Yuval Noah Harari ရဲ့ AI ဟာ Dictatorship ရဲ့ အကျိုးစီးပွားဘက်ကို ယိမ်းကောင်း ယိမ်းနိုင်ပါတယ် – ဆိုတာကို သက်သေပြနေတာကတော့ ယနေ့ခေတ် စစ်ပွဲတွေပါပဲ။ အရင်က ကျွန်တော်က အွန်လိုင်းသက်ရောက်မှုကို အနည်းငယ်လျှော့တွက်ခဲ့မိတယ်။ အခု အီရန် – အမေရိကန်စစ်မှာတော့ ဘယ်လိုမှကို လျှော့တွက်လို့မရတော့တဲ့အပြင် AI Generated Data တွေကို Algorithm ပါ ပေါင်းလိုက်တဲ့အခါ အွန်လိုင်းမှာတင် အဖြေတစ်မျိုးထွက်သွားတာကို တွေ့လိုက်ရပါတယ်။ စိတ်ဝင်စားစရာပါပဲ။
အရှေ့အလယ်ပိုင်းစစ်ပွဲအစမှာ အီရန်ဟာ နိုင်ငံတွင်းသုံး အင်တာနက်ကို လုံခြုံရေးအကြောင်းပြပြီး ပိတ်ချလိုက်တယ်။ သူတို့သိစေချင်တဲ့သတင်းတွေ၊ ရပ်တည်ချက်တွေကိုပဲ Araghchi ကသော်လည်းကောင်း၊ သက်ဆိုင်ရာ IRGC တပ်မှူးတွေကသော်လည်းကောင်း လိုအပ်သလို ထုတ်ပြန်တယ်။ AI Generated Animation တွေနဲ့ ရန်သူကို မျိုးစုံ သရော်လှောင်ပြောင်တယ်။ လူတွေကလည်း သဘောတကျ ရယ်ကြတယ်။ ပျော်ကြတယ်။ ဒုံးကျည်ဒဏ်သင့် အစ္စရေးမြို့ကြီးတွေရဲ့ ဗီဒီယိုတွေဆိုရင် အတုလား အစစ်လားတောင်မသိနိုင်တော့လောက်အောင် အင်တာနက်တစ်ခွင် ပွထ နေတယ်။
Algorithm ကလည်း သုံးစွဲသူရဲ့ Preference ကို လိုက်ပြီး Newsfeed တင်တော့ ပြီးပါလေရော။ ဒီကြားထဲ အမေရိကန်သမ္မတ ထရန့်က မီဒီယာတွေရဲ့ မျက်နှာသာမရလေတော့ကာ… ဒီစစ်ပွဲမှာ အီရန်နိုင်နေတယ် (ဝါ) နိုင်သလို ပုံဖော်နိုင်နေတယ် လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီတော့ နည်းပညာအခြေခံ သတင်းအချက်အလက်စစ်ပွဲမှာ အသာစီးရချင်ရင် “အာဏာရှင်” ဆန်ရပါတယ်။ ကိုယ့်ကို အကျိုးမဲ့စေမယ့် သတင်းတွေဆို လုံးဝပိတ်ထားပါ။ ဝါဒဖြန့်ချင်တဲ့ အချက်အလက်မှန်သမျှ ပစ်သာကျွေးလိုက်ပါ။ လူတွေက အမှန်လို့ယုံကြပါလိမ့်မယ်။
ဒီကြားထဲ AI ကို တမင်ကမောက်ကမ သုံးပြပြီး လူထု Attention ကို အရေးမပါတဲ့ “ဝန်ကြီးချုပ် သေ/ မသေ” ဆီ အာရုံလွှဲတာက အစ္စရေးဖြစ်ပါတယ်။ အစ္စရေးဆိုသည်မှာ နည်းပညာထိပ်တန်းအဆင့်နိုင်ငံ ဖြစ်ပါတယ်။ Deep fake ကို မှားသုံးစရာအကြောင်းမရှိဘူး။ သို့သော် မှားသုံးပြပါတယ်။ အရှေ့အလယ်ပိုင်းဒေသတွင်း သမ္မတထရန့်အတွက် ဆွေးနွေးပေးနေတဲ့ Jared Kushner နဲ့ တွေ့ဆုံပွဲရှိတာကိုဖျက်ပြပြီး Tempo မြှင့်ပါတယ်။ Yair Netanyahu ကလည်း ဖခင်ဖြစ်သူကွယ်လွန်လို့ ပူဆွေးပြသလို လူမြင်ကွင်းကနေ ပျောက်ပြပါတယ်။ သာမန်စစ်သားတစ်ယောက် ကျဆုံးရုံနဲ့တောင် တရကြမ်း လက်စားချေတဲ့တိုင်းပြည်က ခေါင်းဆောင်သေသွားရင် AI Generated Video လေးနဲ့ ကချော်ကချွတ် လိမ်နေမှာမှ မဟုတ်ဘဲ။ အဲဒီ အတောအတွင်းမှာ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အမေရိကန်တို့ ကြီးကြီးမားမား ဆွေးနွေးနေကြမယ်လို့ ကျွန်တော် အကြမ်းဖျဉ်းယူဆပါတယ်။
ဒီတော့ မြင်သာတာက အီရန်ရော အစ္စရေးပါ Data Processing System ကို လိုသလိုထိန်းချုပ်ကြပါတယ်။ နှစ်ဖွဲ့စလုံးက သတင်းမှားတွေ ကျွေးကြပါတယ်။
အီရန်က ဒီစစ်ပွဲမှာ သတင်းအချက်အလက်ကို ဖန်တီးပြီး အနိုင်ရသလိုပုံဖော်ပါတယ်။ (အီရန်ကို ကိုယ်တိုင်သွားမကြည့်နိုင်ကြတော့လည်း သူပြောသမျှ ယုံကြရပါတယ်။ မြေပြင်မှာ ကလေးတွေကို လုံခြုံရေးတပ်သားသစ် စုနေရပေမဲ့ သူ့ထောက်ခံသူတွေအမြင်မှာ သူနိုင်ပါတယ်)
AI ဗီဒီယိုတွေမှာ သွားကြားထိုးပြနိုင်ပေမဲ့ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ရန်ဘက်မဖြစ်အောင် သူမလုပ်နိုင်တာ အမှန်တရားပါ။
အစ္စရေးကလည်း သတင်းအချက်အလက် အမှားပေးပြီး သူတို့ဝန်ကြီးချုပ်ကို အသေ ပြပါတယ်။ လူတွေက သူတို့ဝန်ကြီးချုပ် သေ/ မသေ ငြင်းနေကြတုန်းမှာ မော့ဆက်က ပါရှန်စကားပြောပြီး IRGC က တပ်မှူးတွေကို သိမ်းသွင်းပါတယ်။ ထုတ်မသုံးရသေးတဲ့ Esmail Qaani ရှိပါသေးတယ်။
အသေးစိတ်ရေးရင် အများကြီးရှိပါသေးတယ်။ ကျွန်တော်တို့နိုင်ငံအတွက်လည်း ပညာယူစရာရှိပါတယ်။ အီရန်ရဲ့နည်းရော၊ အစ္စရေးရဲ့နည်းပါ သုံးလို့ရပါတယ်။ အီရန်ရဲ့နည်းကတော့ တော်လှန်ရေးသမားတွေ သုံးသွားတာပါ။ Facebook ကို အကောင့်ပေါင်းများစွာနဲ့ ကြီးစိုးပြီး “တပ်ပျက်နေပြီ” အပါအဝင် တိုက်ပွဲသတင်းမှားတွေ စုပြုံတင်ခဲ့ကြတာဖြစ်ပါတယ်။ လှုံ့ဆော်မှုအားကောင်းတယ်။ Fundraising လည်း လုပ်နိုင်ခဲ့တယ်။ လူတွေဘယ်လောက်ယုံပြီး ငွေရေးကြေးရေး အကျိုးအမြတ် ဘယ်လောက်ရခဲ့သလဲဆိုတာကိုတော့ သူတို့အသိဆုံးပဲ။ Petition တောင် တစ်ခေါက် အကြီးအကျယ်ထိပ်တိုက်တွေ့လိုက်လို့ ထပ်မလုပ်ရဲတာပါ။ သူတို့ကိုယုံလို့ ပူးပေါင်းခဲ့ကြတဲ့ လူငယ်တွေရဲ့ အင်အားဆို တွေးကြည့်ပေါ့။ အီရန်လိုပါပဲ။ အွန်လိုင်းမှာတော့ နိုင်ခဲ့ကြပါတယ်။
