တပ်မဟာ (၅) ဂွင်အတွင်း တိုက်ခိုက်ခံရမှုဟာ ရန်သူ့ဘက်မှာ အတော်ကြီးတဲ့ သက်ရောက်မှုတွေဖြစ်နေတာတွေ့ရတယ်။ ခါတိုင်းမှာ ရခိုင်နဲ့ ကချင်ဒေသက စစ်ရေးဆိုက်ဝါးတွေကို သံယောင်လိုက်ပြီး စစ်တပ် ရှုံးနေပြီ လို့ မြိုင်မြိုင်ဆိုင်ဆိုင် အော်ပေးနေကြသူတွေပါ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်ကုန်ကြတာ တွေ့ရပါတယ်။ ဒီ တိုက်ခိုက်မှုဟာ Targeted Killing ဆန်ဆန် တစ်ကွက်ကောင်းတိုက်ခိုက်မှုဖြစ်ပေမဲ့ လက်ရှိဖြစ်နေတဲ့ –

– Times မဂ္ဂဇင်းနဲ့ အငြင်းပွားမှု

– KIA က ဖျက်ဆီးလိုက်တဲ့ အရပ်သားသင်္ဘောတွေ

– ရခိုင်ဒေသစစ်ရေးသတင်း

အားလုံးကို ဖုံးလွှမ်းသွားတာတွေ့ရတယ်။ အမေရိကန်ရေပေါ်ဆီတွေ Epstein File တွေကိစ္စ အာရုံလွှဲချင်ရင် အီရန်ကိုစစ်တိုက်ပစ်လိုက်တာပဲ ဆိုတဲ့ အယူအဆလိုမျိုး အစိုးရလည်း အချို့သော စိတ်ပျက်စရာတွေကို ရှောင်လွှဲချင်ရင် မကြာခဏ “တစ်ကွက်ကောင်း တိုက်ပြသင့်တယ်” လို့တောင် ပြောရမလိုဖြစ်နေပါတယ်။

တကယ်တမ်းပြောရရင် လူမှုကွန်ယက်ပေါ်မှာ စစ်ရေးနဲ့ပတ်သက်လာရင် တစ်ဖက်က အလွန်အကျွံဝါဒဖြန့်မှုတွေကပဲ တစ်ဖက်သတ်ကြီးစိုးနေခဲ့တာပါ။ ကျွန်တော်တို့မှာ တန်ပြန်ဝါဒဖြန့်စရာကွန်ယက်မရှိဘူး။ တန်ပြန်ဝါဒဖြန့်ရင်လည်း မလွယ်ပါဘူး။ စစ်ရေးသတင်းဆိုတာ အထိအခိုက်ကြီးပါတယ်။ အလျော်အစားကြီးပါတယ်။ စစ်မြေပြင်ထိ သတင်းလိုက်ယူရဲတဲ့ စစ်မြေပြင်သတင်းထောက်တွေမှမရှိရင် ထုတ်ပြန်ရခက်ပါတယ်။ သို့သော်… မြင်သာတာက တစ်ခါတလေလောက် တွေ့ရတတ်တဲ့ တိကျတဲ့ တိုက်ခိုက်မှုက ရန်သူ့ဆိုက်ဝါးသတင်းအများကြီးကို ရိုက်ချိုးသွားနိုင်ပါတယ်။ ရန်သူဟာ လမ်းပျောက်ပြီး ငြိမ်ကျသွားလိမ့်မယ်။

ထင်မထားတာတစ်ခုဖြစ်သွားတဲ့အခါ အချင်းချင်း တရားခံရှာကြပါတယ်။ လက်ညှိုးထိုးကြပါတယ်။ စည်းလုံးရေးတွေပြိုဆင်းသွားပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ –

– ဒီတော်လှန်ရေးသမားတွေကို ဒေသခံတွေက လက်မခံတော့တာမို့ Time and Location အတိအကျ သတင်းပေးကြပါတယ် – လို့ ပြောလို့ရပါတယ်။ ဒေသခံတွေနဲ့ အကြမ်းဖက်တွေကြား သံသယပွားလာစေမယ်။

– တပ်ပြေးစစ်သားတွေကို တမင်တကာ Identity တည်ဆောက်ပြီး ရန်သူထဲ လွှတ်လိုက်တာ – ဆိုတဲ့ Narrative ကိုလည်း တည်ဆောက်လို့ရပါတယ်။ ဥပမာ – မော့ဆက်ဆိုရင် သူ့ရဲ့အေးဂျင့်တွေ Field ဆင်းဖို့ ယုံလောက်တဲ့အထောက်အထားတစ်ခု Identity တစ်ခု တည်ဆောက်ပေးပါတယ်။ လိုအပ်ရင် လူအသစ်တစ်ယောက်အဖြစ် ဟန်ဆောင်ဖို့ အပြောအဆိုကအစ အချက်အလက်အသစ်တွေထိ လေ့ကျင့်ကျက်မှတ်ကြရတာမျိုးပါ။

