အောင်နိုင်သူ(ဇွဲကပင်)
ထိုင်းနိုင်ငံမှာ တပ်မတော်က အာဏာထိန်း (သို့မဟုတ်) အာဏာသိမ်းလေမလားဆိုပြီး ဒေသတွင်းနိုင်ငံတွေနဲ့ ထိုင်းပြည်သူလူထုက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြရတယ်။ အစက တော့ ထိုင်းနဲ့ ကမ္ဘော့ဒီးယားနယ်စပ်ပြဿနာကနေ စခဲ့တာပါပဲ။ နောက်ပိုင်းမှာတော့ ဇွန်လ ၁၅ ရက်နေ့ကထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်နဲ့ ကမ္ဘော့ဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ လျှို့ဝှက်ဖုန်းပြောမှုတွေ ပေါက်ကြားလာရာကတစ်ဆင့် ဝန်ကြီးချုပ်နဲ့ ထိုင်းစစ်တပ်အကြား ဆက်ဆံရေးအဖုအထစ်တွေ ဖြစ်လာခဲ့ပါတယ်။
သတင်းတွေအရတော့ ထိုင်းဝန်ကြီးချုပ်ပေထုံတန်က “နယ်စပ်ကိစ္စနဲ့ပတ်သက်လို့ ကျွန်မတို့နှစ်ဦးစလုံး ငြိမ်းချမ်းရေးကို လိုလားကြတယ်ဆိုတာ နားလည်ပါတယ်။ ကျွန်မတို့ကို ဆန့်ကျင်သူတွေရဲ့စကားကို ဦးလေးနားမထောင်ပါနဲ့။ ထိုင်းဒုတိယတပ်မတော်နယ်မြေရဲ့ တပ်မှူးတွေအားလုံးက ကျွန်မတို့နဲ့ ဆန့်ကျင်ဘက်ဘက်က လူတွေချည်းပဲ။ သူတို့စကားကို နား ထောင်ပြီးရင် စိတ်မပျော်မရွှင်ဖြစ်တာ၊ ဒေါသထွက်တာမျိုး မဖြစ်စေချင်ပါဘူး။ တကယ်တော့ အဲဒါက ကျွန်မတို့ရဲ့ရည်ရွယ်ချက် လုံးဝမဟုတ်ပါဘူး။ အခုချိန်မှာ သူတို့က ကောင်းတဲ့ပုံရိပ် ပေါ်ချင်ရုံသက်သက်ပဲ၊ ဒါကြောင့် နိုင်ငံအတွက် အကျိုးမရှိတဲ့ စကားတွေကို ပြောနေကြတာပါ။ ဒါပေမဲ့ အမှန်တရားကတော့ နယ်စပ်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေမဖြစ်ခင် ငြိမ်းချမ်းရေး ဖြစ်စေချင်တာပါ။ ဦးလေးဟွန်ဆန်၊ တူမလေးကို သနားပေးပါဦး။ ဘာလို့လဲဆိုတော့ လောလောဆယ် ထိုင်းနိုင်ငံက လူတွေက ကျွန်မကို ကမ္ဘောဒီးယားမှာ ဝန်ကြီးချုပ်သွားလုပ်ပါလို့ ပြောနေကြလို့ပါ (ရယ်လျက်)။ ရိုးရိုးသားသားပြောရရင် ဦးလေး လိုချင်တာတစ်ခုခုရှိရင် ပြောပြလိုက်ပါ။ ကျွန်မဆောင်ရွက်ပေးပါ့မယ်။” လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (ယခုအထက် လွှတ်တော်ဥက္ကဋ္ဌ) ကို ပြောခဲ့ကြောင်း မီဒီယာတွေမှာ ဖော်ပြနေကြတာ တွေ့ရတယ်။
ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရဲ့ စကားတွေကို ကြည့်ရင် ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သလို ထိုင်းစစ်တပ်ရဲ့သိက္ခာကို ထိခိုက်စေခဲ့တာတွေ့ရတယ်။ ဒါ့ကြောင့်အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးတင်းမာနေပါတယ်။ ပြတ်တောက်လေမလား ဆိုပြီးတော့လည်း အားလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။ နောက်ဆုံးရရှိတဲ့ သတင်းတွေအရတော့ ထိုင်းဝန်ကြီးချုပ် ပေထုံတန်ဟာ ဇွန်လ မွန်းလွဲပိုင်း၌ Ubon Ratchathani ပြည်နယ်ရှိ တိုင်းမှူးနှင့်အဖွဲ့အား သွားရောက်တွေ့ဆုံခဲ့ပါတယ်။
Ubon Ratchathani Wing 21 လေတပ်စခန်းတွင် အမှတ် ၂ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး BoonsinPadklang မှ ဝန်ကြီးချုပ်အား လက်ခံတွေ့ဆုံခဲ့ပြီးနောက် နမ့်ယွမ်ခရိုင်စခန်းသို့ သွားရောက်ခဲ့ကြတယ်။ အစိုးရနှင့် တပ်မတော်ကြား စည်းလုံးညီညွတ်မှုကို ပြသရန် ယခုခရီးစဉ်ကို သွားရောက်ခြင်းဖြစ်ပြီး အသံဖိုင်နှင့်ပတ်သက်လို့ စေ့စပ်ညှိနှိုင်းရေး နည်းဗျူဟာဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး Boonsin အား ရှင်းပြခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။
ကမ္ဗောဒီးယားနဲ့ နယ်စပ်အငြင်းပွားမှုကို ကိုင်တွယ်ရာမှာ အမျိုးသားအကျိုးစီးပွားကို သတိထားရန်နှင့် အမျိုးသားအကျိုးစီးပွားကို အားပေးကူညီရန် ဒုတိယဗိုလ်ချုပ်ကြီး Boonsin Padkdang က ဝန်ကြီးချုပ်အား အကြံပြုထားကြောင်း ဘန်ကောက်ပို့စ်က ဆိုပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ်ကိုကူညီရန်နဲ့ ထိုင်းနိုင်ငံအပေါ် နိုင်ငံတကာ၏ယုံကြည်မှု ပြန်လည်တည်ဆောက်ရန် အတွေ့အကြုံရှိတဲ့ အကြံပေးအဖွဲ့ ဖွဲ့စည်းရန်လည်း အကြံပြုထားကြောင်းကိုလည်း ဒုတိယဗိုလ်ချုပ်ကြီး BoonsinPadkiangက သီးသန့်အင်တာဗျူး တစ်ခုတွင် ပြောဆိုထားပါတယ်။
အခုလို ထိုင်းဝန်ကြီးချုပ်က သူ့ထက် ပရိုတိုကောအရ အများကြီးနိမ့်တဲ့ တိုင်းမှူးကိုသွားတွေ့ပြီး ထိုင်းစစ်တပ်က ကျေနပ်အောင်ဖြေရှင်းနိုင်ခဲ့တယ်ဆိုပေမယ့် အခြေအနေက အလုံးစုံ စိတ်ချသွားပြီလို့ မဆိုနိုင်သေးပါဘူး။ အခုခါမှာ ရှပ်ဝါတွေ ဆန္ဒပြလာကြပြီဖြစ်ပါတယ်။ ရှပ်နီတွေတော့ထွက်မလာသေးဘူး၊ ရှပ်ဝါတွေဆိုတာက