အစ္စရေးနည်းကတော့ သတင်းမှားကို တမင်ချကျွေးပြီး နောက်ကွယ်ကနေ ဖြိုတာပါ။ အနီးစပ်ဆုံး “နဂါး အလင်းဝင်ခြင်း” နဲ့ ခပ်ဆင်ဆင်တူပါတယ်။ မြင်ရသလောက် နောက်ပိုင်း Information Warfare တွေမှာ လူထုအမြင်ပုံသွင်းဖို့ကသာ အဓိက ကျပြီး သတင်းအစစ်ဟုတ်၊ မဟုတ် ဆိုတာကြီးက တန်ဖိုးမရှိသလိုဖြစ်လာပါတယ်။
မည်သို့ပင်ဆိုစေကာမူ အဲဒါတွေအားလုံးဟာ လူမြင်ကွင်းမှာ ချခင်းထားတဲ့အရာတွေသာဖြစ်ပြီး ကျွန်တော်တို့တွေ သတိမမူမိတဲ့ “အဖြစ်မှန်/ အမှန်တရား” က သီးသန့်ဖြစ်နေတာကို တွေ့ကြရမှာပါ။ ဒီထက်ဆက်ရေးရင် ရေးလို့ရပါသေးတယ်။ Information ကို မဟာဗျူဟာကျ ထိန်းချုပ်လိုက်တာမျိုးပေါ့။ ဒါပေမဲ့ အဲဒါက သိပ်ကျွမ်းကျင်သွားရင် ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်၊ အုပ်စုတစ်ခု အာဏာတည်မြဲရေးကို ဦးတည်သွားတော့မှာမို့ နောက်မှပဲ ဖြည်းဖြည်းချင်း ရေးပါတော့မယ်။
ကျွန်တော့်အနေနဲ့ အီရန် – အစ္စရေးစစ်ပဲဆိုဆို၊ အီရန် – အမေရိကန်စစ်ပဲ ဆိုဆို ဘယ်နိုင်ငံဘက်ကမှ မလိုက်ပါဘူး။ တစ်ခုတော့ရှိပါတယ်။ အီရန်ဘက်ကလိုက်ရုံနဲ့ အားမရဘဲ ကိုယ့်မြန်မာနိုင်ငံသားတွေကို ပြန်ဆဲနေကြတဲ့လူတွေတွေ့ရင်တော့ တမင်ကို
” עם ישראל חי”…
လို့ ပြန်ရေးတတ်ပါတယ်။ သူတပါးကို မှားတယ် မှန်တယ် ဝေဖန်ရင်း ကိုယ့်တိုင်းပြည်ကိုယ်ပြန်စောင့်ရှောက်ဖို့မေ့နေတဲ့ ပညာရှင်ကြီးတွေကိုတွေ့ရတာ အနည်းငယ်တော့ စိတ်ပျက်စရာပါပဲ။ ကျွန်တော်ကတော့ “သင်ခန်းစာ” ကိုပဲ စိတ်ဝင်စားပါတယ်။ ကြည့်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ ဒီမိုကရက်တစ် အစိုးရသစ်တစ်ရပ်လည်း ပေါ်ထွက်လာတော့မှာမို့ AI/Algorithm နဲ့ Data Processing System ကို နိုင်ငံ့အကျိုးအတွက် ဘယ်လို အကျိုးရှိရှိ အသုံးချကြမယ်ဆိုတာကိုဖြင့် ဉာဏ်ရှိသလို အသုံးချကြလို့ရပါတယ်။ Mind Game ပါ တွဲကစားတတ်ရင် အကောင်းဆုံးပါ။
ခိုင်မာထက်မြက်သောအစိုးရသစ်တစ်ရပ် ပေါ်ထွန်းပါစေ…
သန့််နေစိုး (2. Apr. 2026)
