နိုင်ငံရေးဓလေ့ (Political Ideology) သည် နိုင်ငံတစ်နိုင်ငံ၏နိုင်ငံရေးကို များစွာလွှမ်းမိုးမှုရှိသည် ဟုပညာရှင်များက ဆိုကြသည်။ သို့သော် နိုင်ငံရေး ဓလေ့စကားရပ်ကို လူသုံးနည်းကြသကဲ့သို့ သတိပြုမိ သူများလည်း နည်းကြပေသည်။ ထိုနည်းတူ နိုင်ငံရေး ဓလေ့နှင့်ပတ်သက်ပြီး ရေးသားကြသည့် စာအုပ်၊ စာစောင်၊ ဆောင်းပါးစာပေများကလည်း အလွန်နည်းပါးကြသည်။ အထူးသဖြင့် မြန်မာ့လူမှုပတ်ဝန်းကျင်တွင် နိုင်ငံရေးဓလေ့အကြောင်း ပြောလေ့မရှိသကဲ့သို့ နိုင်ငံရေးဓလေ့စာပေများကလည်း အလွန်ရှားပါးကြောင်း ဆရာကျော်ဝင်းက စာပေဟောပြောပွဲတစ်ခုတွင် ပြောခဲ့ဖူး သည်။ ထို့ကြောင့် စာရေးသူတို့ မြန်မာလူမျိုးများ အနေဖြင့်လည်း နိုင်ငံရေးဓလေ့အကြောင်း သိထားသင့်ပေသည်။

နိုင်ငံရေးဓလေ့အကြောင်းမပြောခင် နိုင်ငံဆိုသည်မှာ အဘယ်နည်း၊ နိုင်ငံရေးဆိုသည်မှာ အဘယ် နည်းဆိုပြီး လေ့လာကြည့်ကြပါမည်။

နိုင်ငံရေး သိပ္ပံဝေါဟာရတွင် နိုင်ငံကို State ဟုခေါ်သည်။ နိုင်ငံတည်ဆောက်ရေးကို State building ဟုသုံးကြသည်။

နိုင်ငံကိုမူ
(၁) တိကျသော နယ်နိမိတ်သတ်မှတ်ချက်ရှိခြင်း (ပိုင်နက်နယ်နိမိတ်)

(၂) နယ်နိမိတ်အတွင်းနေထိုင်သော လူဦးရေရှိခြင်း (ပြည်သူလူထု)

(၃) အုပ်ချုပ်သူအစိုးရရှိခြင်း (အစိုးရ)

(၄) အချုပ်အခြာအာဏာရှိခြင်း(အချုပ်အခြာအာ ဏာ)

(၅) နိုင်ငံတကာ အသိမှတ်ပြုခြင်း(တရားဝင်မှု) ဆိုသည့် အင်္ဂါရပ် (၅)ပါးနှင့် ပြည့်စုံရမည်ဟု ပညာရှင် များက သတ်မှတ်ထားသည်။

နိုင်ငံရေးကိုမူ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ အမျိုးမျိုးဖွင့်ဆိုကြသည်။ နိုင်ငံ့အရေး အရာမှန်သမျှကို နိုင်ငံရေးဟုလည်းကောင်း၊ လူတို့၏ နိစ္စဓူဝကြုံတွေ့နေရသည့် စားဝတ်နေရေးဟူသည့် အရေးသုံးဖြာကို နိုင်ငံရေးဟုလည်းကောင်း၊ နိုင်ငံတော်၏အာဏာကြီး (၃)ရပ်ဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဟူသော အင်္ဂါရပ်သုံးပါးကို နိုင်ငံရေးဟုလည်းကောင်း အမျိုးမျိုးခေါ်ဆိုကြသည်ကိုတွေ့ရသည်။

