လတ်တလော သတင်းတွေမှာတော့ ကျွန်တော် ” မြန်မာနိုင်ငံဟာ သံတမန်ရေးပိုင်းမှာ အတော်ကို အကွက်ကျကျ ကစားလာတာ တွေ့နေရပါတယ်။ နိုင်ငံတစ်နိုင်ငံ အင်အားကြီးဖို့ Soft Power က ဘယ်လောက်အရေးပါတယ်ဆိုတာကို လက်ရှိဖြစ်ရပ်တွေက သက်သေပြသွားတာပါပဲ။ ကြိုးစားအားထုတ်မှုကို လေးစားစွာဖြင့် ချီးကျူးအသိအမှတ်ပြုရပါတယ်။
တစ်ချိန်တည်းမှာပဲ ဂယက်ထလာတာက အာဆီယံပါ။ မြန်မာ့အရေးမှာ ဘာတစ်ခုမှ သိသာထင်ရှားတဲ့ စွမ်းဆောင်ရည်မပြနိုင်တဲ့အပြင် (အာဆီယံနဲ့ ထိန်းထားတာတောင်မှ) မြန်မာ့သံရေးတမန်ရေးဟာ အာဆီယံအသိုက်အဝန်းကိုကျော်ပြီး ပါဝါတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံမှု တည်ဆောက်နိုင်လာတဲ့အခါ မြန်မာနဲ့ သံတမန် အဆက်အသွယ်ဖြတ်တောက်ထားတဲ့ အရှေ့တီမောကို အာဆီယံထဲဆွဲသွင်းဖို့ ကြိုးစားလာကြပါတယ်။ အရှေ့တီမော ဝင်လာခြင်းဟာ မြန်မာ့အရေးတွေမှာ ဖိအားပိုလာစေမှာဖြစ်တယ်။ ပိုလာအောင်လည်း တမင်ဖန်တီးနေကြ တယ်လို့ပြင်တယ်။
အရှေ့တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာဟာ ကျွန်တော်တို့နိုင်ငံက ဒေါ်စုကြည်လိုပဲ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဖြစ်ပြီး ဒေါ်စုကြည်လက်ထက် လွှတ်တော်ရဲ့ သဘောတူညီမှု မပါဘဲ ခေါ်ယူခဲ့တဲ့ အာနန်ကော်မရှင်နဲ့ နောက်ဆက်တွဲကော်မရှင်တွေမှာ “နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦး” လို့ သုံးနှုန်းပြီး မြန်မာပြည်သူတွေကို Surprised တိုက်ဖို့ ကြိုးစားရာမှာ ပါဝင်ခဲ့ဖူးသူဖြစ်တယ်။ ဒေါ်စုကြည်အစိုးရ ပြုတ်ကျသွားပြီးတဲ့ နောက်မှာလည်း ပြည်ပြေးတွေကို လူရာသွင်းလို့ သူ့ရဲ့ ရပ်တည်ချက်ကို ပြခဲ့သူဖြစ်ပါတယ်။ အာဆီယံထဲကို တိမောဝင်လာမှာကို မြန်မာက တရားဝင် ကန့်ကွက်ထားသော်လည်း စောင့်ကြည့်ရမယ့် အနေအထားပါ။
ကျွန်တော်မြင်သလောက်ကတော့ မြန်မာကို နိုင်ငံတကာအလယ်မှာ ပုံရိပ်ကျစေပြီး ဒေါ်စု ကြည်ရဲ့ အလကားပဲတင်းဆုတွေပါ ပြန်သိမ်းခံရလောက်အောင် ဂယက်ထစေခဲ့တဲ့ “လူမျိုး လိပ်” အရေးဟာ ပွဲစားဗရပွနဲ့ ကြိုးပမ်းနေတဲ့အရာပါ။ တီမာကတော့ နောက်ဆုံးပေါ်ပွဲစားပေါ့။ သူ့ရှေ့မှာတော့ အာဖရိကတိုက်က ဂမ်ဘီယာတို့၊ ကျွန်းစုနိုင်ငံလေး Maldives တို့၊ အာဂျင်တီးနားတို့ စသည်ဖြင့် လူမျိုးလိမ်အရေးနဲ့ပတ်သက်ပြီး မြန်မာကို ခုံရုံးတင်ဖို့ ကြိုးစားဖူးကြတာတွေ ရှိပါတယ်။ အရာမထင်ခဲ့ဘူး။
