အောင်နိုင်သူ(ဇွဲကပင်)
ယခုသတင်းပတ်ကတော့ အမေရိကန်သီတင်းပတ်လို့ ဆိုရမလားပဲ၊ အမေရိကန်သတင်းတွေက နိုင်ငံတကာသတင်းမီဒီယာတွေမှာ နေရာယူလွှမ်းမိုးခဲ့တာ တွေ့ရတယ်။ ဘယ်အမေရိကန် သတင်းကနေ ဆောင်းပါး စရေးရင်ကောင်းမလဲဆိုပြီး စဉ်းစား၊ ရွေးရခက်စေတဲ့ သီတင်းပတ်လည်း ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် သမိုင်းတစ်လျှောက် ဒီမိုကရေစီဘိုးအေ၊ လူ့အခွင့်ရေးလို့ တဖွဖွ ပြောခဲ့ကြတဲ့ အမေရိကန်တွေ ဒီတစ်ကြိမ်တော့ သိက္ခာရော ပုံရိပ်တွေပါ အောက်ဆုံးအထိ ကျဆုံးခဲ့ရပါတယ်။ ဒါ့ကြောင့် အမေရိကန်ဒီမိုကရေစီနဲ့ မြန်မာ့ဒီမိုကရေစီကို နှိုင်းယှဉ် လေ့လာကြည့်မိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကမ္ဘာအချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်စ်နဲ့ အမေရိကန် သမ္မတထရမ့်တို့ အစေးမကပ်တော့လို့ လူမှုကွန်ရက်ကနေ အပြန်အလှန် စကားများ ရန်ဖြစ်ကြပါတယ်။ ဒါကြောင့် အီလွန်မက်စ်က နိုင်ငံရေးပါတီသစ်ထောင်မယ်လုပ်ပါတယ်။ မြန်မာမှာ ဆိုရင်တော့ Third Party တတိယပါတီဆိုပါတော့။ ပါတီနာမည်က အမေရိကန်ပါတီဆိုပြီး ပေးထားပါသေးတယ်။ ဒီလိုနိုင်ငံရေးပါတီသစ် ထောင်သင့် မထောင်သင့်နဲ့ပတ်သက်ပြီး သူ့ လူမှုကွန်ရက်အကောင့်ကနေ စစ်တမ်းကောက်ယူကြည့်ရာ ၂၄ နာရီအတွင်း လူငါးသန်း ခြောက်သိန်းကျော် မဲပေးခဲ့တယ်။ လူပေါင်း ၈၀ ရာခိုင်နှုန်းက ပါတီထောင်သင့်ကြောင်း သဘောတူထောက်ခံခဲ့ကြပါတယ်။
ဒီမိုကရေစီစနစ်အရ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်မို့ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ထူးဆန်းတာက အီလွန်မက်စ် ဒီလိုလုပ်ရမလားဆိုပြီး အမေရိကန်လက်ယာသတင်းဌာန ထူထောင်သူ၊ ထရမ့်ရဲ့ အိမ်ဖြူတော် နိုင်ငံရေးအကြံပေးဟောင်း စတိဗ်ဘန်နွန်က ဘီလျံနာကြီးအီလွန်မက်စ်ရဲ့ နိုင်ငံသားဖြစ်တည်မှုကို စုံစမ်းစစ်ဆေးသင့်တယ်။ သူဟာ အမေရိကန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်ခဲ့တာတွေ့ရင် နိုင်ငံကနေ မောင်းထုတ်သင့်တယ်လို့ ပြောတယ်။ ဒါ့အပြင်အီလွန်မက်စ်ဟာ ကွန်မြူနစ်တစ်ယောက်ဖြစ်တယ်။ ရာဇဝတ်အကျဉ်းသားတစ်ဦးရဲ့သားလို့ ပြင်းပြင်းထန်ထန် စွပ်စွဲတိုက်ခိုက်ပါတယ်။
