ပြီးခဲ့တဲ့အပတ်အတွင်းမှာတော့ စစ်တွေ ဒကစ အထိ ခြိမ်းခြောက်နိုင်လောက်အောင် အောင်ပွဲတွေ ရနေပါပြီဆိုတဲ့ ရခိုင်သူပုန်တွေရဲ့ “ယင်ကောင်ကင်းမဲ့ဇုန်” တောင်းဆိုချက်ပဲဖြစ်ပါတယ်။ ပြည်ထောင်စုကနေ ခွဲထွက်ကြဖို့ ရွပ်ရွပ်ချွံချွံ တိုက်လာကြတာဟာ နှစ်ပေါင်းခုနစ်ဆယ်ကျော်ပြီဖြစ်ပြီး တိုင်းပြည်လည်း အတော်ကို ချွတ်ခြုံကျနေပါပြီ။ သို့သော် ကျွန်တော်တို့ အဖြေရဖို့တော့ ဝေးနေသေးတယ်။ ပြောခဲ့ဖူးသလိုပဲ ရခိုင်စစ်က ကြာမှာပါ။

ကျွန်တော်တို့ တိုင်းရင်းသားတွေအနေနဲ့ စစ်ပွဲတွေကို တစ်ဖက်သတ်စိတ်ကြိုက်ဖော်ဆောင်ပြီး လေကြောင်းကနေ နှိမ်နင်းခံရတဲ့အခါ “No Fly Zone” သတ်မှတ်ပေးဖို့ ထ အော်ကြတာလည်း ထုံးစံတစ်ခုလိုဖြစ်နေတယ်။ ၁၀၂၇ ကာလတုန်းကလည်း ဝ က သူတို့ပိုင်နက်အပေါ် တပ်မတော်စစ်လေယာဉ် ဖြတ်မပျံရဘူး လို့ ကြေညာဖူးတယ်။ No Fly Zone ဟာ နိုင်ငံတစ်နိုင်ငံရဲ့ လေပိုင်နက်နဲ့ အချုပ်အခြာအာဏာတို့နဲ့ တိုက်ရိုက်ပတ်သက်တာမို့ တောင်းဆိုရုံနဲ့ ရရိုးထုံးစံတော့မရှိဘူး။ မရှိသည့်တိုင်အောင် ပြည်ပကျောထောက်နောက်ခံ ရှိရင် ရှိသလို၊ ပေါက်ရောက်ရင် ပေါက်ရောက်သလို တောင်းဆိုနေကြမြဲဖြစ်တယ်။

တစ်နိုင်ငံလုံးကို စစ်မျက်နှာဖြန့်နေရတဲ့ အနေအထားမှာ အရှေ့မြောက်ဒေသက ကိုးကန့်သူပုန်တွေ လူသစ်တွေ အရှိန်အဟုန်နဲ့ စုနေကြတယ်ဆိုတဲ့သတင်းတွေလည်း တက်လာနေပါသေးတယ်။ တရုတ်စာ၊ တရုတ်စကား၊ တရုတ်ငွေ အဓိကထား သုံးစွဲတဲ့အပြင် တရုတ်ယဉ်ကျေးမှုကိုပါ လက်ခံကျင့်သုံးနေတဲ့ ကိုးကန့်တွေရဲ့လုပ်ရပ်ဟာ ဒေသခံ အခြားတိုင်းရင်းသားတွေအတွက် တိုင်းရင်းမဆန်ဘဲ နိုင်ငံခြားသားဆန်နေတယ်။ ကိုးကန့်ကို နိုင်ငံခြားသားတွေလို ယူဆပြောဆိုကြတဲ့အပေါ်လည်း ကိုးကန့်တွေ အတော်နာနေကြတာတွေ့ရပါတယ်။