ဆက်ပြောရရင် လူမျိုးလိမ်အရေးနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ဘင်္ဂလားဒေ့ရှ်တလည်း သူတို့ရဲ့ နိုင်ငံရေး အရှုပ်အထွေးတွေ၊ ပြည်တွင်းမငြိမ်မသက်မှုတွေနဲ့ သဘောထားကွဲလွဲမှုတွေ ကြား အတော်ရုန်းကန်နေရတယ်။ ရခိုင်ဒေသက စစ်ရေးပဋိပက္ခတွေကို အမြတ်ထုတ်ပိုကြိုးစားပြီး LoC ထောက်ပံ့ပါမယ်ဆိုတဲ့ကိစ္စကလည်း The Bloody Corridor ဆိုတဲ့ ခေါင်းစဉ်နဲ့ပယ်ချခံ လိုက်ရတယ်။ အာဆီယံဒေသတွင်းနိုင်ငံတွေကြားမှာလည်း စစ်ရေးတင်းမာမှုတွေ၊ အစိုးရအဖွဲ့ အပြောင်းအလဲတွေနဲ့ ရှုပ်ယှက်ခတ်နေတယ်။ ဒီလိုမရှုနိုင် မကယ်နိုင်အနေအထားမှာ အားဖြည့် ဖို့ကြိုးစားလိုက်တဲ့ နောက်ဆုံးဖဲချပ်ကတော့ တီမောဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေးက ဦးစားပေးဖြစ်ကြောင်း မလေးရှားက အသံထွက်လာတယ်။ “သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုတဲ့ မြန်မာအကြမ်းဖက်တွေအကြောင်း ဘာတစ်ခုမှသိပုံမရပါဘူး။ (Nationwide Ceasefire Agreement) NCA ကို အလျင်စလို လက်မှတ် မထိုးကြဖို့ သတိပေးတဲ့ ဒေါ်စုကြည်ရဲ့ သတင်း အထောက်အထားလေး သူတို့ကို ပို့ပေးလိုက်သင့်ပါတယ်။ အမှန်တကယ် အပစ်အခတ်ရပ်စဲ စေချင်ရင် ဒီလို နိုင်ငံရေးသမားကို ထည့်သုံးသင့်တယ်လို့ ယူဆပါသလားလို့ပါ တစ်ခါတည်း မေးရမှာပါ။ အကြောင်းက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို တားဆီးခဲ့တဲ့ ဒေါ်စုကြည်ဟာ သူတို့ရည်မှန်းတဲ့ All inclusive မှာ ထိပ်ဆုံးက စာရင်းပါနေမယ့် လူပို့လို့ပဲ။ ဒေါ်စုကြည်အုပ်စု မပါမချင်း ရွေး ကောက်ပွဲမလုပ်ရရင် ဒီ Legitimacy Crisis ကြီးနဲ့ မြန်မာက ဘယ်အချိန်အထိ အပယ်ခံလိုနေ နေရမှာလဲ၊ မြန်မာအစိုးရရဲ့ Diplomatic Skill ကို အထင်ကသေး ချိုးနှိပ်ဖို့ကြိုးစားတာကတော့ ရုပ်ပေါက်ပါတယ်။
အာဆီယံဟာ နိုင်ငံကြီးတွေရဲ့ ပထဝီနိုင်ငံရေးကစားပွဲမှာ ပွဲစားသာသာအဆင့်သာရှိတဲ့ ပွဲစားအုပ်စုအဖြစ် ထိုးဆင်းသွားတာဟာ စိတ်မကောင်းစရာပါပဲ။ အင်အားနည်းပြီး ဆင်းရဲတဲ့ အုပ်စုလေးတွေဟာ အချင်းချင်း စည်းလုံးညီညွတ်တဲ့ မျှတတဲ့ အသိုက်အဝန်းတစ်ခု ဖော် ဆောင်ရမယ့်အစား အဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ အကြပ်အတည်းကို အလှည့်ကျ ပူးပေါင်းအမြတ် ထုတ်ဖို့ ကြိုးစားကြတဲ့ ပါဝါတွေရဲ့ ခိုင်းဖတ်အမှုပွဲစားများ အစည်းအရုံးအဖြစ် ကိုယ့်တန်ဖိုးကိုယ် အကျခံကြတာကလည်း ဝမ်းနည်းစရာပါ။ တစ်ချိန်တည်းမှာ အရှေ့အလယ်ပိုင်းပဋိပက္ခတွေ စစ်ပွဲတွေမှာ အမေရိကန်နဲ့ အစ္စရေးပြုသမျှ နုရတဲ့ သူတို့ရဲ့ အစ္စလာမ္မစ်စည်းလုံးညီညွတ် ရေးကို မြန်မာလို LDC နိုင်ငံလေးအပေါ်မှာမှ အုပ်စုဖွဲ့ လက်သီးလက်မောင်း တန်းပြကြတာ ကလည်း အထင်သေးစရာပါပဲ။
ကြည့်ရတာ အာဆီယံလည်း ကမ္ဘာ့ကုလ သမဂ္ဂကြီးလို ‘မြန်မာက ဘာတဲ့ဟေ့” ဆိုရင် အလှအယက် စိုးရိမ်ပူပန်၊ ပရောဂျက်တွေ မအောင်မြင်ရင် လူဖြည့်၊ တံခါးပိတ်အစည်းအဝေးတွေ ထိပ်သီးအစည်းအဝေးတွေလုပ်၊ စိတ်မထင်ရင် မထင်သလို ရွေးကောက်ခံအစိုးရတွေ ပြုတ်ကျနေကျ ဒီအုပ်စုမှာ မြန်မာကို ဝိုင်း ပယ်ရတာကပဲ ကြီးမြတ်တော်မူသော ဂုဏ် သိက္ခာအရှိဆုံး အလုပ်ကြီးလို ကိုယ့်ကိုကိုယ် အာသာဖြေနေတဲ့ အုပ်စုကြီးထက်မပိုဘူး။
ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံသားတွေမို့ ရွေးကောက်ပွဲသည်သာ ပထမဦးစားပေး Democratic Transition ကို ကျွန်တော်တို့ လိုအပ်ပါတယ်။ Democracy Restoration ဟာ ကျွန်တော်တို့ရဲ့ လတ်တလော ဦးစားပေးကိစ္စဖြစ်ပါတယ်။ ဒေါ်စုကြည် စေတနာမရှိခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကိုလည်း ကျွန်တော်တို့ ကြိုးပမ်းသွားမှာပါ။ ပထမဆုံးအနေနဲ့ “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဆိုတဲ့ အစွန်းရောက်ဝါဒီတွေကို နိုင်ငံသားအဖြစ်ကနေ ဖယ်ထုတ်ထားပါတယ်။ စစ်သွေးကြွကြသူများကိုလည်း စစ်ရေးနဲ့တစ်မျိုး နိုင်ငံရေးနဲ့တစ်ဖုံ ဖိအား ပေးထားပြီး ဉာဏ်မီတဲ့လူတွေ စားပွဲဝိုင်းဆီလာလို့ရမယ့် အခင်းအကျင်းထိ သွားမှာပါ။
အရာအားလုံး တရားဝင်ဖို့ ကျွန်တော်တို့ ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပါလိမ့်မယ်။ အသေးစား ကုလသမဂ္ဂလေးကတော့ ကုလသမဂ္ဂကြီးလမ်းစဉ်အတိုင်း တံခါးလေး ဘာလေးပိတ်ပြီး စိုးရိမ်ကြောင်းလေး ဘာလေးပြောပေါ့။
အလွန်ဆုံးတတ်နိုင်တာ ဒါပါပဲ။
သန့်နေစိုး (13. Jun. 2025)