နိုင်ငံရေး သိပ္ပံဘာသာရပ်တွင်မူ လူသားတို့သည် မိမိတို့နေထိုင်သည့် နိုင်ငံတစ်နိုင်ငံအတွင်း၌ လည်းကောင်း မိမိတို့နေထိုင်ရာ ဤကမ္ဘာမြေပြင်ပေါ်တွင်လည်းကောင်း နိစ္စဓူဝ တွေ့ကြုံဖြတ်သန်းနေရသော စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသော အရေးအရာကိစ္စများအတွက် မိမိတို့ဘဝတစ်လျှောက် ရုန်းကန်လှုပ်ရှားရသော ဖြစ်စဉ်သာဖြစ် ၏ဟုဆိုထားသည်ကို တွေ့ရသည်။ တစ်နည်းဆိုရသော် နိုင်ငံရေးဆိုသည်မှာ လူတို့အရေးဖြစ်သဖြင့် လူတို့နှင့်ကင်း၍ရမည် မဟုတ်ချေ။ ထို့ကြောင့်လည်း ဂရိတွေးခေါ်ပညာရှင် ပလေတိုက လူဆိုသည်မှာ နိုင်ငံရေးသတ္တဝါတစ်မျိုးဟု ဆိုခဲ့ခြင်းဖြစ်သည်။

မည်သို့ဆိုစေကာမူ လူဟူ၍ဖြစ်လာသည်နှင့် နိုင်ငံရေးနှင့်ကင်း၍မရသကဲ့သို့ နိုင်ငံရေးဓလေ့သည်လည်း လူတို့၏လူမှုဘဝဓလေ့နှင့်အတူ မသိမသာ တစ်ပါတည်းပါလာခဲ့ပါသည်။ မြန်မာလူမျိုးတို့သည်လည်း မြန်မာနိုင်ငံဟူသည့် အချုပ်အခြာအာဏာပိုင် နိုင်ငံသားများ ဖြစ်သည်နှင့်အညီ နိုင်ငံ၊ နိုင်ငံရေး၊ နိုင်ငံရေးဓလေ့တို့ ကျွဲကူးရေပါ တစ်ပါတည်းပါလာခဲ့မည်သာ ဖြစ်သည်။ ဤသို့ဆိုလျှင် မြန်မာတို့၏ နိုင်ငံရေးဓလေ့က မည်သည့်အရာဖြစ်မည်နည်း။

နိုင်ငံရေးဓလေ့နှင့်ပတ်သက်ပြီး အစောဆုံးပြောခဲ့သည့်ပညာရှင်က ဗြိတိသျှနိုင်ငံရေးပညာရှင် လီယို နက်ဝုဒ်ဖြစ်သည်။ (၁၉၃၀) ပြည့်လွန်နှစ်ဝန်းကျင်တွင် လီယိုနက်ဝုဒ်က နိုင်ငံရေးဓလေ့သည် အခြေခံလက္ခဏာ (၅)ရပ်ရှိသည်ဟုဆို သည်။ အဆိုပါ (၅)ရပ်မှာ-

(၁) နိုင်ငံရေးဓလေ့ (Political Ideology)သည် နေ့ချင်းညချင်း ပေါ်ပေါက်လာခြင်းမဟုတ်ပါ။
(၂) သမိုင်းခေတ်များကို နှစ်ပေါင်းမြောက်မြားစွာ ဖြတ်ရင်းနှင့် လူတို့၏ရင်ထဲ အသည်းထဲတွင် စွဲမြဲခိုင် မာလာခဲ့သည့် ခါးသီးသော နိုင်ငံရေး ခံစားမှုအတွေ့ အကြုံဖြစ်သည်။

(၃) အဆိုပါ ခါးသီးသည့် နိုင်ငံရေးအတွေ့အကြုံများ ကို တရားဝင်ဖော်ထုတ်မရသည့်အခါ စကားပုံများ၊ ရိုးရာပုံပြင်များမှာ အတွေးပုံစံမျိုးထားခဲ့ကြသည်။

