလေ့ (၁၉၈၈)ခုနှစ်တွင် ဈာန်ဝင်ခဲ့သလို ဆန္ဒပြမှုကိုပင်ဒီမိုကရေစီဟု ထင်ခဲ့ကြသူများရှိခဲ့သည်။ ထိုနည်းတူနိုင်ငံတော်အစိုးရနှင့် တပ်မတော်ကို ဝေဖန်ဆန့်ကျင်တိုက်ခိုက်ပြီး ထောင်ထဲဝင်ရသည်ကိုလည်း နိုင်ငံရေးဟု ယူဆကြသူများရှိခဲ့ကြသည်။ ထိုဓလေ့အမှားကို ထိုခေတ်ကစ၍ ယနေ့တိုင်အရိုးစွဲနေသူများလည်းရှိကြပေသည်။ ဤအယူအဆမှားသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီနှင့် ကျွဲကူးရေပါသလို တစ်ပါတည်း မသိမသာယူဆောင်လာခဲ့ပါသည်။
(၁၉၈၈) ခုနှစ်မှ ယနေ့တိုင် NLD ပါတီဝင်များ၏ နိုင်ငံရေးလှုပ်ရှားမှုများ၊ နိုင်ငံရေမဲဆွယ်မှုများနှင့် မီဒီယာများထံ ဖြေကြားမှုများကိုကြည့်လျှင်လည်း တည်ဆဲအစိုးရနှင့်ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်ခဲ့သည်ကို တွေ့ရသည်။ တပ်မတော်ကို ဆန်ကျင်ပုတ်ခတ်မှုများ၊ ဝေဖန်တိုက်ခိုက်မှုများကိုသာ တစ်စိုက်မတ်မတ်လုပ်ခဲ့ကြသည်။ အဆိုးဆုံးကာလတစ်ခုကို ပြပါဆိုလျှင် ဦးသိန်းစိန်ခေတ်နှင့် NLD ခေတ်(၁၀)နှစ်တာကာလအတွင်း ဖြစ်ခဲ့ပါသည်။ ဒီမိုကရေစီနှင့်အတူ နိုင်ငံရေးလွတ်လပ်ခွင့် အလွန်အမင်းပေးခဲ့ခြင်းကြောင့်လည်း မီဒီယာစာမျက်နှာများတွင် တပ်မတော်အပေါ် ဝေဖန်တိုက်ခိုက်မှုများ ပို၍ဆိုးသထက်ဆိုးလာခဲ့ပါသည်။
သမ္မတကြီးဦးသိန်းစိန်က ဒီမိုကရေစီစံနှုန်းများနှင့်အညီ စေတနာထားပြီး နိုင်ငံရေးလွတ်လပ်ခွင့်ပေးခဲ့ပါသည်။ သူ့ခေတ်မှာ (၁၅၀၀)တန် ဖုန်းတွေကိုင်ခွင့်နှင့် အင်တာနက်သုံးစွဲခွင့်ပါရခဲ့သဖြင့် မြန်မာပြည်၏ရွှေခေတ်ဟုတောင် ပြောလျှင်ရမည်ဖြစ်ပါသည်။ ထိုသို့ရွှေခေတ်နှင့်အတူ ဦးသိန်းစိန်အစိုးရက နိုင်ငံရေးလွတ်လပ်ခွင့်စာပေလွတ်လပ်ခွင့် မီဒီယာလွတ်လပ်ခွင့်ပေးလိုက်သည့်အခါ နိုင်ငံရေးသမားကစပြီး စာရေးဆရာအနုပညာ သမားများပါမကျန် အာပေါင်အားရင်းသန်သန်နှင့် တပ်မုန်းတီးရေးကို လက်နက်တစ်ခုသဖွယ် အသုံးချတိုက်စိုက်ခဲ့ကြသည်ကို တွေ့ရသည်။ စနစ်၏အားနည်းချက်ကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အတိတ်ကအဆွေးအဟောင်းဒဏ်ရာများကို ပြန်လည်တူးဆွရင်းတပ်နှင့်ပြည်သူကို ဝေးသထက်ဝေးသွားအောင် တွန်းပို့ပစ်လိုက်တာမျိုး NLD ခေတ်အထိ ဆယ်စုနှစ်တစ်ခုအထိ တစ်စိုက်မတ်မတ်လုပ်ခဲ့ကြပါသည်။ ပိုဆိုးသွားသည်က သမိုင်းကိုကောင်းကောင်းမသိကြ စာကောင်းကောင်းမဖတ်ကြသည့် လူငယ် GZ မျိုးဆက်များသည် သူတို့စကားများတွင် လမ်းဆုံးရင်း တက်ကိုဆန့်ကျင်ဖို့ သန္ဓေတည်ခဲ့ကြသလို လမ်းမှားကို ရောက်ဖို့အတွက်လည်း တာစူခဲ့ကြသည်တွေ့ခဲ့ရသည်။