ဘုရင်စနစ်ကိုထောက်ခံပြီး သက်ဆင်ကို မရှေး ကန့်ကွက် ကြသူတွေဖြစ်တယ်။ ဒီလိုဖြစ်လာပြီးဆိုရင် မရှေးမနှောင်းမှာ ဝန်ကြီးချုပ်တွေ ပြေးကြရတာ များပါတယ်။ ထိုင်းစစ်တပ်က လေယာဉ်လျှို့ဝှက်စီစဉ်ပေးမယ်၊ ထိုင်းစစ်တပ်က အစိုးရအဖွဲ့ကို ဦးဆောင်ပေးမယ်၊ ပြီးရင်ရွေးကောက်ပွဲပြန်လုပ်ပေးမယ်၊ ဒါက ထိုင်းနိုင်ငံ မှာဖြစ်လေ့ ဖြစ်ထရှိတဲ့ နိုင်ငံရေးအစဉ်အလာတစ်ခုလည်း ဖြစ်တယ်။ ရှေ့မှာ လက်ရှိ ထိုင်းဝန်ကြီး ချုပ်ရဲ့ အဖေနဲ့ အဒေါ်လည်း ဖြစ်ခဲ့ကြုံခဲ့ပြီးပြီဖြစ်ပါတယ်။ မြန်မာမှာလိုပဲ တောခိုကာ လက်နက်ကိုင် တော်လှန်ကြဦးမလား ဆိုတာကိုလည်း စိတ်ဝင်စားနဲ့ သိချင်နေမိပြန်တယ်။
ပထမအဆင့်နဲ့ ဒုတိယအဆင့်ကတော့ ကမ္ဘာမှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့သဘာဝမို့ ဖြစ်လာမှာကတော့ သေချာပါတယ်။ ပူပူနွေးနွေး အမေရိကန်မှာတောင် လူသန်းနဲ့ချီ ဆန္ဒပြခဲ့သလို အစိုးရ ကလည်း မရိမ်းတပ်တောင် ခေါ်ပြီး ပြင်းပြင်းထန်ထန် နှိပ်ကွပ်နှိမ်နင်းခဲ့ပြီးပြီ။ လက်နက်တွေ အလွယ်တကူဝယ်လိုရတဲ့ အမေရိကန်မှာတောင်ဖြစ်မလာဘဲ မြန်မာမှာ ဘာလို့တတိယ အဆင့်ထိရောက်အောင် သွားကြသလဲ ဆိုတာစိတ်ဝင်တစားနဲ့ လေ့လာ ကြည့်မိတယ်။
အဓိကတော့ နာခံလိုစိတ်မရှိဘဲ တော်လှန်အာခံလိုစိတ်ရှိတဲ့ မြန်မာတွေရဲ့ ထူးထူးခြားခြား နိုင်ငံရေးဗီဇကြောင့် ဖြစ်ရတာလို့ သုံးသပ်မိတယ်။ အင်္ဂလိပ်တွေက မြန်မာတွေရဲ့ လေတိုက်တိုင်း တော်လှန်လိုတဲ့စရိုက်ကြောင့် မြန်မာပြည်ကို သူတို့အုပ်ချုပ်ရတာ မမြတ်ဘူးရှုံးတယ်လို့ ညည်းတွားဖူးတယ်။ ဦးစောက ချာချီကို လွတ်လပ်ရေးပေးဖို့ အင်္ဂလန်မှာ သွားပြောတော့ ငါတို့လွတ်လပ်ရေးပေးရင် မင်းတို့အချင်းချင်းချပြီး ပြည်တွင်းစစ်ကြီးဖြစ်လိမ့်မယ်လို့ ပြောခဲ့ဖူးတယ်။ ဒီစကားက ဒီနေ့တိုင်မှန်နေသေးတာ တွေ့ရတယ်။
အများစုကတော့ လက်နက်ကိုင်တော်လှန်ရေးဟာ တရားမျှတမှုမရှိလို့ ဖြစ်ရတာဆိုပြီး အလွယ်တကူ မှတ်ချက်ချလေ့ရှိတယ်။ ဒါပေမယ့် တရားမျှတမှုမရှိတာ စာရေးသူတို့ တစ်နိုင်ငံတည်းလားဆိုပြီး မေးစရာ ရှိပါတယ်။