(၄) နိုင်ငံရေးဓလေ့သည် အများထင်ထားသည်ထက် ပိုမိုစွဲမြဲခိုင်မာတတ်သည်။

(၅) ဤနိုင်ငံရေးဓလေ့သည် ဒီမိုကရေစီအကူးအ ပြောင်းအတွက် တွန်းအားဖြစ်နိုင်သကဲ့သို့ အဟန့် အတားလည်းဖြစ်နိုင်သည်။ ဤသည်မှာ ဒုတိယကမ္ဘာစစ် မတိုင်မီလောက်ကခံယူထားသည့် နိုင်ငံရေးဓလေ့စရိုက်ဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် သမိုင်းကြောင်းရှည်လျားလွန်းသော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာတို့၏ ရှေ့ခေတ် နိုင်ငံရေးဓလေ့စရိုက် လေ့လာဆန်းစစ်မည်ဆိုပါက ကျမ်းတစ်စောင်မျှ ရှည်လျားသွား နိုင်သည်။ အထူးသဖြင့် ရှေးခေတ်မြန်မာ့နိုင်ငံရေးဓလေ့စရိုက်သည် ပဒေသရာဇ်ခေတ်နှင့်အညီ ပါလာသည်ဖြစ်ရာ လွန်စွာမှ ရှုပ်ထွေးနိုင်သည်။ သက်ဦးဆံပိုင်ဘုရင်စနစ်ဖြစ်ခြင်း၊ ဘုရင်သည် ရေမြေ့သခင် ပြည့်ရှင်မင်းဖြစ် သည်ဟုခံယူထားသောကြောင့် တိုင်းပြည်၏အလုံးစုံ သောအာဏာသည် ဘုရင်တစ်ဦးတည်းတွင် အပြည့်အဝရှိနေခြင်း၊ အာဏာကို အပြန်အလှန် ထိန်းကျောင်း နိုင်မှုမရှိခြင်း၊ သက်ဦးဆံပိုင်ဘုရင်စနစ်ဖြစ်သဖြင့် ဘုရင်နှင့် မင်းညီမင်းသားများအကြား ထီနန်းအာဏာ လုယူမှုများမကြာခဏဖြစ်ပေါ် တတ်ခြင်းတို့ကြောင့် ရှေးခေတ်တွင် မြန်မာလူမျိုးများသည် နိုင်ငံရေးနှင့်ခပ်ဝေးဝေနေတတ်ကြသည်။ ရှေးခေတ်မြန်မာများသည် နိုင်ငံရေးဟုဆိုလိုက်လျှင် နန်းတွင်းအရေး၊ ဘုရင်နှင့် မင်းညီမင်းသားများအရေးဟုဆိုကာ မိမိတို့နှင့် မသက်ဆိုင်သလို နေတတ်ကြသည်ကိုတွေ့ရသည်။ ဤသို့ဖြင့် ရှေးခေတ် မြန်မာ့ နိုင်ငံရေးဓလေ့သည် ဘုရင်ဗဟိုပြုပုံစံကို ချီတတ်ခဲ့ကြသဖြင့် နိုင်ငံရေးနှင့် ပြည်သူလူထုမှာ ကင်းကွာသလိုဖြစ်ခဲ့ရသည်။

သို့သော် ခေတ်သစ်မြန်မာ့နိုင်ငံရေးဓလေ့က ထိုသို့မဟုတ်ပေ။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ပေါ်ပေါက် လာသည့် ခေတ်သစ်မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ ခေတ်သစ်မြန်မာ့နိုင်ငံရေး ဓလေ့ကိုပါ တစ်ပါတည်းခေါ် ဆောင်လာခဲ့သည်။

အဆိုပါနိုင်ငံရေးဓလေ့မှာ လက်နက်ကိုင်လမ်း စဉ်ဆိုသည့် နိုင်ငံရေးဓလေ့အမှားဖြစ်သည်။ မည်သည့်အတွက်ကြောင့် နိုင်ငံရေးဓလေ့အမှားဟုဆိုရ သနည်း။

