အောင်နိုင်သူ(ဇွဲကပင်)
ဩဂုတ်လ ၆ ရက်က နိုင်ငံတော်သမ္မတကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာအစိုးရအဖွဲ့ဝင်များ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူ ဦးဆောင်သည့်အစိုးရအဖွဲ့က ခမ်းခမ်းနားနား သိုက်သိုက်ဝန်းဝန်း ကြိုဆိုခဲ့ကြသလို နားလည်မှုစာချွန်လွှာ (MoU) သုံးခုကိုလည်း အောင်မြင်စွာ လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း သတင်းကို ဖတ်ရတော့ တွေးစရာများစွာ ဖြစ်ပေါ်လာခဲ့ရပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ ချစ်ကြည်ရင်းနှီးသော ဆက်ဆံမှုများနှင့်အတူ တွေးမိသည့် အတွေးမှာ စစ်ပွဲမရှိသည့် နိုင်ငံများသည် စီးပွားရေး၊ အထူးသဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို စစ်ဆင်ရေးတစ်ရပ်သဖွယ် အသက်နှင့်အမျှ အရေးကြီးဆုံးဟု သဘောထားကာ အင်တိုက်အားတိုက် ဆောင်ရွက်နေကြပုံမှာ အလွန်အတုယူ အားကျစရာ ကောင်းလှပါသည်။
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများသည် မြန်မာနှင့် ပတ်သက်လာလျှင် လက်တွေ့ကျသော နိုင်ငံရေးချဉ်းကပ် ဆက်ဆံပုံမှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ အိန္ဒိယ၊ တရုတ်၊ တိုင်းနိုင်ငံတို့၏ မဟာဗျူဟာမြောက် ဆောင်ရွက်ချက်များနှင့် သံတမန်ရေးခြေလှမ်းများသည် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး တန်ဖိုးကို သိရှိနားလည်ခြင်းနှင့်အတူ မြန်မာနှင့် ဆက်ဆံရေးကို တန်ဖိုးကိုလာထားလျက်ရှိကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေးတန်ဖိုးကို ပိုမိုနားလည်သဘောပေါ ဘောပေါက်ရန် လိုအပ်လှပါသည်။
အထူးသဖြင့် ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များအကြား လက်တွေ့ကျကျ ဆွေးနွေးသဘောတူခဲ့သည့် သဘော တူညီချက်များနှင့် MoU သုံးခုဖြစ်သည့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ MOU (MEMORANDUM OF UNDERSTANDING ON LABOR COOPERATION) /ပူးတွဲမြစ်များ၏ ရေအရည်အသွေး စီမံခန့်ခွဲရေးဆိုင်ရာ သဘော (TERMS OF REFERENCE TOR FOR JOINT WORKING GROUP ON WATER QUALITY MANAGEMENT IN TRANSBOUNDARY RIVERS)၊ အာကာသနည်းပညာနှင့် ကမ္ဘာမြေလေ့လာရေးဆိုင်ရာ MOU (MOU BETWEEN GISTDA AND MYANMAR SPACE AGENCY) တို့သည် နှစ်နိုင်ငံစလုံး၏ အနာဂတ် အမျိုးသားအကျိုးစီးပွားအတွက် အရေးပါလှပါသည်။
ထို့အပြင် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကိစ္စရပ်များတွင် အဆင့်မြင့် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပါသည်။ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ ပြည်သူများကို ခြိမ်းခြောက်နေသည့် ဒစ်ဂျစ်တယ် နယ်စပ်ဖြတ်ကျော် မှုခင်းများ၊ ဆိုက်ဘာလိမ်လည်မှု (SCAM CENTER) များကို ပူးပေါင်းတိုက်ဖျက်ရေးနှင့် နှစ်နိုင်ငံစလုံးကို ထိခိုက်စေသည့် နယ်စပ်ဖြတ်ကျော် ပြဿနာများကို ပူးပေါင်း ဖြေရှင်းရန် သဘောတူညီချက်များ ရရှိခဲ့ပါသည်။
စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍတွင်လည်း နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရေး၊ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှတစ်ဆင့် ပို့ဆောင်ပေးနေသည့် ဘးကင်းလုံခြုံ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ဘေးကင်း လုံခြုံရေးနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် နယ်စပ်စောင့်ကြည့်ရေး ပူးပေါင်းပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်ခဲ့ပါသည်။ ဤသည်မှာ နှစ်နိုင်ငံ အပြန်အလှန် အကျိုးပြုသည့် ပိုမိုခိုင်မာအောင် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ဒေါက်တိုင်များကို စနစ်တကျ တည်ဆောက်လိုက်ခြင်းဖြစ်သလို နှစ်နိုင်ငံဆက်ဆံရေးတွင်လည်း သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုနည်းတူ မြန်မာနှင့်ထိုင်း နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်းကို ပြန်ကြည့်လျှင် မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ကီလိုမီ တာ ၂,၄၀၀ ကျော် ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်နေကြသဖြင့် ရှေးခေတ် ပဒေသရာဇ်မင်းဆက်များ ကာလမှစ၍ ယနေ့တိုင် ယဉ်ကျေးမှုချင်း အပြန်အလှန် ကူးလူးဆက်ဆံမှုများ ရှိခဲ့ကြပါသည်။ ထေရဝါဒဗုဒ္ဓဘာသာဝင်နိုင်ငံများ ဖြစ်ကြသလို သင်္ကြန်ပွဲတော်နှင့် အစဉ်အလာ ရိုးရာဓလေ့များတွင်လည်း အခြေခံအားဖြင့် တူညီကြပါသည်။
မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်တွင် တရားဝင် သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ကြပြီးနောက်ပိုင်း မြဝတီ-မဲဆောက်၊ တာချီလိတ်-မယ်ဆိုင်၊ ကော့သောင်း-ရနောင်း စသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များနှင့် တနင်္သာရီတိုင်း ဒေသကြီးမှ သဘာဝဓာတ်ငွေ့တင်ပို့မှုအပါအဝင် စွမ်းအင်ကဏ္ဍ၊ လူသားအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံအကြား မရှိမဖြစ် လိုအပ်ချက် ဖြစ်လာခဲ့ပါသည်။ သို့ဖြစ်ရာ နှစ်နိုင်ငံနယ်နိမိတ် ထိစပ်နေမှုနှင့်အတူ နှစ်နိုင်ငံအကျိုးစီးပွားအရလည်း လုံးဝပစ်ပယ်၍ မရသည်ကို တွေ့ရမည် ဖြစ်ပါသည်။
ယခုအခါ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသည် မြန်မာနိုင်ငံအား အကျိုးစီးပွားဆုံရပ်အဖြစ် ရှုမြင်ဆက်ဆံလာကြပါသည်။ ထို့ကြောင့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့သည် မြန်မာနှင့်ပတ်သက်လာလျှင် မည်သည့်အစိုးရတက်၍ မည်သူကပင် အုပ်ချုပ်နေသည်၌ ဆိုသည်ထက် မြန်မာနှင့် လက်တွေ့ကျကျ ထိတွေ့ဆက်ဆံမှသာလျှင် မိမိတို့နိုင်ငံ၏ အနာဂတ်အကျိုးစီးပွား ပိုမိုခိုင်မာလာမည်ကို ယုံကြည်လက်ခံထားကြပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၌ အစိုးရသစ် တက်လာပြီဆိုသည်နှင့် အိန္ဒိယ၊ တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို အမျိုးသားအကျိုးစီးပွားသဖွယ် အလေးထား ဆောင်ရွက်လာကြခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ အိမ်နီးချင်းနိုင်ငံများအတွက် မြန်မာနိုင်ငံသည် “ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်” သဖွယ် ဖြစ်နေရခြင်းမှာ အကြောင်းမဲ့တော့ မဟုတ်ချေ။ လက်ရှိအချိန်တွင် ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့ အာရှတို့၏ အလယ်ဗဟိုတွင် မဟာဗျူဟာမြောက် ပေါင်းကူးတံတားအဖြစ် တည်ရှိနေခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများသည် စီးပွားရေးအရ မြန်မာ့မြေကို ကျော်လွန်၍ ကုန်သွယ်နိုင်ရေးကို အခွင့်အလမ်းကြီးတစ်ခုအဖြစ် အစဉ်တစိုက် ရှုမြင်ကြခြင်း ဖြစ်ပါသည်။
တရုတ်နိုင်ငံ၏ BELT AND ROAD INITIATIVE (BRI) စီမံကိန်း၊ အိန္ဒိယ၏ အရှေ့မျှော်ဝါဒ (ACT EAST POLICY) နှင့် ကုလားတန်မြစ်ဝှမ်း စီမံကိန်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် အရှေ့တောင်အာရှနှင့် တောင်အာရှကို ချိတ်ဆက်သည့် စီမံကိန်းများသည် သက်ဆိုင်ရာ နိုင်ငံများကို စီးပွားရေးအင်အား ကြီးထွားလာစေမည့် မဟာဗျူဟာမြောက် စီမံကိန်းကြီးများ ဖြစ်ကြပါသည်။ ထို့ကြောင့် မြန်မာနှင့်ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံများ၏ သဘောထားမှာ အလွန်ရိုးရှင်းလှပါသည်။ မြန်မာ့နိုင်ငံရေး တည်ငြိမ်မှသာလျှင် သူတို့၏ အကျိုးစီးပွားများကို မြန်မြန်ဆန်ဆန် အကောင် အထည်ဖော်နိုင်မည်ဖြစ်ပြီး၊ ထိုသို့ အကောင်အထည်ဖော်နိုင်မှလည်း မိမိတို့နိုင်ငံများ မြန်မြန် ချမ်းသာကြွယ်ဝလာမည်ဟု အပြည့်အဝ ယုံကြည်လက်ခံထားကြပါသည်။
