အောင်နိုင်သူ(ဇွဲကပင်)

တိုင်းပြည်တည်ဆောက်ရေး ( NATION BUILDING) နှင့် နိုင်ငံတည်ဆောက်ရေး (STATE BUILDING) လုပ်ငန်းစဉ်များ နိုင်ငံတိုင်းတွင် မဖြစ်မနေ ဆောင်ရွက်ကြရသည့် လုပ်ငန်းတာဝန်များ ဖြစ်ကြပါသည်။ အဆိုပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရာတွင် တရားမျှတမှုသည် အဓိကအုတ်မြစ်ဖြစ်သည်ဟု ဆိုကြပါသည်။ သို့သော်ကမ္ဘာ့နိုင်ငံများ၏ တိုင်းပြည်တည်ဆောက်ရေးကို လေ့လာကြည်လျှင် ကနဦးတည်ဆောက်မှုမှန်သမျှသည် တရားမျှတမှုထက် အင်အားကို အခြေပြုပြီး တည်ဆောက်ခဲ့ကြသည်ကို အများဆုံးတွေ့ရမည် ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းပြည်တည်ဆောက်ရေးတာဝန်သည် နိုင်ငံတိုင်းအတွက် အရေးကြီးသည်နှင့်အမျှ စနစ်တကျ တည်ဆောက်နိုင်ရေးကြိုးပမ်းကြရမည်မှာ နိုင်ငံတိုင်းနှင့် နိုင်ငံသားတိုင်း၏ တာဝန်လည်း ဖြစ်ပါသည်။

တိုင်းပြည်တည်ဆောက်ရေးနှင့်ပတ်သက်လာလျှင်စာရေးသူတို့ မြန်မာလူမျိုးများအကြား မကြာခဏ ဆွေးနွေးငြင်းခုံကြသည့် အဓိက အကြောင်းအရာတစ်ခုမှာ “တရားမျှတမှု” ပင် ဖြစ်သည်။

တိုင်းပြည်အတွင်း ဖြစ်ပျက်နေသော ပဋိပက္ခများနှင့် မငြိမ်မသက်မှုများသည် တရားမျှတမှုမရှိခြင်းကြောင့် ဖြစ်ပေါ်လာရသည်ဟု ယေဘုယျအားဖြင့် ယူဆပြောဆိုကြလေ့ရှိသည်။ သာမန်အားဖြင့်တော့ ဤအယူအဆကို မငြင်းလိုပါ။

သို့သော် နိုင်ငံတစ်နိုင်ငံကို တည်ထောက်ရာတွင် STATE BUILDING (ပြည်နယ်/အစိုးရ ယန္တရားတည်ဆောက်ခြင်း)နှင့် NATION BUILDING (နိုင်ငံသားများအကြား အမျိုးသားရေး စည်းလုံးညီညွတ်မှု တည်ဆောက်ခြင်း)တို့ကို ဆောင်ရွက်သည့်အခါ “အင်အား” ဖြင့် အရင်တည်ဆောက်ရသလား၊ သို့မဟုတ် “တရားမျှတမှု” ဖြင့် အရင်တည်ဆောက်ရသလားဆိုသည့် အချက်ကိုမူ လေ့လာဆန်းစစ်သူမရှိသလောက်ရှားပါးလှပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပဋိပက္ခများကို လေ့လာဆန်းစစ်ကြည့်လျှင် လူမျိုးရေးကို အခြေပြုထားသည့် အိုင်ဒန်နတီ(IDENTITY) ပြဿနာနှင့် ဝါဒရေးရာအခြေပြုထားသည့် အိုင်ဒီယိုလော်ဂျီ (IDEOLOGY) ပြဿနာဟူ၍တွေ့ရမည် ဖြစ်ပါသည်။ အဆိုပါ ပြဿနာများကို စာရေးသူရေးသားသည့်အခါတွင်လည်း တရားမျှတမှု မရှိခြင်းကြောင့်သာ အဆိုပါပြဿနာများ ဖြစ်ပွားရသည်ဟူသော မှတ်ချက်ပေးမှုများကို အများဆုံးကြုံတွေ့ခဲ့ရသည်။ ဒုတိယအများဆုံး ထောက်ပြကြသည်မှာမူ နိုင်ငံရေးစနစ်အတွင်း တပ်မတော်၏ ပါဝင်ပတ်သက်မှုအပိုင်းကို မှတ်ချက်ပြုလေ့ရှိကြပါသည်။ ဤအချက်များသည် အလွန်ကျယ်ပြန့်နက်နဲလှသဖြင့် အကျယ်ချဲ့ရေးလျှင် ကျမ်းတစ်စောင်လောက် ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် တရားမျှတမှုနှင့် မြန်မာနိုင်ငံရေး ပဋိပက္ခများကိုသာ ဆက်လက်လေ့လာကြည့် ကြပါမည်။