ဤမေးခွန်းကိုပြန်ဖြေရလျှင် ဗိုလ်ချုပ်အောင်ဆန်းတို့လုပ်ကြံခံရပြီးနောက်တစ်ရက် လန်ဒန်တိုင်း သတင်းစာ၏ အင်တာဗျူးတွင် ဒေါက်တာဘမော် ဖြေဆိုခဲ့သောစကားကို ကိုးကား၍ပြန်ဖြေရ ပါလိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ဒေါက်တာဘမော်က ‘မြန်မာပြည်အနာဂတ်ကတော့ မလွယ်ကူတော့ဘူး။ မြန်မာလူငယ်တွေဟာ လက်နက် ကိုကိုးကွယ် ကုန်ကြပြီ။ အနာဂတ်မှာ မြန်မာ့နိုင်ငံရေးအဆုံးအဖြတ်ကို မဲပုံးတွေကဆုံးဖြတ်ပေးမှာ မဟုတ်တော့ဘဲ လက်နက်ကသာ အဆုံးအဖြတ်ပေးလိမ့်မယ်’ဟု ဖြေဆိုခဲ့သည်။ ဤနိုင်ငံရေးယူဆချက်သည် ယနေ့ တိုင်မှန် ကန်သည်ဟုခံယူထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများကြောင့် မြန်မာ့မြေသည် စစ်မီးမငြိမ်း မြက်မစိမ်းသည့် မြေဖြစ်နေရသည်။ ဤယူဆချက်လွှမ်းမိုးသွားသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများ နေရာအနှံ့တွင် မှိုလိုပေါက်နေသဖြင့် မြန်မာ့နိုင်ငံရေးသည် ဒေသတွင်းနိုင်ငံများနှင့်မတူဘဲ လက်နက်ကိုင်ပဋိပက္ခများ ထူပြောနေရသည်။

ထို့ကြောင့် မြန်မာ့နိုင်ငံရေးသည် နိုင်ငံရေးကို နိုင်ငံရေးနည်းနှင့်စေ့စပ်ဆွေးနွေးအဖြေရှာရန် နည်းပေးလမ်းပြ မဖြစ်ခဲ့ပေ။ ငြိမ်းချမ်းသည့်နည်း၊ ယဉ်ကျေး သည့်နည်းနှင့်အဖြေရှာရန် ယဉ်ကျေးမှုတစ်ခု ဓလေ့တစ်ခုအနေဖြင့် မထွန်းကားခဲ့ပေ။ လက်နက်ကိုင်လမ်းစဉ်ကသာ နိုင်ငံရေး၏အဖြေဟု ထင်မြင်ယူဆခဲ့ကြသည်။ စာရေးသူတို့၏ စံပြုနိုင်ငံရေးဓလေ့သည် မမျှော်လင့်ဘဲ ဂျပန်ကိုခေါ်၍ အင်္ဂလိပ်ကို တိုက်ထုတ်ခဲ့ရသည်။ အင်္ဂလိပ်နှင့်ပြန်ပူးပေါင်း၍ ဂျပန်ကိုပြန်တိုက်ထုတ်ရင်း လွတ်လပ်ရေးရခဲ့သည်ဟူသော အယူအဆ ကသန္ဓေတည်ခိုင်မာခဲ့သည်။

မြန်မာလူမျိုးများသည် အိန္ဒိယမှာကဲ့သို့ ဂန္ဓီ၏အကြမ်းမဖက် အနုနည်းလမ်းစဉ်ကို ထိတွေ့ခွင့်မရခဲ့။အိန္ဒိယသည် မြန်မာတို့နည်းတူ လွတ်လပ်ရေးကြိုးပမ်းစဉ်အခါက ဂန္ဓီ၏အကြမ်းမဖက် အနုနည်းလမ်းစဉ်နှင့် ဆူမာချန်ထရာဘို့၏ လက်နက်ကိုင်လမ်းစဉ်အနက် အိန္ဒိယပြည်သူများသည် ဂန္ဓီ၏အနုနည်းလမ်းစဉ်ကို ရွေးချယ်ခွင့်ရခဲ့ကြပါသည်။