ပြဿနာက ကျွန်တော်တို့ဘက်က အဆိုပါ အက်ကြောင်းကို ဗျူဟာကျကျသုံးပြီး ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ဖို့ အနည်းငယ်အခက်တွေ့နေတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနေအထားက ရုရှားက ယူကရိန်းနိုင်ငံတွင်းကို ဝင်တိုက်သလိုမျိုး ပြည်ပကျူးကျော်စစ် စစ်စစ်ကြီးလည်း ဟုတ်မနေဘူး။ Proxy ဖြစ်တဲ့အတွက် ဖြေရှင်းရ လက်ဝင်ပါတယ်။ သို့သော်လည်းပေါ့… ကျူးကျော်စစ် စစ်စစ် မဟုတ်တဲ့အတွက် တစ်ဖက် ပါဝင်ပတ်သက်မှုကလည်း အကန့်အသတ်နဲ့ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် –

– မြန်မာနိုင်ငံက တရုတ်စကားပြော လက်နက်ကိုင်တွေရဲ့ နယ်မြေစိုးမိုးမှုနဲ့ ယဉ်ကျေးမှုဝါးမျိုမှုကို တိုင်းရင်းသားတွေ မည်မျှ စိုးရိမ်နေကြောင်း Media Awareness ယူသင့်ပါတယ်။

– ဒေသခံ တိုင်းရင်းသားတွေရဲ့ အရပ်ဘက် စစ်ဘက် အဖွဲ့အစည်းပေါင်းစုံရဲ့ အသံတွေကို အခုထက်ပိုချပြဖို့လိုမယ်။ (ကိုးကန့်ဟာ စစ်တိုက်ပြီးသိမ်းယူထားတဲ့နယ်မြေတွေမှာ အခြေချနေကြတာဖြစ်တဲ့အတွက် စစ်ဘက်အဖွဲ့အစည်းတွေရဲ့ အသံတွေကလည်း လိုအပ်ပါတယ်)

– အထိအခိုက်မခံတဲ့ကာလမှာ အကဲဆတ်တဲ့ Topic တစ်ခုဖြစ်တဲ့ “အဆင့်မြင့်အုပ်ချုပ်ပုံစနစ်” နဲ့ ပတ်သက်ပြီးလည်း ရှင်းရှင်းလင်းလင်း သိရအောင် ချပြနိုင်အောင် မီဒီယာအနေနဲ့ ကြိုးစားသင့်တယ်။ အစိုးရအနေနဲ့မဟုတ်ဘဲ လွတ်လပ်တဲ့ မီဒီယာတွေက ကြိုးစားပေးနိုင်ရင် ပိုကောင်းတယ်။ အဆိုပါမှတ်ချက်ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ကမောက်ကမ ဖြစ်မသွားပါဘူး – ဆိုတဲ့ အာမခံချက်တစ်ခု လိုအပ်တယ်။

– ကျွန်တော်တို့နိုင်ငံမှာ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဗဟိုအစိုးရနဲ့ ဒေသအစိုးရကြား Power Distribution တွေ လိုအပ်နေသေးတာမှန်ပါတယ်။ ဒါပေမဲ့ နယ်မြေဒေသတစ်ခုကို လက်နက်ကိုင်တစ်ဖွဲ့စီ (ဒေသခံစစ်ဘုရင်ငယ်ပုံစံ) ခွဲဝေအုပ်ချုပ်စေတာဟာ တကယ်ပဲ ဖြစ်သင့်တဲ့ကိစ္စလားဆိုတာကိုလည်း ကျွန်တော်တို့ ကွဲကွဲပြားပြား သိဖို့လိုအပ်ပါတယ်။

– ကျွန်တော်တို့ဟာ ဘေးအိမ်က အိမ်နီးချင်းနဲ့ပတ်သက်ပြီး မယုံသင်္ကာစိတ်တွေ တဖြည်းဖြည်း ကြီးလာနေပါပြီ။ ဒီသံသယတွေကို နိုင်ငံကြီးအစား သူ့မူဝါဒတွေကို ကျွန်တော်တို့ကြား ရပ်တည်ဖြန့်ဝေနေတယ်လို့ယူဆရတဲ့ လော်ဘီတွေဆီ ပုံချလိုက်တာကလည်း ကျွန်တော်တို့ရဲ့ စိတ်ဖြေနည်းတွေထဲက တစ်ခုပဲ။ သို့သော်…