တရားမျှတမှုကို လူတိုင်းလိုလားတောင့်တကြသည်မှာ သဘာဝပင်ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံ၏ လက်ရှိအခြေ အနေအရ မည်သည့်အတိုင်းအထိ ဆောင်ရွက်ပေးနိုင်မှ တရားမျှတ သည်ဟု ယူဆမည်နည်း။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(EAOS) တောင်းဆိုနေကြသော တရားမျှတမူများကရော အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက်ပါသလား၊ မြန်မာနိုင်ငံသည် လူမျိုးအများအပြားဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် တရားမျှတမှုကို မည်သို့ဆန်းစစ်ကြမလဲ (ဥပမာ လူမျိုးတစ်မျိုးချင်းစီ၏ တန်းတူအခွင့်အရေးလား၊ လူတစ်ဦးချင်းစီ၊ နိုင်ငံသားတစ်ဦးချင်းစီ၏ တန်းတူအခွင့်အရေးလား) စသည်မေးခွန်းများဖြင့် ဆန်းစစ်လေ့လာသင့်ပါသည်။

ဤမေးခွန်းများကို ဖြေဆိုနိုင်ရန်အတွက် နိုင်ငံတကာတွင် ကျင့်သုံးခဲ့ကြ သို့မဟုတ် ကျင့်သုံးဆဲဖြစ်သော အုပ်ချုပ်ရေးစနစ်များကို အဓိကအားဖြင့် အောက်ပါအတိုင်း သုံးမျိုးခွဲခြားကာ နှိုင်းယှဉ်လေ့လာရန် လိုအပ်မည်ဟု စာရေးသူ ယူဆမိပါသည်။ အဆိုပါ နိုင်ငံရေးစနစ်သုံးခုမှာ –

(၁) တစ်ပြည်ထောင်စနစ် (UNITARY SYSTEM)။ ဗဟို အစိုးရတစ်ရပ်တည်းက အာဏာကို ချုပ်ကိုင်အုပ်ချုပ်သည့် စနစ်၊

(၂) ဖက်ဒရယ်ပြည်ထောင်စုစနစ် (FEDERAL UNION SYSTEM)၊ ဗဟိုနှင့် ပြည်နယ်များအကြား အာဏာ၊ အခွန်နှင့် သံယံဇာတများကို ဥပဒေနှင့်အညီ ခွဲဝေကျင့်သုံးသည့်စနစ်။

(၃) နိုင်ငံပေါင်းစုပြည်ထောင်စုစနစ် (CONFEDERAL SYSTEM)၊ လွတ်လပ်သော နိုင်ငံငယ်များ သို့မဟုတ် နယ်မြေများက အကျိုးတူ ပူးပေါင်းထားကြပြီး လိုအပ်ပါက ခွဲထွက်ခွင့်အထိ အပြည့်အဝ ရှိနေသည့် စနစ်တို့ဖြစ်ပါသည်။

