ရခိုင်နဲ့ ကချင်ဒေသက စစ်ပွဲသတင်းတွေနဲ့အပြိုင် လုပ်ကြံဖန်တီးထားတဲ့ Narrative တွေလည်း အံ့အားသင့်ဖွယ်ပျံ့နှံ့လာပါတယ်။ ပထဝီနိုင်ငံရေးအရ အကဲဆတ်တဲ့အပြင် ပြည်ထောင်စုရဲ့ကာကွယ်စောင့်ရှောက်မှုကို သူများတကာထက် ပိုလိုအပ်ကြသူများ လို့ ရှုမြင်ခံရတဲ့အတွက် ရခိုင်လူမျိုးများအပေါ် ကျွန်တော်တို့ စေတနာ မေတ္တာ ဂရုဏာပိုခဲ့ကြရပါတယ်။ ရခိုင်ကိုထိတာဟာ မြန်မာတစ်မျိုးသားလုံးကို ငြိသယောင် နာကြည်းခဲ့ရတယ်။ ရခိုင်လူမျိုးနှစ်ဦးဖြစ်တဲ့ ဝင်းနဲ့ဇော်တို့ လိပ်ကျွန်းလူသတ်မှုမှာ မတရားစွပ်စွဲခံရတယ်လို့ ယုံကြည်ကြတဲ့အတွက် ညီတူညာတူ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။

နောက်ဆုံး ဒေါ်စုကြည်လက်ထက်မှာ ရခိုင်စာရေးဆရာ ဝေဟင်အောင်နဲ့ ဒေါက်တာအေးမောင်တို့ကို ဖမ်းဆွဲပြီး ရခိုင်လူငယ်ထုကို NLD အစိုးရက အင်အားသုံးဖြိုခွင်းခဲ့စဉ်ကတောင် “မဖြစ်သင့်ဘူး” လို့ ယူဆခဲ့ကြသူအများအပြားရှိခဲ့တာပါ။ အခုတော့ ထွန်းမြတ်နိုင်တစ်ယောက်ရဲ့ အာရက္ခအိပ်မက်ကြောင့် ကျွန်တော်တို့ကြားမှာ ဖြိုဖျက်ချမရတဲ့ တံတိုင်းကြီးတစ်ခု ခြားသွားခဲ့ပြီဖြစ်တယ်။

မလိုလားအပ်တဲ့ လူမျိုးရေးအသွင်ဆောင်မှု‌တွေ ဖြစ်လာမှာစိုးလို့သာ အစိုးရဘက်က သည်းခံမြိုသိပ်ပေးခဲ့တာပါ။ ကျွန်တော်တို့ဘက်မှာ မှတ်တမ်းတွေရှိတယ်။ လေတပ်ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းရာနဲ့ချီသေဆုံးခဲ့တဲ့ ဒလတ်ချောင်းဖြစ်စဉ်မှာလည်း ကျွန်တော်တို့ဘက်မှာ ဒရုန်းကင်းထောက်မှတ်တမ်းတွေရှိပါတယ်။ ခေတ်သစ်စစ်ပွဲမှာ ဂြိုဟ်တုဓာတ်ပုံ အထောက်အထားတွေ၊ အချိန်နဲ့တပြေးညီ မှတ်တမ်းတင်ထားတဲ့ ဒရုန်းကင်းထောက်မှတ်တမ်းတွေ အပြည့်အစုံရှိပြီးသားမို့ မိမိဘက်က ရက်စက်ယုတ်မာမှုကို (ယခင်ကလို) တပ်မတော်ကို အလွယ်တကူ လက်ညှိုးထိုးပုံချလို့မရတော့ကြောင်းလေးလည်း သိစေချင်ပါတယ်။ ဒါကြောင့် ဒလတ်ချောင်းစစ်သုံ့ပန်းကိစ္စလိုမျိုးဆိုရင် ရခိုင်သူပုန်အနေနဲ့ အွန်လိုင်းမှာပဲ အော်ဟစ်မနေဘဲ အိုင်စီစီကို တရားဝင် တင်စေချင်တယ်။ တင်ရဲလား။ ကျွန်တော်တို့ဘက်က မှတ်တမ်းအပြည့်အစုံရှိတယ်။ စိန်ခေါ်ပါတယ်။