အဲဒါဟာ နည်းလမ်းမှန်ဟုတ်မနေဘူး။ ကျွန်တော်တို့ သံသယတွေကို အခုထက်ပိုရှင်းမှဖြစ်ပါမယ်။ မီဒီယာ အခုထက်ပို အလုပ်လုပ်ဖို့လိုပါတယ်။

ဒီလိုမှမဟုတ်ရင်… ကျောထောက်နောက်ခံကိုယ်စီနဲ့ တိုင်းပြည်ကနေ ခွဲထွက်ကြတဲ့ ဒီပွဲမှာ No Fly Zone တွေ တိုးလာဖို့ပဲရှိတော့တယ်။

တချို့တွေက “ယင်ကောင်” တွေနဲ့ တူပါတယ်။ တိုင်းပြည်‌ဒဏ်ရာရပြီး အလျဉ်မီအောင် ဆေးမကုနိုင်မှ ယင်ချေးဝင်ဥကြတဲ့ ယင်ကောင်တွေနဲ့ တူတယ်။ အဆိုပါယင်ကောင်တွေရဲ့ သားလောင်းတွေဟာ တိုင်းပြည်ရဲ့ သွေးထွက်ဒဏ်ရာနဲ့တူတဲ့ စစ်ဇုံတွေမှာ စစ်ဘုရင်တွေအဖြစ် အင်အားကြီးထွားပြီး ပွားများနေကြတယ်။ ကြာတော့ တိုင်းပြည်နာပါတယ်။ သူတို့ပဲ No Fly Zone လိုအပ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့လည်း No Fly Zone လိုအပ်ပါတယ်။ ယင်ကောင်ကပ်ပါး ကင်းမဲ့ဇုန်ပါ။

လောလောဆယ်အထိတော့ မြန်မာဟာ လမ်းသစ်ဖောက်ဖို့ ကြိုးစားနေပါတယ်။ ဘေးအိမ်က အိမ်နီးချင်းကလည်း လော်ဘီများစွာနဲ့ အမျိုးစုံ ဖိအားပေးနေပါတယ်။ အဆိုးဆုံးကတော့ –

– ရုရှားက ယူကရိန်းနိုင်ငံတွင်းက နယ်မြေတွေကို ကျူးကျော်သိမ်းပိုက်တာကို ထောက်ခံကြတဲ့မြန်မာတွေက ကိုးကန့်ကိုတော့ သူ့နေရာသူပြန်ဆုတ်စေချင်ကြတယ်။ ကိုးကန့်လည်း စစ်တိုက်ပြီးသိမ်းထားတဲ့နယ်မြေပဲ – ဆိုတဲ့ Narrative ကို မျက်နှာပြောင်တိုက်ဖြန့်ချိလာကြတာပါ။ စစ်ကို ရွေးစရာတစ်ခုလို ပြောချင်ပုံပါပဲ။

ရပါတယ်။ လောလောဆယ်အထိ ကျွန်တော်တို့ကိုယ်တိုင်က စစ်မျက်နှာများနေသေးတော့ မလိုအပ်ဘဲ စစ်ဘောင်မချဲ့သေးပေမဲ့ မီဒီယာကနေတဆင့် လိုသလို ကစားလို့ရပါတယ်။ ကစားတတ်ဖို့ပဲ လိုတာပါ။ ကစားရဲဖို့ပဲလိုတာ။

နိုင်ငံတော်ကိုလှိုက်စားနေသော သွေးထွက်သံယို စစ်ပွဲများ အမြန်ဆုံးချုပ်ငြိမ်း ငြိမ်းချမ်းပါစေ။ ယင်ကောင်များလည်း ကင်းမဲ့ပါစေ။

သန့်နေစိုး (1. Nov. 2026)