အဆိုပါစနစ် (၃) ခုအနက် တတိယမြောက်ဖြစ်သော ကွန်ဖက်ဒရေးရှင်းစနစ်သည် ယနေ့ခေတ် ကမ္ဘာ့နိုင်ငံရေးစနစ်တွင် လက်တွေ့ကျင့်သုံးခြင်းမရှိတော့ပေ။ သမိုင်းကြောင်းအရ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၃၀ နီးပါးခန့်က အတိတ်ကာလက ကျင့်သုံးဖူးသော်လည်း အများစုမှာ နောက်ဆုံးတွင် ခွဲထွက်ရေးဆီသို့သာ ဦးတည်သွားကြသဖြင့် ယနေ့ခေတ် ကမ္ဘာ့နိုင်ငံကြီးများအနေဖြင့် ဤစနစ်ကို လုံးဝလက်မခံကြတော့ခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုသည် ပြည်နယ်များ ပါဝင်ဖွဲ့စည်းထားသော ဖက်ဒရယ်နိုင်ငံ ဖြစ်သော်လည်း ခြေဥအရခွဲထွက်ခွင့်ကို လုံးဝခွင့်ပြုမထားပေ။

ထို့ပြင် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည့် တိုင်အောင် နိုင်ငံတော်တည်ဆောက်ရေးတွင် တရားမျှတမှုထက် “အင်အား (POWER)” ကိုသာ အဓိကအခြေပြု၍ တည်ဆောက်နေဆဲ ဖြစ်သည်ကို တွေ့ရသည်။ ဗင်နီဇွဲလားနိုင်ငံ၏ ရေနံသိုက်များကို ကိုယ်ကျိုးအတွက် လွှမ်းမိုးရန်ကြိုးပမ်းခြင်းနှင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်းတို့မှာ နိုင်ငံတော်၏ အကျိုးစီးပွားအတွက် အင်အားကို အဓိကသုံးစွဲနေခြင်းပင် ဖြစ်သည်။ ထို့အတူ ရုရှားနိုင်ငံသည်လည်း ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာနေသည့်တိုင် အင်အားဖြင့် တိုင်းပြည်ကို တည်ဆောက်ရန် လိုအပ်သောကြောင့် စစ်ပွဲများကို ဆင်နွှဲနေရဆဲ ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းပြည်ကို တည်ဆောက်ရာတွင် အင်အားကို အခြေခံကာ အာဏာစက်နှင့် တည်ဆောက်ပြီး နောက်မှသာ တရားမျှတမှုကို ဖန်တီးလုပ် ဆောင်ကြရသည်ကို တွေ့ရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လက်တွေ့ပကတိအခြေအနေကို လေ့လာကြည့်လျှင် နိုင်ငံတကာ ကလက်မခံတော့ဘဲ ခွဲထွက်ရေးကိုသာ ဦးတည်စေတတ်သော ကွန်ဖက်ဒရေးရှင်းစနစ်ကို မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းအချို့က လိုလားတောင့်တနေကြသည်။ အထူးသဖြင့် အကြမ်းဖက် AA အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်က ရခိုင်ကိုကွန်ဖက်ဒရေးရှင်းစနစ်ကို လိုချင်ကြောင်း ထုတ်ပြောဖူးသည်။ AA ကဲ့သို့ ထုတ်မပြောကြသော်လည်း ကွန်ဖက်ဒရေးရှင်းပုံစံ ကျင့်သုံးနေသည့် UWSA (ဝ ပြည်သွေးစည်းညီညွတ်ရေ တပ်မတော်) နှင့် NDAA (မိုင်းလား အဖွဲ့) တို့လည်းရှိနေသည်။ တစ်ဖန် UWSA နှင့် NDAA မိုင်းလားအဖွဲ့ တို့ကို အတုယူကာ MNDAA ၊ TILA ၊ KIA နှင့် AA တို့ကပါ မိမိတို့၏ သီးခြားအုပ်ချုပ်ရေးနယ်မြေများကို တည်ထောင်ရန် ကြိုးပမ်းလာကြသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ပါသည်။