ထိုသို့ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ချင်ကြသည့် နောက်ကွယ်တွင် နောက်ထပ် အရေးကြီးသည့် ပထဝီနိုင်ငံရေး အချက်တစ်ချက် ရှိနေသေးသည်ကိုလည်း သတိပြုမိပါသည်။ ထိုအချက်မှာ တရုတ်နှင့် အိန္ဒိယတို့၏ အင်အားကြီးထွားလာမှုကို အမေရိကန်က ထိန်းချုပ်လိုသကဲ့သို့ ရုရှားကလည်း ထားဝယ်ရေနက်ဆိပ်ကမ်း ကဲ့သို့သော စီမံကိန်းများမှ တစ်ဆင့် ဤဒေသအတွင်း ဩဇာတည်ဆောက်ချင်နေသည်ကို တွေ့ရှိရပါသည်။ သို့သော် လက်ရှိအချိန်တွင် အမေရိကန်ရော ရုရှားပါ မြန်မာ့ပတ်ဝန်းကျင် စစ်မျက်နှာသို့ ထဲထဲဝင်ဝင် မလှည့်နိုင်သေးပေ။ ရုရှားက ယူကရိန်းစစ်ပွဲ နွံထဲတွင် ပိတ်မိနေသဖြင့် မိမိတို့ ဒေသဘက်သို့ ကောင်းစွာ အာရုံမစိုက်နိုင်သေးသကဲ့သို့ အရှေ့အလယ်ပိုင်း စစ်နွံအတွင်း ရောက်ရှိနေသည့် အမေရိကန်သည်လည်း မြန်မာဘက်ထက် အရှေ့အလယ်ပိုင် အလယ်ပိုင်းအရေးကို ပိုမိုအလေးထားနေရပါသည်။ ထိုသို့အမေရိကန်သည် ဤဒေသတွင် စစ်မျက်နှာ ခြေဦးမလှည့်နိုင်သေးသည့်အတွက်လည်း သူ၏ မဟာမိတ်များမှတစ်ဆင့် မြန်မာ့အရေးကို မတည်မငြိမ်ဖြစ်အောင် အကျပ်အတည်းဖြစ်အောင် ဟန့်တားထိန်း ချုပ်ထားရုံမျှဖြင့် တရုတ်နှင့် အိန္ဒိယတို့၏အင်အားကြီးထွားလာမှုကို ကန့်သတ်သည့် ဗျူဟာကိုသာ ထုတ်သုံးနိုင်သေးသည်ကို တွေ့ရပါသည်။
ဤကဲ့သို့ အမေရိကန်နှင့် ရုရှားတို့ ဤနယ်မြေအတွင်း ထဲထဲဝင်ဝင် မခြယ်လှယ်နိုင်သေးသည်ကို အမိအရ အသုံးချ၍ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည် ၎င်းတို့၏ အမျိုးသား အကျိုးစီးပွားကို စောနိုင်သမျှ စောအောင်၊ မြန်နိုင်သမျှမြန်အောင် ပီပီပြင်ပြင် အကောင်အထည်ဖော် ချင်နေကြပါသည်။ ထို့ကြောင့်လည်း မြန်မာအစိုးရအား သူ့ထက်ငါ အပြိုင်အဆိုင် ဖိတ်ခေါ်၍ သူတို့နိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားအတွက် အပူတပြင်း ကြိုးပမ်းဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အရေးပါမှုနှင့် ပထဝီအကျိုးစီးပွားများကြောင့် အပြိုင်အဆိုင် အားထုတ်ဆောင်ရွက်နေကြခြင်း ဖြစ်သည်ကို မြန်မာပြည်သူများ နားလည်သဘောပေါက်စေချင်ပါသည်။
အနှစ်ချုပ်ဆိုရလျှင် မြန်မာနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံ၏ လူမျိုးစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ သယံကတစွဲများနှင့် ပဋိပက္ခ ပထဝီနိုင်ငံရေးကို သိရှိနားလည်ပြီး တန်ဖိုးထားရန် လိုသကဲ့သို့-ဖြစ်နေကြသည်များကို ရပ်တန့်ရန် လိုမည်ဖြစ်ပါသည်။ စစ်ဖြစ်ပြီး ချမ်းသာရမည့် နိုင်ငံသည် မချမ်းသာနိုင်သည့်အပြင် စစ်နွံအတွင်း နှစ်သထက်နစ်ပြီး နာလန်မထူနိုင် ဖြစ်နေပါလိမ့်မည်။ မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေး တန်ဖိုးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက စုစည်းညီညွတ်စွာ အသုံးချနိုင်လျှင် ဤနိုင်ငံသည် အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ အခြား တစ်ဘက်တွင်လည်း မိမိနိုင်ငံ၏ ပထဝီနိုင်ငံရေး တန်ဖိုးကို နားမလည်၊ အသုံးမချနိုင်ဘဲ သူတစ်ပါးနိုင်ငံများ၏ အသုံးချခံ ဖြစ်သွားမည်ဆိုလျှင် မြန်မာ့အနာဂတ်အတွက် ရင်လေးစရာပင် ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့ပထဝီနိုင်ငံရေး တုန်ဖိုးကို ပီပြင်စွာ သိရှိနားလည်ပြီး မိမိတို့နိုင်ငံ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
Bullet News Journal အတွဲ (၈)၊ အမှတ် (၂၄), 13-8-2026