အဆိုးဆုံးကတော့ ဒီ GZ ဆိုသည့် လူငယ်မျိုးဆက်များသည် နိုင်ငံရေးအပြောင်းအလဲဖြစ်သည့်အခါ စဉ်းစားဆင်ချင်င်နိုင်စွမ်းမရှိကြဘဲ ကမူးရှူးထိုးနှင့် PDF များအဖြစ် လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်လိုက်ကြပါသည်။ ဤ GZ လူငယ်များ၏နောက်ကွယ်တွင် ပြည်တွင်း/ပြည်ပအင်အားစုတွေက လက်မည်းများအဖြစ် ပါဝင်မြှောက်ပေးခဲ့ကြသလို ဤအခွင့်အရေးကို စောင့်နေကြသည့် EAOs များသည်လည်း PDF တွေကို ကောင်းကောင်း အသုံးချခဲ့ကြပါသည်။ ဤသို့ဖြင့် မြန်မာ့နိုင်ငံရေးသည် ယနေ့ကာလတွင် ကြုံတွေ့နေရသည့်အတိုင်း အဆိုးဆုံးအခြေအနေတစ်ခုဆီကို ရောက်ရှိခဲ့ရပါသည်။
အချုပ်ဆိုရလျှင် မြန်မာ့နိုင်ငံရေးသည် လက်နက်ကိုင်လမ်းစဉ်ဆိုသည့် နိုင်ငံရေးဓလေ့အမှားနှင့် သန္ဓေတည်ခဲ့ရသဖြင့် လက်နက်ကိုင်ပဋိပက္ခများ ထူပြောခဲ့ရသည်။ တစ်ဖန် လူထုကိုလမ်းပေါ်ဆွဲတင်ခြင်းဖြင့် ပြည်သူလူထုကို လက်နက်သဖွယ်အသုံးချခဲ့ကြသူများကြောင့် ပဋိပက္ခများ ပိုပြင်းထန်ခဲ့ရသည်။ တည်ဆဲအစိုးရနှင့် တပ်မတော်ကို ဝေဖန်တိုက်ခိုက်လျှင် နိုင်ငံရေးဖြစ်သည်ဟူသော အယူအဆမှား၊ ဓလေ့အမှားကြောင့် တပ်နှင့် ပြည်သူဒဏ်ရာအဟ ကြီးခဲ့ရပြီဖြစ်ပါသည်။ အမျိုးသားစည်း လုံးညီညွတ်ရေး Nation building ပြိုကွဲခဲ့ရသည်။
ဤဆရာများသည်သမိုင်းတွင် မှားခဲ့ကြသည့် အမှားများဖြစ်သလို ယနေ့တိုင်လည်း ဆက်လက်ရှင်သန်နေဆဲဖြစ်သည်။ ထို့ကြောင့် အတိတ်ကသန္ဓေတည်ခဲ့သည့်နိုင်ငံရေး ဓလေ့အမှားများကို ယနေ့မျိုးဆက်က သင်ခန်းစာယူပြီး ပြင်ဆင်သွားကြရမည်။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ လျှော့ချရေး။ ငြိမ်းချမ်းသာယာသောပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါက်ရိုးကျိုးနေသော နိုင်ငံရေဓလေ့အမှားများကို အမြန်ဆုံးပြင်ဆင်ကြပါဟု အကြံပြုတိုက်တွန်းလိုက်ပါသည်။
အောင်နိုင်သူ(ဇွဲကပင်)
