နေပြည်တော် ဩဂုတ် ၂၅

TNLA လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် တပ်မတော်၏ ထိုးစစ်ဆင်မှုများကို ဆက်လက်ခုခံနိုင်ခြင်းမရှိဘဲ ကစဉ့်ကလျားဖြင့် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးစဉ် ဩဂုတ် ၂၄ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ၏ အထင်ကရနှင့် ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် ဂုတ်ထိပ်တံတားအား ယုတ်မာ ရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သောကြောင့် ကျောက်မဲမြို့ဘက်အခြမ်း တံတားတိုင် အမှတ်(P-16) နှင့် ကမ်း ကပ်ခုံ (AB – 2) နေရာတို့အကြား ပေ ၆၀ အရှည်ရှိ တံတားသံပေါင်နေရာနှင့် တံတား၏ ကမ်းကပ်ခုံ (AB – 2) တို့ ပျက်စီးခဲ့သည်။  အဆိုပါ  လုပ်ရပ်က အကြမ်းဖက် သောင်းကျန်းသူ TNLA နှင့် အပေါင်းအပါ အကြမ်းဖက်သမားများ၏ အသိပညာနှင့် ဉာဏ်ရည်နိမ့်ကျမှုကို လက်တွေ့ ပြသလိုက်ခြင်းပင်ဖြစ်သည်။

ယင်းကဲ့သို့ TNLA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် စစ်ရေးနှင့် မသက် ဆိုင်သည့် နိုင်ငံ၏အထင်ကရနှင့် သမိုင်းဝင်နေရာအား အသိဉာဏ်နည်းပါးယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် လုပ်ရပ်နှင့်ပတ်သက်၍ အများပြည်သူတို့၏ ကန့်ကွက်ရှုတ်ချမှုနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သောင်းကျန်းသူများအမြစ်ပြတ်ချေမှုန်းရေးအတွက် ပြင်းပြင်းထန်ထန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဂုတ်ထိပ်တံတားကြီးသည် တည်ဆောက်သည့် နည်းပညာအဆင့်မြင့်မှုနှင့် သဘာဝပတ်ဝန်းကျင် လှပမှုတို့ကြောင့် ခေတ်အဆက်ဆက်ထင်ရှား ကျော်ကြားခဲ့သော တံတားတစ်စင်းဖြစ်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် မန္တလေး-လားရှိုး ရထားလမ်းပေါ်တွင် တည်ရှိသည်။ မြန်မာပြည်၏ အမြင့်ဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံးတံတား၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်းတံတားဟု မှတ်ကျောက်တင်ခံရပြီး ပြည်တွင်း/ ပြည်ပခရီးသွားအများအပြား လာရောက်လေ့လာလည်ပတ်လေ့ရှိသည့် တံတားတစ်စင်းလည်းဖြစ်သည်။

ဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ကာ ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ ဂုတ်ထိပ်တံတားသည် တံတားအရှည် ပေ ၂၂၆၀၊ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၁၁၀၀ တွင်ရှိပြီး နှစ်ပေါင်း ၁၂၅ နှစ် သက်တမ်းရှိသည့် မီးရထားလမ်းတံတား တစ်ခုဖြစ် သည်။ အဆိုပါ မြန်မာနိုင်ငံ၏အထင်ကရအမှတ်အသားတစ်ခုဖြစ်သည့် ဂုတ်ထိပ်တံတားအား ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အစိုးရနှင့် ဒေသခံပြည်သူများက လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်ခဲ့ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်းများတွင်လည်း ပါဝင်ခဲ့သည်။

လက်ရှိအချိန်တွင် TNLA နှင့် ၎င်း၏ အပေါင်းအပါ အကြမ်းဖက်သောင်းကျန်းသူများမှာ နေဝင်ချိန်သို့ နီးကပ်လာနေပြီး ၎င်းတို့ယာယီအားဖြင့် အဓမ္မရယူထားသည့် အရာများအားလုံး ပြန်လည်လက်လွှတ် ရတော့မည့် အချိန်အခါသို့လည်း ရောက်ရှိလာပြီဖြစ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ တစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုဖြင့် သောင်းကျန်းသူများအမြစ်ပြတ် ချေမှုန်းရေးအတွက် ပြင်းပြင်း ထန်ထန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 သီဟစည်သူ