ထို့ကြောင့် အိန္ဒိယတွင် ဒီမိုကရေစီထွန်းကားပြီး နိုင်ငံရေးတည်ငြိမ်ခဲ့သဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ခဲ့သည်ကိုတွေ့ရသည်။ အဓိကတော့ အိန္ဒိယမှာလည်း တရားမျှတမှုမရှိခြင်းနှင့် မညီမျှမှုပြဿနာများရှိလာသည့်တိုင် လက်နက်ကိုင်တော်လှန်ရမည်ဆိုသည့် နိုင်ငံရေး ဓလေ့မရှိခဲ့သဖြင့် လက်နက်ကိုင်တော်လှန်မှု မလုပ်ခဲ့ကြပေ။ ဥပဒေအရသော် လည်းကောင်း ဆွေးနွေးညှိနှိုင်းမှုအရသော်လည်းကောင်း ဖြေရှင်းကြသည်ကိုတွေ့ရသည်။

အမှန်ဆိုရလျှင် အိန္ဒိယသည်လည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုသည့် မဏ္ဍိုင်ကြီး(၃)ရပ်က ပြီးပြည့်စုံကြတာတော့မဟုတ်ပါ။ မြန်မာပြည်မှာကျင့်သုံးနေတဲ့ ရာဇသတ်ကြီးပုဒ်မကျင့်ထုံး ဥပဒေအများစုသည် အိန္ဒိယကယူခဲ့ခြင်းဖြစ်သကဲ့သို့သူတို့လည်း ကျင့်သုံးနေဆဲပုဒ်မများလည်း အများကြီး ရှိသည်။

မြန်မာမှာလိုပဲ လူမျိုးနွယ်စု များပြားပါသည်။ ကိုးကွယ်ယုံကြည်မှုလည်း များပါသည်။ မြန်မာထက်ဆိုးသည်က လူတန်းစားခွဲခြားသည့်ဓလေ့ရှိနေသည့် ပြဿနာပင်ဖြစ်သည်။ ဇာတ်နိမ့်ဇာတ်မြင့်ဆိုပြီး ခွဲခြားသည့်ဓလေ့နှင့် ရှေးရိုးဆန်ဒေသများတွင် သူကောင်းမျိုး၊ မင်းမျိုး၊ သူဌေးမျိုး၊ သူဆင်းရဲမျိုး၊ ကျွန်မျိုး၊ ပုဏ္ဏားမျိုးဟူ၍ မျိုးရိုးဗီဇခွဲခြားဆက်ဆံသည့် ဓလေ့လည်း အချို့နေရာများတွင်ရှိနေပြန်သည်။
သို့သော် ကောင်းမွန်သည့်ဓလေ့က ဇာတ်နိမ့် ဖြစ်ရကောင်းလားဆိုကာ မတော်လှန်ကြသကဲ့သို့ သူဆင်းရဲမျိုး ဖြစ်၍ဆိုကာ မြန်မာများကဲ့သို့ မတော်လှန်ကြပေ။ သူတို့နိုင်ငံတွင် နိုင်ငံသားဥပဒေမှာ ခွဲခြားဆက်ဆံမှုမပြုရ ပြဋ္ဌာန်းထားသဖြင့် မကျေနပ်လျှင် ဥပဒေအရ တိုင်ကြတာမျိုးရှိသော်လည်း လက်နက်ကိုင်တော်လှန်ရေးမျိုး မလုပ်ကြ၊ မရှိကြခြင်းက အိန္ဒိယနိုင်ငံရေးဓလေ့၏ အားသာချက်ပင်ဖြစ်သည်။ မြန်မာလူမျိုးများကမူ ထိုသို့မဟုတ်ပေ။ ဇာတ်နိမ့် ဇာတ်မြင့် ခွဲရန်မပြောနှင့်၊ လူလူချင်းတန်းတူဆက်ဆံသည့် လူမှုဓလေ့ရှိနေသည့်တိုင် ကချင်လူမျိုးဖြစ်၍တော်လှန်သည်၊ ရခိုင်လူမျိုးဖြစ်၍လည်း တော်လှန်သည်။ ကရင် လူမျိုးဖြစ်၍လည်း တော်လှန်ပြန်သည်။ပလောင်လူ မျိုးဖြစ်ရခြင်း၊ ရှမ်းဖြစ်ရခြင်း၊ ချင်းလူမျိုးဖြစ်ရခြင်း၊ မွန်လူမျိုးဖြစ်ရခြင်းဆို၍ ခေါင်းစဉ်အမျိုးမျိုးပြကာ တော်လှန်နေကြသည်ကို တွေ့ရသည်။
နောက်ဆုံး လူမျိုးချင်းတူပြန်တော့လည်း ဗမာ စိမ်းဖြစ်၍ ဗမာနီကတော်လှန်ပြန်သည်။ ဤကဲ့သို့ အဘယ်ကြောင့် လက်နက်ကိုင်တော်လှန်နေကြသ နည်းဟုမေးလျှင် စာရေးသူပြောခဲ့သလို လက်နက် ကိုင်လမ်းစဉ်ကိုအားကျခဲ့ သည့် မြန်မာများ၏ဓလေ့ အမှားက စခဲ့ခြင်းကြောင့်ဖြစ်သည်။