ပညာရှင်များ၏ အဆိုအရ ဖက်ဒရယ်စနစ်ဆိုသည်မှာ ပြည်နယ်များ ပူးပေါင်းထားသည့် ပြည်နယ်ပေါင်းစု ပြည်ထောင်စုစနစ် ဖြစ်ပြီး၊ ကွန်ဖက်ဒရေးရှင်းမှာမူ လွတ်လပ်သော နိုင်ငံငယ်များ စုစည်းထားသည့် ပုံစံနှင့်တူနေသဖြင့် “နိုင်ငံပေါင်းစု ပြည်ထောင်စုစနစ်” ဖြစ်သည်ဟုဆိုကြသည်။ ဖက်ဒရယ်စနစ်တွင် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အောက်ပါအဓိက အချက်သုံးချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှင်းလင်းစွာ ခွဲဝေကျင့်သုံးကြရပါသည်။

(၁) POWER SHARING (အာဏာကြီး သုံးရပ်ခွဲဝေခြင်း)

(၂) TAX SHARING (အခွန်အခ ခွဲဝေကောက်ခံခြင်း)

(၂) RESOURCE SHARING(သံယံဇာတ ခွဲဝေခြင်း)

သို့သော် ဖက်ဒရယ်စနစ်တွင်ပင် ဗဟိုအစိုးရက မည်သည့်အခါမျှ လက်လွှတ်မခံဘဲ တင်းကျပ်စွာ ကိုင်တွယ်ရမည့် မဟာဗျူ ဟာကျသော ဌာနကြီးလေးခုလည်း ရှိပါသည်။ ၄င်းတို့မှာ-

(၁) NATIONAL DEFENSE / MILITARY (တပ်မတော်ဆိုင်ရာ ကာကွယ်ရေးကိစ္စရပ်များ (ပြည်ထောင်စုတပ်မတော် တစ်ခုတည်းသာ ရှိရမည်ဖြစ်ပြီး စင်ပြိုင်တပ်များ, လုံးဝမရှိရပါ)

(၂) FOREIGN AFFAIRS / DIPLOMACY(နိုင်ငံခြားရေးနှင့် သံတမန်ရေးရာ ကိစ္စရပ်များ)

(၃) CURRENCY & MONETARY POLICY(ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒစနစ်များ)

(၄) INTERSTATE COMMERCE & FEDERAL LAWS (ပြည်နယ်အချင်းချင်း ကူးသန်းရောင်းဝယ်ရေးနှင့် ပြည်ထောင်စုဥပဒေပြုရေး လုပ်ငန်းများ)

ဤသို့ဆိုလျှင် လက်ရှိ မြန်မာနိုင်ငံ၏ လက်နက်ကိုင်အဖွဲ့ အစည်းအချို့မှာမူ ကိုယ်ပိုင်တပ်များ ထူထောင်ထားကြရုံသာမက မိမိတို့ဆန္ဒရှိသလို အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို လုပ်ဆောင် နေကြသည်။ ထိုနည်းတူ ပြည်ထောင်စုအစိုးရကို အခွန်ရော သံယံဇာတပါ လုံးဝပေးအပ်ခြင်းမရှိကြပေ။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ မြေရှားသတ္တုတင်ပို့မှုသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်းရာချီ၍ ရရှိနေပါသည်။ ISP-MYANMAR ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ပထမ ကိုးလအတွင်း တရုတ်နိုင်ငံသို့ မြေရှားတန်ချိန် ၂၈,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၂၄ သန်းနီးပါး ရရှိခဲ့သည်။

သို့သော် ဤဘဏ္ဍာငွေအမြောက်အမြားသည် နိုင်ငံတော်ဘဏ္ဍာတိုက်သို့ ရောက်ရှိမသွားဘဲ KIA/KIO နှင့် UWSA ကဲ့သို့သော ထိန်းချုပ်နယ်မြေရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၏ လက်ဝယ်သို့သာ ရောက်ရှိသွားခဲ့သည်။ ထိုသို့ရရှိလာသော ငွေကြေးများကို ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးမပြုဘဲ ပြည်ထောင်စုအစိုးရကို ပြန်လည်တိုက်ခိုက်ရန် လက်နက်ခဲယမ်းများ ဝယ်ယူရာတွင်သာ အဓိကအသုံးပြုနေကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ဒေါက်တာမတင်ဝင်း၏ စာအုပ်အမည်တစ်ခုကို ငှားသုံး၍ ပြောရလျှင် “စစ်မီးမငြိမ်း မြက်မစိမ်းသည့်မြေ” အဖြစ် ရောက်ရှိနေရသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ရပြီဖြစ်ပါသည်။