မြေပြင်မှာ ထိပ်တိုက်ရင်ဆိုင်ပြီး စစ်သားတွေကို လက်စားချေရုံနဲ့ အခြေအနေမကောင်းနိုင်တော့တဲ့အခါ Narrative က ပြောင်းသွားပါတယ်။ ကျောက်တော် ကမ်းထိုးရေယာဉ်က တပ်မတော်သားတွေ၊ မိသားစုဝင်တွေ လူကိုးရာကျော်ကို သူတို့ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားပါသတဲ့။ ရခိုင်ဒေသခံတွေ ရေဘေးသင့်တုန်းကတောင် မစို့မပို့ ဟင်းစားလေးတွေနဲ့ ဖြေသိမ့်နေရတဲ့လူတွေက “တပ်မိသားစုဝင်ကိုးရာကျော်ကို တင်ကျွေးပါတယ်” ဆိုတော့… ဧရာမ မေတ္တာရှင်ကြီးတွေပါပဲ။ သေချာတာကတော့ စစ်ရာဇဝတ်မှုကလည်း စကေးမရှိ၊ မေတ္တာရှင်ဇာတ်လည်းအလုပ်မဖြစ် ဖြစ်သွားတဲ့အခါ တပ်မတော်ကတော့ သူလုပ်စရာရှိတာကို ဆက်လုပ်နေပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ရခိုင်လူမျိုး သွေးချင်းတွေကို များစွာညှာတာခဲ့ပါတယ်။

ရခိုင်တွေရဲ့ မေတ္တာရှင် Narrative ထက် ပိုပြီး ပြုံးစရာဖြစ်ရတာက PRF ဖြစ်တယ်။ တရားခံ နှစ်ဆယ်ကျော်ကို ဖမ်းဆွဲပြီး လူထောင်ကျော်ရဲ့ဒေတာတွေ ရထားကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။ Website ကို ဟက်ခ်ပါတယ် – လို့ အစိုးရက တစ်ခွန်း ပြောမသွားပါဘူး။ ဒါဟာ ထောက်လှမ်းရေးတွေ နောက်ကွယ်က လှုပ်ရှားနေတာသာဖြစ်တယ်။ အသေးစိတ်ရေးလို့မသင့်တော်ပေမဲ့ အစိုးရဟာ ရန်သူ့ ထောက်ပံ့မှုကွန်ယက်ကို ထောက်လှမ်းရေးနည်းနဲ့ ပစ်မှတ်ထားနေပါတယ်။ သို့သော် ရန်သူဟာ “ထောက်လှမ်းရေး” ကို ဉာဏ်မီပုံမရပါဘူး။ PRF Website က ဒေတာလုံခြုံကြောင်းပဲ ထပ်ခါ ထပ်ခါပြောနေတယ်။

– ဖမ်းဆီးခံရသူတွေဟာ PRF ကို ငွေပို့ဖူးတဲ့ အကြမ်းဖက်ထောက်ပို့တွေ “မဟုတ်ကြောင်း” သူတို့ မငြင်းနိုင်ဘူး။

– မငြင်းနိုင်တာကအစ သူတို့ရဲ့ Data source မှာ ပြဿနာအကြီးအကျယ်ဖြစ်နေတယ်ဆိုတာ ပြတာ။ ဘယ်သူတွေက သူတို့တွေဆီ ပိုက်ဆံပို့နေပြီး အစိုးရက ဘယ်နေရာကနေ ဖြတ်ခုတ်‌သွားကြောင်း သူတို့ Analyze မလုပ်နိုင်ဘူး။ လုပ်ရကောင်းမှန်းလည်း မသိသလို လုပ်နိုင်စွမ်းလည်းမရှိဘူး။ ဒီတော့ ကျွန်တော်တို့အတွက် လုပ်ကွက်သာပါတယ်။ သာကို သာတာပါ။ အခုချိန်မှ အသာမရရင် အသုံးမကျတာသာ ဝန်ခံလိုက်ပါတော့။