အချုပ်ဆိုရလျှင် ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသည့် နိုင်ငံရေးအုပ်ချုပ်မှုစနစ်ဟူ၍ မရှိပေ။ ပြီးပြည့်စုံသည့် ဥပဒေပြုရေး မဏ္ဏိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ဟူ၍လည်း မရှိပေ။ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း(၂၀ဝ)ကျော်ရှိသည့်အနက် ဒီမိုကရေစီစစ်စစ် နိုင်ငံပင်လျှင်(၁၇)နိုင်ငံသာရှိသည်ကို တွေ့ရသည်။
ကိုယ်နှင့် သဘောထားချင်းမတိုက်ဆိုင်တိုင်း ညှိနှိုင်းအဖြေရှာကြရမည်ဖြစ်သော်လည်း လက်နက်ကိုင်ပြီးတိုက်မှရမည်ဆိုသည့် အိုင်ဒီယိုလော်ဂျီအမှားက စာရေးသူတို့နိုင်ငံကို တော်တော်လေးဖျက်ဆီးသွားခဲ့ ပြီးဖြစ်သည်။
ဤကဲ့သို့ လက်နက်ကိုင်ပြီးဖြေရှင်းရမည်ဆိုသည့် နိုင်ငံရေးဓလေ့အမှားကို မပြင်နိုင်သရွေ့တော့ တိုင်းပြည်အနာဂတ်ကလည်း ရင်လေးနေရဦး မည်သာဖြစ်သည်။

ထို့ကြောင့် မြန်မာလူမျိုးတိုင်းသည် လက်နက်ကိုင်လမ်းစဉ်ဆိုသည့် နိုင်ငံရေးဓလေ့အမှားကို ပြုပြင်ဆွေးနွေးညှိနှိုင်းခြင်းဆိုသည့် နိုင်ငံရေးလမ်းစဉ်ဖြင့် အစားထိုးကာ ဖြေရှင်းဆောင်ရွက်သွားကြမည်ဆိုလျှင် မြန်မာနိုင်ငံသည်လည်း အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်အဖြစ်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်းအကြံပြု လိုက်ရပါသည်။

စာကိုး

ကျော်ဝင်း၏ မြန်မာလူမှုနိုင်ငံရေးတန်ဖိုးနှင့် ဒီမို ကရေစီအပြောင်းအလဲ

စည်သူ၏ နိုင်ငံရေးသိပ္ပံဘာသာရပ်

အောင်နိုင်သူ (ဇွဲကပင်)