ဤကဲ့သို့ EAOS များ လုပ်ချင်တာ လုပ်ခွင့်ရရေးသည် ၄င်းတို့ပြောသည့် တရားမျှတမှုများ ဖြစ်နေမလားဟု စဉ်းစားစရာ ဖြစ်မိပါသည်။

သို့ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOS များ၏ လိုလားချက်ကို အနှစ်ချုပ်ကောက်ချက်ချရလျှင်

(၁) EAOS များ လိုလားနေကြသည့် ကွန်ဖက်ဒရေးရှင်းစနစ်သည် အချိန်အခါအရ နောင်တစ်ချိန်တွင် နိုင်ငံတော်မှ ခွဲထွက်ရန်အတွက် ခြေကုပ်ယူခြင်းသာ ဖြစ်ပေလိမ့်မည်။

(၂) ဤကဲ့သို့သော စနစ်မျိုးသည် တစ်ကမ္ဘာလုံးက လက်မခံနိုင်တော့ဘဲ ပြည်ထောင်စုပျက်သုဉ်းခြင်းကို ဖြစ်စေနိုင်သဖြင့် တရားဝင်တိုက်ခိုက်နှိမ်နင်းရန် လိုအပ်သော အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တစ်ခု ဖြစ်လာပါသည်။

(၃) လက်နက်ကိုင်အဖွဲ့ အစည်းအချို့၏ စစ်ဘုရင်ဝါဒဆန်ဆန် လိုချင်သလို လုပ်ပိုင်ခွင့်ရရေးအတွက် မြန်မာလူငယ်များအနေဖြင့် PDF ကဲ့သို့သော လမ်းကြောင်းများတွင် အသက်စွန့်ပေးနေရခြင်းမှာ လုံးဝမဖြစ်သင့်၊ မဖြစ်ထိုက်သည့် ကိစ္စဖြစ်ပါသည်။ ထို့ကြောင့် ၄င်းတို့လိုလားသည့် တရားမျှတမှုဟူသော တောင်းဆိုချက်များသည်လည်း ပြည်ထောင်စုပြိုကွဲသွားနိုင်သည်အထိ အန္တရာယ်ကြီးသည်ကို သတိပြုရမည် ဖြစ်ပါသည်။

လူသားဆန်မှုနှင့် လူသားဝါဒအရ တရားမျှတမှုကို မည်သူမဆို နှစ်သက်လိုလားကြသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် STATE BUILDING နှင့် NATION BUILDING လုပ်ငန်းစဉ်များကို တရားမျှတမှုဖြင့် အစပြုတည်ဆောက်၍ မရနိုင်သလို လွယ်လည်း မလွယ်ကူလှပါ။ သမိုင်းတစ်လျှောက်တွင် မည်သည့်နိုင်ငံကိုမဆို အာဏာစက်နှင့် အင်အားကို အခြေခံ၍သာ တိုင်းပြည်ကို ဦးစွာ တည်ဆောက်ခဲ့ကြရပါသည်။