– PRF ကို ထောက်ပံ့သူ ဘယ်သူမဆို (Nickname တစ်ခု၊ Gmail တစ်ကောင့် ပိုက်ဆံလေး နှစ်ပဲခြောက်ပြားနဲ့လည်း) ငပိကြော်စားရနိုင်တယ်။ တကယ်လို့ နုဂျီသာ သူ့ထောက်ခံသူတွေအပေါ် အနည်းငယ်မျှသော သနားဂရုဏာစိတ်၊ တာဝန်ယူ တာဝန်ခံစိတ်ကလေးများရှိခဲ့ရင် ဒီပြဿနာကို ပေါ့သေးသေးမထားမှာ သေချာပါတယ်။

အနီတွေကတော့ အစကတည်းက သူတို့ကိုယ်သူတို့ စစ်တပ်ထက် အဆပေါင်းများစွာ သာပြီးသား၊ တော်တတ်ပြီးသားလို့ မှတ်ယူထားကြတဲ့အတွက် ဟန်မပျက်နေနိုင်ပေမဲ့ ဘက်ပြောင်း စစ်ပဲ့တွေကတော့ တပ်က ထောက်လှမ်းရေးစွမ်းအားစုကို ထုတ်သုံးလာတဲ့အပေါ် စိုးရိမ်နေကြတာတွေ့ရပါတယ်။

ဒီလို ရန်သူဘက်က ပြိုဆင်းပြီး Narrative တွေ ဖုတ်ပူမီးတိုက်တည်ဆောက်နေတဲ့အခိုက် ကျွန်တော်တို့ဟာ ရန်သူဝင်ပါလို့မရတဲ့ Sector တွေကို အာရုံစိုက် ကိုင်တွယ်သင့်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ကုန်ဈေးနှုန်းနဲ့ ငွေကြေးဖောင်းပွမှုဟာ ကြောက်ခမန်းလိလိ ဖြစ်နေတယ်။ ဘယ်ပစ္စည်းကိုပဲ ဝယ်ပါစေ… (၀) တွေဟာ ဖောင်းပွလွန်းတယ်။ အကျိုးဆက်တွေရှိမှာပါ။

အဲဒီ ဖောင်းပွနေတဲ့ (၀) တွေကို ငွေလိမ်ပြေးသွားတဲ့ ကွန်ဒိုတွေနည်းတူ ဂရုစိုက်ပေးကြပါလို့လည်း အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါတယ်။

ဖြစ်ပုံက…

အာဏာလုတဲ့ရန်သူက စစ်ရေးနဲ့ အုပ်ချုပ်ရေးမှာ ကြောင်ပျောက်နေပြီး အာဏာရ အစိုးရကြီးကကျတော့ စီးပွားရေးမှာ အခုထိ ကြောင်ရှာမတွေ့သေးဘူး – လို့ ဆိုရမတတ်ပါပဲ။

လက်ရှိအစိုးရဟာ ယခင်ဦးသိန်းစိန်လက်ထက်က အမှားအယွင်းမျိုးကို ထပ်မလုပ်မိအောင် သတိထား ကြိုးစားနေပါတယ်။ တစ်ကွက်ချင်းကို အာရုံစိုက်နေမှန်း နားလည်တယ်။

အရေးကြီးတာက ကြံ့ခိုင်ရေးပါတီအနေနဲ့ စွမ်းဆောင်ရည် ‌ဒီထက်ပြနိုင်ဖို့ပါ။ မဟုတ်ရင် အဓိက ပြိုင်ဘက်ကြီး NLD မရှိရုံနဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းရာ ရောက်သွားပါလိမ့်မယ်။ ပြည်သူတွေအနေနဲ့တော့ စိတ်မကောင်းစရာပေါ့။

ကိုယ်စီကိုယ်ငှ ကြောင်ပျောက်နေကြသည့်အတွင်း “လူကြီးမင်း” တို့ကဖြင့် ကြောင်ရှာတွေ့ကြပါစေကြောင်း ဆုမွန်ကောင်းများ တောင်းရပါတယ်။

သန့်နေစိုး (3. Oct. 2026)

#Bullet News Journal