အီလွန်မက်စ်က တောင်အဖရိကမှာ မွေးခဲ့တယ်ဆိုပေမယ့် အမေရိကန်အတွက်တော့ စေတနာ ပါပါ လုပ်ပေးခဲ့သူပါ။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရဖို့အတွက် အမေရိကန် ဒေါ်လာသန်း ၂၅၀ အကုန်ကျခံပြီး ထရမ့်ဘက်ကနေ ပုံအောပေးခဲ့တာကြည့်ရင်လည်း သိနိုင်ပါတယ်။ အီလွန်မက်စ်ကို ကွန်မြူနစ်လို့ စွပ်စွဲပြီး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေကို ကြည့်ရင် အမေရိကန်ဒီမိုကရေစီဟာလည်း ငါနဲ့မတူ ငါ့ရန်သူ၊ ငါ့ကိုမထောက်ခံရင် ရန်ပြုတိုက်ခိုက်သလို ဖြစ်နေတာ တွေ့ရပါတယ်။
ဒီနေရာမှာ စဉ်းစားရမှာက ဒီမိုကရေစီဘိုးအေပါလို့ တတွင်တွင်ပြောခဲ့တဲ့ အမေရိကန်အတွက် ပါတီလေးတစ်ခုလောက် တိုးသွားရင်ရော ဘာဖြစ်သွားမှာမို့လို့လဲ။ အမေရိကန်ဒီမိုကရေစီက ပါတီစုံဒီမိုကရေစီစနစ် မဟုတ်လို့လားလား။ နှစ်ပေါင်း ၂၅၀ လောက် အခြေခိုင်လာခဲ့တဲ့ အမေရိကန် ဒီမိုကရေစီက စစ်ရောစစ်ရဲ့လားဆိုတဲ့ မေးခွန်းပေါင်းများစွာကိုထုတ်ပြီး ဆန်းစစ်ရတော့မလို ဖြစ်နေပါပြီ။
ဒီပုံတိုင်းဆိုရင် အမေရိကန်ဟာ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးနေတယ်လို့ သတ်မှတ်လို့မရပါဘူး။ တစ်ပါတီ အာဏာရှင်စနစ် မဟုတ်ပေမယ့် နှစ်ပါတီသာ နိုင်ငံရေးလုပ်ပိုင်ခွင့်ရှိလို့ နှစ်ပါတီအာဏာရှင်စနစ် ပုံစံ ပေါက်နေပါတယ်။
နောက်ထပ်စဉ်းစားမိတာက အမေရိကန်ဟာ နောက်ထပ်ပါတီတွေ ထပ်မပေါ်လာဖို့အတွက် နိုင်ငံရေးလွတ်လပ်ခွင့်ကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ကန့်သတ်ထိန်းချုပ်ထားပုံရပါတယ်။ မြင်နိုင်တဲ့ဥပဒေတွေအရ အမေရိကန်မှာ ထိန်းချူပ်ထားတာ မရှိနိုင်ပေမယ့်မမြင်နိုင်တဲ့ တားမြစ်ချက် တွေက ရှိနိုင်ပါတယ်။ အမေရိကန် သမိုင်းကို ပြန်ကြည့်ရင်လည်း ၁၈၆၀-၁၈၆၅ အမေရိကန် ပြည်တွင်းစစ်နဲ့အတူ လူဖြူအမျိုးသားရေးဝါဒီတွေက K သုံးလုံးဂိုဏ်းတွေထူထောင်လာပြီး လူမည်းတွေကို နှိပ်ကွပ်ခဲ့ဖူးတဲ့ သမိုင်းရှိခဲ့ဖူးတယ်။ ညဘက်ဆိုရင် လူဖြူတွေ လိုက်သတ်လို့ ပုန်းအိပ်ခဲ့ရတဲ့ အမေရိကန်လူမည်းတွေရဲ့ အကြောင်းကို ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ လေရူးသုန်သုန် (Gone With The Win) ကို ဖတ်ဖူးသူတိုင်း သိပါတယ်။
ယခုထိလည်း Deep State ဆိုတဲ့ ကိုယ်ပျောက်အစိုးရက လင်ကွန်းခေတ်ကစလို့ ကနေဒီ လုပ်ကြံမှု၊ ထရမ့်ကိုလုပ်ကြံမှုအထိ ပါဝင်ပတ်သက်ခဲ့ကြတယ်။ အမေရိကန်မှာ အမျိုးသမီးတွေ မဲပေးခွင့်ရတာ မကြာသေးပါဘူး။