စာရေးသူ အမြဲပြောဖူး၊ ရေးဖူးပါတယ်။ အိန္ဒိယ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားတာမတရားလို့ ဆိုပြီး မတော်လှန်ကြဘူး။ တရုတ်မှာ ဝီဂါမူဆလင်တွေကို မတရားဖိနှိပ်လို့ မတရားဘူးဆိုပြီး တော့ တော့လည်း တော်လှန်တာ မကြာဖူးဘူး။ စင်ကာပူမှာ တစ်ပါတီအာဏာရှင် အုပ်ချုပ်လို့ဆိုပြီး တော်လှန်တာ မကြာဖူးသလိုရုရှားမှာ ဒီမိုကရေစီမရလို့ဆိုပြီး ဘယ်သူမှ တော်လှန်တာ မကြာဖူးပါဘူး။
မြန်မာပြည်တစ်ပြည်ပဲ ဖြစ်နေတာတွေ တွေ့ရတယ်။ ဆန္ဒပြတာ ပြဿနာမဟုတ်သလိုသလို ဆန္ဒပြလိုစိတ်ခံစားမှုပါသွားပြီး ဖျက်လိုဖျက်ဆီးလုပ်တာတွေကလည်း ပြဿနာလို့ မဆိုနိုင်သေးပါဘူး။
ထိုနည်းတူ ဆန္ဒပြသူတွေနဲ့ ဆူပူအကြမ်းဖက်သူတွေကို ဖြိုခွဲတာနဲ့ နှိမ်နင်းကြတာတွေ ဟာလည်း ပြဿနာမဟုတ်ပါဘူး။ “ဒါက ကမ္ဘာမှာ ဖြစ်ရိုးဖြစ်စဉ်ပါ။ ပြဿနာက ဒီလို လုပ်ရမလားဆိုပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးကာ တော်လှန်ရေးခေါင်းစဉ်အောက်ကို ရောက်သွားခဲ့တာကပြဿနာ ဖြစ်ပါတယ်။ ဒါမျိုး ” သိပ်မတွေ့ရဘဲ မြန်မာမှာပဲ တွေ့နေရတာကလည်း ကမ္ဘာ့မှာ ထူးဆန်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဆိုတော့ ပြောချင်တာ မြန်မာတွေတော်လှန်ကြတာဟာ နိုင်ငံရေးဗီဇကြောင့်ပဲ ဖြစ်လိမ့်မယ်လို့ ကောက်ချချမိတယ်။ ဒီနိုင်ငံရေး ဗီဇကလည်း နေ့ချင်းညချင်း ပေါ်လာတာတော့ မဟုတ်ပါဘူး။ ပဒေသရာဇ်ခေတ်ထဲက အာဏာနိုင်ငံရေး အမြစ်တွယ်လာ ခဲ့တာတွေ့ရတယ်။ ကိုယ့်လူ ကိုယ့်အဖွဲ့ အစည်း ကိုယ့်ပါတီ အာဏာမရင်အသေချမယ်ဆိုတဲ့ စရိုက်တွေလွှမ်းမိုးနေတာတွေ့ရ တယ်။
လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ လက်နက်ကိုင်ပြီး ရယူခဲ့တယ်ဆိုတဲ့ နိုင်ငံရေး ဓလေ့ကြီးကလည်း ကာလရှည်ကြာစွာ အမြစ်တွယ်ခဲ့တယ်။ လွတ်လပ်ရေး ရပြန်တော့ တည်ဆဲအစိုးရနဲ့ တပ်မတော်ကို ပုန်ကိုင်တော်လှန်ရင် နိုင်ငံရေးဖြစ်တယ်ဆိုတဲ့ ဓလေ့အမှားကြီးကို ဆွဲကိုင်ခဲ့တဲ့ အကျိုးဆက်ကို ယနေ့တိုင် ခါးခါးသီးသီးခံစားနေကြရတယ်။ ဒီနိုင်ငံရေးဗီဇကို မပြင်နိုင်ရင် ဆက်မွဲဦးမယ်လို့ပြောချင်တယ်။ ဒါကြောင့် ထစ်ခနဲဆို တော်လှန်ပုန်ကန်တတ်တဲ့ နိုင်ငံရေးဗီဇကို မြန်မာတွေ ပြင်ကြဖို့လိုတယ်။ ပြင်နိုင်မှသာ တိုင်းပြည်ပျက်စီးမယ့်အရေးက ကင်းဝေးမှာ ဖြစ်သလိုတိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။
