ဂျော့ဆိုရော့စ်ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း(Open Society Foundation) ကို တည်ထောင်သူ၊ ပညာသင်ဆုများပေးနေသူ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ဖန်တီးပေးနေသူအဖြစ် သိရှိထားပြီး ဖြစ်နေမှာပါ။ တကယ်ရော သူပြောတဲ့အတိုင်းလုပ်နေသူလား ဆိုတာကို ဆန်းစစ်ကြည့်ချင်မှ ကြည့်မိမှာပါ။ ဂျော့ဆိုရော့စ် ဟာ သူ့ရဲ့အကျိုးစီးပွားနဲ့ ယှဥ်လာရင် နိုင်ငံတွေရဲ့အစိုးရတွေ အပြောင်းအလဲဖြစ်အောင် နောက်ကွယ်ကနေ ကြိုးကိုင်ဖန်တီးခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။ နိုင်ငံငယ်လေးတွေ မဆိုထားနဲ့ အိန္ဒိယလိုနိုင်ငံကြီးတစ်နိုင်ငံရဲ့ ပြည်တွင်းရေး ကိုတောင် ဝင်ရောက်စွက်ဖက် နေတယ်ဆိုတဲ့ သတင်းတွေ ဖတ်ရပါတယ်။ ဘာကြောင့် ကမ္ဘာ့ လူဦးရေ အများဆုံး ဖြစ်လာတဲ့ အိန္ဒိယလို ဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရသလဲ ဆိုတာနဲ့ ပတ်သက်လို့ လက်လှမ်းမီသမျှ လေ့လာတင်ပြလိုက်ပါတယ်။
ဟန်ဂေရီ−အမေရိကန်နွယ်ဖွား ပရဟိတသမားဆိုသူ ဂျော့ဆိုရော့စ်ဟာ ၂၀၂၃ ခုနှစ် အစောပိုင်းကတည်းက အိန္ဒိယနိုင်ငံအာဏာရပါတီ BJP အပေါ် အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့ တယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ ဂျော့ဆိုရော့စ်ဟာ အိန္ဒိယနိုင်ငံ မတည် မငြိမ်ဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ ဝန်ကြီးချုပ်မိုဒီအပေါ် ဝေဖန်နေကြတဲ့လူပုဂ္ဂိုလ်တွေကို ထောက်ပံ့မှုတွေပေးနေတယ် ဆိုတဲ့သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်လာခဲ့ပါတယ်။ ဟိန္ဒူအများစု ကြီးစိုးတဲ့ BJP ပါတီဟာ ဆယ်စုနှစ် တစ်စုအတွင်းမှာ မဲအများစု အနိုင်ရရှိမှု ဆုံးရှုံးခဲ့ပေမယ့် ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့နိုင်တဲ့ အထိတော့ အနိုင်ရရှိခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဂျော့ဆိုရော့စ်တို့ ပူးပေါင်းပြီး ဝန်ကြီးချုပ်မိုဒီ အားနည်းအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်နေတာ ဖြစ်တယ် လို့ BJP ပါတီက ထုတ်ပြောခဲ့ပါတယ်။
အတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဒီအပါအဝင် ကွန်ဂရက်ခေါင်းဆောင်တွေဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဂျော့ဆိုရော့စ်ဖောင်ဒေးရှင်းတို့က တစ်စိတ်တစ်ပိုင်း ထောက်ပံ့ပေးထားတဲ့ စုံစမ်းထောက်လှမ်းရေးသားတဲ့ ဂျာနယ်လစ်အဖွဲ့(A group of Investigative Journalists)ကို အသုံးပြုခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ဝန်ကြီးချုပ်မိုဒီကို အဓိက ပစ်မှတ်ထားတဲ့ စီးပွားရေး၊ လုံခြုံရေးနဲ့ ဒီမိုကရေစီနဲ့ပတ်သက်တဲ့ မေးခွန်းတွေ ဘယ်လို မေးရမယ်ဆိုတဲ့အထိ ပြင်ဆင်ပေးခဲ့တယ်လို့ BJP ပါတီက သူ့ရဲ့ပါတီ တွစ်တာစာမျက်နှာမှာ ရေးတင်ခဲ့ပါတယ်။ ဂျော့ဆိုရော့စ်ရဲ့ Open Society Foundation နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ဟာ အုပ်စုဖွဲ့ရာဇဝတ်မှုကျူးလွန်မှုနဲ့ အကျင့်ပျက်ခြစားမှု အစီရင်ခံခြင်း စီမံချက်(Organized Crime and Corruption Reporting Project–OCCRP)ထွက်ပေါ် လာရေး ရန်ပုံငွေထောက်ပံ့ပေးခဲ့ကြောင်း ပြင်သစ်သတင်းဌာနတစ်ခုကို ကိုးကားပြီးတော့ BJP ပါတီက ဖွင့်ချခဲ့ပါတယ်။
အမေရိကန်အစိုးရကို နောက်ကွယ်ကနေ ကြိုးကိုင်ထားတဲ့ deep state မှာ ဝန်ကြီးချုပ် မိုဒီအပေါ်ပစ်မှတ်ထားပြီး အိန္ဒိယကို မတည်မငြိမ်ဖြစ်အောင်လုပ်လိုတဲ့ ရည်ရွယ်ချက် ရှိနေ တယ်ဆိုတာ ရှင်းရှင်းလင်းမြင်နေရတယ်လို့ BJP ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီအာဂျင်ဒါရဲ့ နောက်ကွယ်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းရှိနေပြီး OCCRP ဟာ deep state အာဂျင်ဒါ ဆောင်ရွက်ဖို့အတွက် မီဒီယာလက်နက်တစ်ခုအနေနဲ့ အသုံးချခဲ့တာဖြစ်တယ်လို့လည်း BJP ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က ထပ်လောင်းပြောဆိုခဲ့ပါသေးတယ်။
ပါကစ္စတန်ကို ထောက်ခံဖို့နဲ့ ရုရှားဆန့်ကျင်ရေး အားကောင်းဖို့ဟာ ဂျော့ဆိုရော့စ်ရဲ့ အိန္ဒိယမှာရှိတဲ့ အကျိုးစီးပွားပဲ ဖြစ်တယ်ဆိုတဲ့ သတင်းတွေထွက်နေတာလည်းရှိပါတယ်။ ဂျော့ဆိုရော့စ်ဟာ ဟန်ဂေရီမှာရော၊ ရုရှား၊ တူကီယဲနဲ့ မလေးရှားတို့မှာပါ ဥပဒေမဲ့လုပ်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံလို အမျိုးသားရေးဝါဒ အားကောင်းလာတဲ့ နိုင်ငံမျိုးမှာ အစိုးရအပြောင်းအလဲဖြစ်ဖို့အတွက် အမေရိကန်ဒေါ်လာ တစ်ဘီလျံအထိပေးဖို့ ကတိပြုခဲ့တာတောင် ရှိခဲ့တာဖြစ်ပါတယ်။ ဂျော့ဆိုရော့စ်ဟာ အိန္ဒိယနိုင်ငံမှာ လမ်းဘေး ဈေးသည်ကနေ စတော့ဈေးကွက်အထိ ကစဥ့်ကလျား ဖြစ်အောင်လုပ်ပြီး အိန္ဒိယဒီမိုကရေစီ ကို ကမောက်ကမဖြစ်အောင်လုပ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ ဝေဖန်မှုလည်းရှိနေပါတယ်။ အိန္ဒိယနိုင်ငံဟာ သန်းနဲ့ချီတဲ့ မွတ်ဆလင်တွေကို နိုင်ငံသားမပေးဘဲထားတယ်ဆိုပြီး ဂျော့ဆိုရော့စ်က လိမ်ညာခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ဂျော့ဆိုရော့စ်ဟာ အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဥ်နဲ့ပတ်သက်လို့ မကောင်းဉာဏ်ရှိသူ ဖြစ်တယ်လို့ အိန္ဒိယအစိုးရ အမျိုးသမီးနဲ့ကလေးသူငယ်ဖွံ့ဖြိုးရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ Smriti Irani က သူ့ရဲ့တွစ်တာမှာ ရေးတင်ဖူးပါတယ်။ ဂျော့ဆိုရော့စ်ရဲ့ အဓိကရည်မှန်းချက်က အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို အားနည်းယုတ်လျော့အောင်လုပ်ဖို့ ဖြစ်တယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံအတွင်းမှာရှိတဲ့ သူ့ရဲ့အကျိုးစီးပွားတွေကို ကာကွယ်သွားမယ် လို့လည်း တရားဝင်ထုတ်ပြောထားသူ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝန်ကြီးချုပ်မိုဒီဟာ သူရဲ့ အဓိက ဦးတည်ပစ်မှတ် ဖြစ်လာပါတယ်။
ဂျော့ဆိုရော့စ်ဟာ အိန္ဒိယနိုင်ငံမှာလည်း သူ့ရဲ့အထင်ကရ မီဒီယာတွေ ရှိပါတယ်။ သူ့ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖောင်ဒေးရှင်းဟာ လက်ရှိအိန္ဒိယအစိုးရနဲ့ ပတ်သက်ပြီး နှပ်ကြောင်း ပေး သတင်းတွေ ဖြန့်ချိနေတဲ့အဖွဲ့တွေနဲ့ လူပုဂ္ဂိုလ်အချို့ကို ကာလရှည်ကြာကတည်းက ထောက်ပံ့ပေးထားတာ ရှိပါတယ်။ ထင်ရှားတဲ့ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် Open Society Fellow တစ်ယောက်အနေနဲ့ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Basharat Peer ဆိုရင် ပါကစ္စတန်ကို မျက်နှာသာပေးတဲ့ Kashmiri အကြောင်းတွေကို ဇောင်းပေးရေးသားခဲ့ပါတယ်။ သမာသမတ်မရှိဘဲ ဘက်လိုက်ရေးသားမှုတွေကြောင့် ဝေဖန်ခံ နေရတဲ့ The International Fact-Checking Network of the Poynter Institute ဆိုရင် လည်း ဂျော့ဆိုရော့စ်ဖောင်ဒေးရှင်းဆီကနေ အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံအထိ လက်ခံရရှိခဲ့တဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိအိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S Jaishankar ကလည်း ဂျော့ဆိုရော့စ် ဟာ နယူးယောက်မှာ ရုံးထိုင်နေတဲ့ အန္တရာယ်ရှိတဲ့သူတစ်ဦးဖြစ်ပြီး ကိုလိုနီခေတ်က အိန္ဒိယနိုင်ငံ ကြုံတွေ့ခဲ့ရတဲ့အတိုင်း အိန္ဒိယနိုင်ငံရဲ့ပြည်တွင်းရေးကို ပြင်ပကနေ ဝင်ရောက် စွက်ဖက်နေသူ တစ်ယောက်ဖြစ်တယ်။ ကမ္ဘာကြီးတစ်ခုလုံး ဘယ်လိုအလုပ်လုပ်ရမယ်ဆိုတာ သူ့အမြင်တွေနဲ့ ဆုံးဖြတ်ရမယ်ဆိုပြီး ယုံကြည်နေတဲ့ လူချမ်းသာ၊ သက်ကျား အိုကြီးတစ်ဦး ဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့ဖူးပါတယ်။ ဂျော့ဆိုရော့စ်ဟာ ပွင့်လင်းလူ့အဖွဲ့ အစည်းဖြစ်အောင် အားပေးနေတယ်ဆိုတဲ့ မျက်နှာဖုံးနဲ့ အိန္ဒိယဆန့်ကျင်ရေးနဲ့ အိန္ဒိယနဲ့ပတ်သက်တဲ့ သတင်းမှားတွေ ထုတ်လွှင့်နေတဲ့ အန္တရာယ်ရှိသူတစ်ဦးဖြစ်တယ်လို့ Dr. S Jaishankar က ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်။ သူတို့ သတ်မှတ်ချက်တွေ၊ သူတို့ အကြိုက်တွေ၊ သူတို့ရဲ့ရှုမြင်ချက်တွေအတိုင်း အရာရာဖြစ်ကိုဖြစ်ရမယ်လို့ ယုံကြည်နေသူ တွေလည်း ကမ္ဘာပေါ်မှာ ရှိနေဆဲဖြစ်ပါတယ်။ အိန္ဒိယဟာ ဒီမိုကရေစနစ် ကျင့်သုံးတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ဂျော့ဆိုရော့စ်ကတော့ ဝန်ကြီးချုပ်မိုဒီကို ဒီမိုကရက် တစ်ယောက် ဖြစ်တယ်လို့ ယူဆထားပုံမရဘူးလို့လည်း Dr. S Jaishankar ကတုံ့ပြန်ထားပါ တယ်။
အိန္ဒိယကွန်ဂရက်နဲ့ ဂျော့ဆိုရော့စ်တို့ကြား ဆက်နွယ်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာရှိပါတယ်။ ဂျော့ဆိုရော့စ်က ထောက်ပံ့ပေးတယ်လို့ ယူဆရတယ့် Forum of Democratic Leaders in Asia Pacific မှာ ရာဟူးဂန္ဒီရဲ့မိခင် ဆိုနီရာဂန္ဒီလည်း တက်ရောက်ခဲ့ ပါတယ်။ ဂျော့ဆိုရော့စ်ဟာ အိန္ဒိယနိုင်ငံသားမဟုတ်ပါဘူး၊ သူဟာ အိန္ဒိယနိုင်ငံကို မတည် မငြိမ်ဖြစ်အောင် ဖန်တီးချင်တာ မဆန်းပါဘူးလို့ BJP ပါတီဝင် လွှတ်တော် အမတ်တစ်ဦး ဖြစ်တဲ့ Jagdambika Pal က ထုတ်ပြောပါတယ်။ အိန္ဒိယကွန်ဂရက်ကလည်း သူတို့အပေါ် ဘယ်နိုင်ငံခြားသား တစ်ဦးကမှ လွှမ်းမိုးတာမရှိဘဲ အစိုးရကအာရုံလွှဲဖို့ ကြိုးစားတာလို့ တုံ့ပြန်ခဲ့ တာလည်း တွေ့ရပါတယ်။
အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲကာလသုံးရပ်လုံးအတွင်းမှာ အရင်ဘယ်တုန်းကမှ မရှိခဲ့ဖူးသေးတဲ့ မဲပေးမှုရာခိုင်နှုန်းနဲ့ ရွေးကောက်ပွဲရလဒ်မှတ်တမ်းတွေ အခိုင်အမာရှိကြောင်း လည်း Dr. S Jaishankar က ထောက်ပြခဲ့ပါတယ်။ နိုင်ငံသားသတ်မှတ်ချက်နဲ့ပတ်သက်လို့ အိန္ဒိယအစိုးရအပေါ် စွပ်စွဲပြစ်တင်ထားတာတွေ အများကြီးရှိပါတယ်၊ ဒါပေမယ့် သူ့ရဲ့စွပ်စွဲ ပြောဆိုချက်တွေဟာ အဓိပ္ပါယ်မဲ့ပြောဆိုချက်တွေသာ ဖြစ်တယ်လို့ Dr. S Jaishankar က တုံ့ပြန်ခဲ့ပါတယ်။ သူ့ရဲ့ စွပ်စွဲချက်တွေဟာ အိန္ဒိယပြည်သူတွေကို စိုးရိမ်စေတဲ့ ခြောက်လုံး လှန့်လုံးတွေ ဖြစ်စေရုံကလွဲလို့ ဘာမှမထူးခြားပါဘူး၊ ဒါပေမယ့် အိန္ဒိယလူ့အဖွဲ့အစည်းရဲ့ ဂုဏ် သိက္ခာကိုတော့ ထိပါးစေပါတယ်လို့ Dr. S Jaishankar က မှတ်ချက်ပေးခဲ့ပါတယ်။