အမေရိကန် ဒီမိုကရေစီဆိုပြီး အထင်ကြီးလို့မရတာတွေလည်း အများကြီး ရှိပါတယ်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အသက်ဝင်ခဲ့တဲ့ ၁၇၈၇ ကနေ ၁၉၉၂ အထိ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ပုဒ်မ ၂၇ ခုသာ ပြင်ဆင်ခွင့်ရပါသေးတယ်။ ဒါကို ကြည့်ရင်လည်း အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေလို ပြင်ဆင်ရခက်တဲ့ ဥပဒေတွေထဲမှာ ပါနေတာတွေ့ရပြန်တယ်။
မြန်မာနဲ့ နှိုင်းယှဉ်ရင်တော့ အမေရိကန်ဒီမိုကရေစီဟာ သံသယဖြစ်စရာ၊ မေးခွန်းထုတ်စရာ တွေ အများကြီးထွက်ပေါ်လာပါတယ်။ ထင်ရှားတဲ့ သာဓကတချို့ကို ပြောရရင် ၁၉၈၈ မှာ ပါတီစုံဒီမိုကရေစီစနစ်ကို ကူးပြောင်းမယ်ကြေညာတော့ မြန်မာမှာ ပါတီပေါင်း ၂၃၅ ပါတီ မှတ်ပုံတင်ခဲ့ဖူးပါတယ်။ ကျင်းပပြီးခဲ့တဲ့ရွေးကောက်ပွဲတွေကို လေ့လာကြည့်ရင်လည်း ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ၄၂ ပါတီ မှတ်ပုံတင်ပြီး ၃၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီပေါင်း ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို၂၀၂၀ ပြည့်နှစ်မှလည်း ပါတီ ၉၀ ကျော်ယှဉ် ပြိုင်ခဲ့ကြပါတယ်။ ယခု ၂၀၂၅ ရွေးကောက်ပွဲအတွက်လည်း ပါတီပေါင်း ၅၄ ပါတီ မှတ်ပုံတင်ထားပြီးပြီဖြစ်ပါတယ်။ ပါတီတွေ ယခုလိုလွတ်လွတ်လပ်လပ်ထူထောင်ခွင့်ရတာကို ကြည့်ရင်လည်း မြန်မာ့ဒီမိုကရေစီရဲ့ နိုင်ငံရေးလွတ်လပ်ခွင့်ကို အထင်းသားမြင်တွေ့ရမှာ ဖြစ်ပါတယ်။
အမေရိကန်မှာလို သုံးပါတီလောက်ဖြစ်လာမှာကိုတောင် လက်မခံဘဲ အတင်းအကြပ် တားမြစ်နေတာကိုကြည့်ရင် မြန်မာကပဲ အမေရိကန်ထက်ပိုပြီး နိုင်ငံရေးလွတ်လပ်ခွင့်ပေးလို့လား၊ US ထက်ပိုပြီး ဒီမိုကရေစီဆန်နေသလား ဆိုတာကတော့ သေချာဆန်းစစ်ကြည့်သင့်တယ်။
တစ်ဖက်မှာလည်း ဒီလိုစဉ်းစားလို့ရပါတယ်။ မြန်မာတွေပဲ မညီညွတ်လို့၊ အာဏာနိုင်ငံရေး သမားတွေများနေလို့ ပါတီတွေ ဒီလောက်များတာလည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ မျက်မြင်အရ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပါတီတွေ စိတ်ကြိုက်ထူထောင်ပြီး ပါဝင်ယှဉ်ပြိုင်ခွင့် ရနေတဲ့မြန်မာ့ဒီမိုကရေစီဟာ အမေရိကန်ထက် မနိမ့်လောက်ဘူး ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီသတင်းပတ်ထဲမှာ ရုပ်ပျက်ဆင်းပျက်နိုင်လှတဲ့ အမေရိကန်ဒီမိုကရေစီရဲ့ အကျည်းတန်မှုတွေကို ကမ္ဘာကြီးက မြင်တွေ့ခွင့်ရခဲ့ပါတယ်။ အယ်လ်အေ (LA) မှာ လူထုဆန္ဒပြမှုတွေကို အမေရိကန်တွေ ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား နှိမ်နင်းနေတာ တွေ့ ရတယ်။ ထရမ့်က ဖက်ဒရယ်ရဲ ၂၀၀၀လွှတ်လိုက်တာကို အယ်လ်အေပြည်နယ်အုပ်ချုပ်ရေးမှူး Gravin Newsom က မပူးပေါင်းလို့ နောက်ထပ်မရင်းတပ်သား ၇၀၀ စေလွှတ်ပြီး နှိမ်နင်း နေရတယ်။ အခုဆိုရင် အမေရိကန် မြို့ကြီး ၃၀ အထိ ဒီအကြမ်းဖက်ဆန္ဒပြမှုတွေ ကူးစက်သွားပြီ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေကလည်း အကြမ်းဖက်သလို နှိမ်နင်းသူတွေကလည်း ခပ်ကြမ်းကြမ်း ကိုင်တွယ်ဖမ်းဆီးဖြိုခွဲနေတယ်။ အချို့မြို့တွေ ကာဖျူးအမိန့်ထုတ်ပြီး ညမထွက်ဖို့အထိ ပြင်းပြင်း တားဆီးထိန်းချုပ်လာတာ တွေ့ရတယ်။ လူအုပ်ကြီးထဲကို မြင်းတွေနဲ့စီးပြီး ဝင်တိုက်တာတွေ့ရသလို အမျိုးသမီးငယ်တွေကိုလည်း ရိုက်နှက်ဖမ်းဆီးတာတွေ ပစ်ခတ်ပြီး လူစုခွဲတာတွေကိုလည်း တွေ့ရပါ တယ်။ အမေရိကန်နိုင်ငံ တရားဥပဒေစိုးမိုးရေးအတွက် အခုလို လုပ်တာကို အပြစ်ပြောလိုမရပါဘူး။ ဒါပေမယ့် အမေရိကန်လုပ်ရင်တော့မှန်တယ်။ မြန်မာမှာလုပ်ရင်တော့ လူ့အခွင့်အရေး ချိုးဖောက်တယ်။ စိုးရိမ်တယ်၊ စိတ်ပူတယ်ဆိုပြီး ဟိုကြေညာချက် ဒီကြေညာချက်ထုတ်တာမျိုးကို ပြန်ပြီအမှတ်ရမိစေပါတယ်။
ဘယ်လိုပဲဖြစ်ပါစေ၊ မြန်မာ့ဒီမိုကရေစီနဲ့ အမေရိကန်ဒီမိုကရေစီ ခိုင်းနှိုင်းစရာမဟုတ်ပေမယ့် ခိုင်းနှိုင်းရတဲ့ အကြောင်း တွေ ရှိပါတယ်။ မြန်မာတွေအပါအဝင် တစ်ကမ္ဘာလုံးက ဒီမိုကရေစီလို့ ပြောလိုက်ရင် အမေရိကန်မှ အမေရိကန်ဆိုပြီး ခေါက်ရိုးကျိုးနေကြလို့ပါ။ အမေရိကန်ဒီမိုကရေစီလည်း ဆန္ဒပြရင် လူစုခွဲပစ်သလို အကြမ်းဖက်ဆူပူပြီဆိုရင်တော့ ပစ်ခတ်နှိမ်နင်းကြပါတယ်။ ဒါက အမေရိကန်မှ မဟုတ်ပါဘူး။ တည်ဆဲအစိုးရတိုင်းကလည်း လုပ်ကြရပါတယ်။ မြန်မာမှာလည်း လုပ်ပါတယ်။ မြန်မာ့ဒီမိုကရေစီထက် သာသွားရတာက ပါတီစုံဒီမိုကရေစီစနစ် ပီပြင်ခြင်းကြောင့်ပါ။ အမေရိကန်ကတော့ နှစ်ပါတီထက်မပိုတဲ့ ဒီမို ကရေစီစနစ်ဖြစ်နေလို့ မြန်မာ့ဒီမိုကရေစီဟာ အမေရိကန်ထက်မနိမ့်တာကို အားလုံးတွေ့ မြင်လိုက်ကြပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဇင်ဘာလမှာလုပ်မယ့် ပါတီစုံဒီမိုကရေစီအထွေထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်အောင် ကိုယ်ကျရာအခန်းကဏ္ဍကနေ ပါဝင်ကြခြင်းဖြင့် မြန်မာ့ဒီမိုကရေစီရှင်သန်ရေးအတွက် ဝိုင်းဝန်းကူညီကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