သမိုင်းကြောင်းများကို ပြန်ကြည့်လျှင် မြန်မာပြည်မှ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားတို့သည်လည်းအင်အားဖြင့် တိုင်းပြည်တည်ဆောက်ပြီးမှသာ တရားမျှတမှုကို ဖန်တီးပေးခဲ့ကြပါသည်။ ထိုနည်းတူ ကမ္ဘာ့သမိုင်းဝင် ခေါင်းဆောင်များ ဖြစ်ကြသော အမေရိကန်မှ ဝါရှင်တန်နှင့် လင်ကွန်း၊ တရုတ်မှ မော်စီတုန်း၊ စင်ကာပူမှ လီကွမ်ယု၊ ရုရှားမှ ပူတင်အထိ အားလုံးသည် နိုင်ငံကို အင်အားဖြင့်သာ တည်ဆောက်ခဲ့ကြသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် ၁၅၃၂ ခုနှစ်တွင် အီတလီစာရေးဆရာ မက်ခ်ဗီလီယာ (NICCOLO MACHIAVELLI) ရေးသားခဲ့သည့် ရာဇောဝါဒကျမ်းတွင် တိုင်းပြည်အုပ်ချုပ်မင်း လုပ်သူများသည် တိုင်းပြည်ကောင်းကျိုးအတွက်ဆိုလျှင် မည်သည့်နည်းလမ်းကို အသုံးပြုပါစေ၊ တိုင်းပြည်ကောင်းမည်ဆိုလျှင် တရားမျှတမှုရှိသည်ဟု ဖော်ပြခဲ့ခြင်းမှာလည်း အင်အားကိုအခြေခံ၍ နိုင်ငံတည်ဆောက်ရေးကို ညွန်ပြခဲ့ခြင်းပင် ဖြစ်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံတွင် တရားမျှတမှု မလွဲမသွေ လိုအပ်သော်လည်း၊ ပထမဦးစွာ အင်အားဖြင့် တိုင်းပြည်ကို တည်ဆောက်ကာ တည်ငြိမ်အေးချမ်းရေးကို ရယူရမည် ဖြစ်ပါသည်။ ပြီးမှသာ နိုင်ငံသားတစ်ဦးချင်းစီ၏ ရပိုင်ခွင့်များနှင့် တရားမျှတမှုများကို အဆင့်ဆင့်ဖန်တီးပေးခြင်းသည် အထိရောက်ဆုံးနှင့် အကျိုးအရှိဆုံး နည်းလမ်းဖြစ်ပေလိမ့်မည်။ အကယ်၍ ယခုလက်ရှိ အခြေအနေတွင် EAOS များ တောင်းဆိုနေသည့် အလွန်အမင်း လိုလားချက်များကိုသာ လိုက် လျောပေးမည်ဆိုပါက မြန်မာနိုင်ငံသည် မိဘအမွေကို ခွဲဝေခံရ သကဲ့သို့ ပြိုကွဲသွားနိုင်ပါသည်။ ယူဂိုဆလားဗီးယား ပြည်ထောင်စုကဲ့သို့လည်း ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် “အင်အားဖြင့် တည်ဆောက်မှုနောက်တွင် တရားမျှတမှုပါလာခြင်း” ကသာလျှင် စစ်မှန်သော နိုင်ငံတော်တည်ဆောက်ရေး၏ အကောင်းဆုံးနှင့် မှန်ကန်သော ပုံစံဖြစ်သည်ကို အများပြည်သူ နားလည်သဘောပေါက်ကြရန် လိုအပ်ပါသည်။

အချုပ်ဆိုလျှင် တိုင်းပြည်ကို တည်ဆောက်ရာတွင်တရားမျှ တမှုသက်သက်ဖြင့် တိုင်းပြည်ကို ကနဦးစပြီး တည်ဆောက်၍ မရနိုင်သကဲ့သို့ အင်အားသက်သက်ကိုသာ အလွန်အကျွံသုံးစွဲ၍ ဖိနှိပ်အုပ်ချုပ်နေခြင်းဖြင့်လည်း ရေရှည်တည်တံ့ခိုင်မြဲသော ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် တိုင်းပြည်ကို ဦးစွာခိုင်မာသော အင်အားဖြင့် တည်ငြိမ်အေးချမ်းအောင် တည်ဆောက်ပြီးမှသာလျှင် ပြည်သူတစ်ရပ်လုံး အတွက် တရားမျှတမှု နှင့် တန်းတူညီမျှမှု ရရှိခံစားရရှိနိုင်အောင် စီမံခန့်ခွဲပေးရမည်ဖြစ်ပါသည်။ သို့မှသာ နိုင်ငံတော်၏ အမျိုးသားရေး တာဝန်ဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ထာဝရထိန်းသိမ်းစောင့်ရှောက်နိုင်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို အခိုင်အမာဖော်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း အကြံပြုလိုက်ရပါသည်။

အောင်နိုင်သူ (ဇွဲကပင်)

#Bullet News Journal