ဂျော့ဆိုရော့စ်ဟာ အိန္ဒိယကျောင်းသားတွေအတွက် ပညာသင်ဆု(scholarship)နဲ့ ဖဲလိုးရှစ် (fellowship)တွေပေးနေတာဟာ တကယ်တော့ ပရဟိတမျက်နှာဖုံးစွပ်ပြီးတော့ အိန္ဒိယ နိုင်ငံအတွင်းမှာ လည်ပတ်နေတဲ့ အိန္ဒိယဆန့်ကျင်ရေးအဖွဲ့တွေကို တက်တက်ကြွကြွ ကူညီထောင်ပံ့နေတာဖြစ်ပါတယ်။ ဂျော့ဆိုရော့စ်ဟာ အိုဘားမားနဲ့ ဟီလာရီကလင်တန်တို့ရဲ့ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မှုတွေမှာလည်း ငွေကြေးပုံအောပြီး ထည့်ဝင်ခဲ့ပါ တယ်။ ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂကနေ နုတ်ထွက်မယ့် ဘရက်ဇစ် (Brexit) အစီအစဥ် မအောင်မြင်အောင် ဆန့်ကျင်လှုပ်ရှားတဲ့ အဖွဲ့တွေအတွက် ငွေကြေးများစွာ ထောက်ပံ့ပေးခဲ့သူ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံကိုလည်း အစောပိုင်းနှစ်အနည်းငယ်ကတည်းက အီးယူကနေ နုတ်ထွက်သွားအောင် ကြိုးပမ်းခဲ့တာရှိတယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်ခဲ့ပါသေးတယ်။
အခုဆိုရင်တော့ အိန္ဒိယနိုင်ငံမှာ ဂျော့ဆိုရော့စ် ဆန့်ကျင်ရေးတွေဟာ တွစ်တာ၊ အင် စတာဂရမ်နဲ့ WhatsApp တို့လို လူမှုမီဒီယာ ပလက်ဖောင်းတွေကနေ ပင်မရေစီး (mainstream) မီဒီယာဖြစ်တဲ့ ရုပ်သံလိုင်းတွေအထိ ရောက်ရှိလာခဲ့ပါပြီ ။ BJP ပါတီပြောခွင့်ရ ပုဂ္ဂိုလ်နဲ့ ပါတီထောက်ခံသူတွေဟာလည်း ဂျော့ဆိုရော့စ်ကို ပစ်မှတ်ထားပြီးတုံ့ပြန်နေကြပါပြီ ။ ဒါကြောင့် အိန္ဒိယနိုင်ငံမှာ မြို့ရောတောပါမကျန်ဆိုတာလို ဂျော့ဆိုရော့စ်ဆိုတဲ့သူဟာ အိန္ဒိယ ကိုပစ်မှတ်ထား တိုက်ခိုက်နေတဲ့သူ ဖြစ်တယ်ဆိုတာကို သိနေကြပါပြီ ။ ဒါပေမယ့် ဂျော့ဆိုရော့စ် ဘယ်သူဆိုတာကိုတော့ အတိအကျမသိကြသေးပါဘူး ။ မမြင်ရတဲ့ရန်သူဆိုတာ မြင်နေ တွေ့နေရတဲ့ ရန်သူထက် ပိုပြီးတော့ ကြောက်စရာ ကောင်းတယ်ဆိုတဲ့ သတိပေးစကား မှတ်သားရဖူးပါတယ်။ အိန္ဒိယနဲ့ပတ်သက်လို့ ဂျော့ဆိုရော့စ် ဘာတွေပြောနေ ပြောနေ ဝန်ကြီးချုပ် မိုဒီလောက်တော့ အိန္ဒိယကို မချစ်တာသေချာပါတယ်။ ပရဟိတ မျက်နှာဖုံးစွပ်ပြီး ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေ ဝင်ရောက်စွက်ဖက်တာ၊ သူ့ အကျိုး စီးပွားနဲ့မကိုက်တဲ့ အစိုးရတွေဆိုရင် အပြောင်းအလဲဖြစ်အောင် ကြိုးပမ်းတာ၊ သူထောက်ပံ့ ပေးတားတဲ့ NGO တွေ၊ သုတေသနအဖွဲ့တွေနဲ့ မီဒီယာတွေကနေတစ်ဆင့် နှပ်ကြောင်းပေး တာ၊ လွှတ်တော်အမတ်တွေကနေတစ်ဆင့် ချဥ်းကပ်တာ၊ ကိုယ့်လူသူ့ဘက်သားလုပ်တာ စတဲ့ နည်းနာတွေ ထည်လဲကျင့်သုံးနေတယ်ဆိုတာ သိလာကြပါပြီ ။ ဒီနည်းလမ်းတွေကိုပဲ ဆက်ပြီး လည်း ကျင့်သုံးနေကြဦးမှာပါပဲ ။ ပရဟိတမျက်နှာဖုံးနဲ့ ကိုယ်ကျိုးစီးပွားရှာနေတဲ့ ဂျော့ဆိုရော့စ် လိုပုဂ္ဂိုလ်ကြောင့် နိုင်ငံနဲ့ပြည်သူတွေ ထိခိုက်နစ်နာနိုင်တယ်ဆိုတာ သတိပြုမိအောင် ကောက်နုတ်တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
ကိုပြည်