အလွယ်ပြောရရင်တော့ တစ်ဖက်ကို စိမ့်ဝင်မယ့်လူဟာ တပ်ကို အကြီးအကျယ်ဖောင်းထုပြီး လိုအပ်ရင် ကိုယ့်တပ်ကိုယ်တောင် ပြန်ပစ်ပြပါတယ် – ဆိုတဲ့ Narrative မျိုးပေါ့။ CDM စစ်သားတွေဟာ တပ်ကလွှတ်ထားတဲ့ GPS တွေလို ပုံဖော်လို့ရမယ်။ တပ်လော်ဘီတွေ ပါးနပ်ရင် ပါးနပ်သလို Narrative တည်ဆောက်နိုင်တယ်။ ရန်သူကို အချင်းချင်း သံသယဝင်လာစေမယ်။

– တကယ်တမ်းမှာ တိကျတဲ့တိုက်ခိုက်မှုတွေဟာ နည်းပညာနဲ့ ထောက်လှမ်းရေးကောင်းမှဖြစ်နိုင်တာမျိုးပါ။ အစ္စရေးဟာ အဆိုပါတိုက်ခိုက်မှုမျိုးတွေကို အရပ်သားထိခိုက်မှုအနည်းဆုံးနဲ့ အထိရောက်ဆုံး ဖြစ်စေချင်တဲ့အခါမျိုးမှာသုံးပါတယ်။ တစ်ခါ နှစ်ခါ လောက်ဆိုရင်တော့ ရန်သူအနေနဲ့ “ကြက်ကန်းဆန်အိုးတိုးတာ” လို့ ယူဆကောင်း ယူဆကြမှာဖြစ်ပေမဲ့ နှစ်ခါထက်ပိုလာရင်တော့ “စောင့်ကြည့်ခံနေရတဲ့ ခံစားချက်မျိုး” ရလာပါလိမ့်မယ်။

ရန်သူဟာ လူမှုကွန်ယက်ကိုသုံးပြီး Attention ရှာ၊ ငွေရှာကြတာမို့ ကိုယ့်ဘက်ကလည်း အဲဒီလိုလူတွေကို ပစ်မှတ်ထားတာက အရမ်းထိရောက်ပါတယ်။

အထူးသဖြင့်ကတော့ မီဒီယာကို အင်နဲ့အားနဲ့ အုပ်စီးမထားနိုင်တဲ့ အနေအထားမှာ ရန်သူမငြင်းနိုင်တဲ့ တစ်ကွက်ကောင်းတိုက်ခိုက်မှုတွေဟာ သုံးလို့ အရမ်းကောင်းတာပါ။

လူတိုင်းကတော့ မီဒီယာအသာစီးလိုချင်ကြပါတယ်။ မီဒီယာအသာစီးရမှ လိုချင်တဲ့ငွေရမယ်။ လူထုထောက်ခံမှုရမယ်။ ရန်သူကိုသွေးခွဲလို့ရမယ်။ ထိချက်ပြင်းလေ အချင်းချင်း မကျေမနပ်ဖြစ်ကြလေ… ကိုယ်က ကောက်စားရုံပါ။ (တပ်ဟာ ဒီဖိအားကို အတော်ခံနိုင်တယ်လို့ပြောရမယ်)

ဂွမ်မော်ဆိုရင် စစ်တပ်က ကချင်နယ်ဘက်က တိုက်ပွဲတွေမှာ အရှုံးကြီးရှုံးနေပါပြီဆိုတဲ့ Narrative ကို တည်ဆောက်ဖို့ အရပ်သားသင်္ဘောတွေကိုတောင် မီးရှို့ပစ်ပါတယ်။ လိုချင်တာက “မီးလောင်နေတဲ့သင်္ဘောတွေ” ဆိုတဲ့ပုံရိပ်ကိုချပြနိုင်ဖို့ပါ။ စစ်ရေးသတင်းတွေနဲ့ လူထုခံစားမှုမြင့်တက်နေချိန်မှာ လူတွေဟာ စစ်သင်္ဘောလား၊ အရပ်သ‌င်္ဘောလား ခွဲနေနိုင်တော့မှာမဟုတ်ဘူး။ ဂွမ်မော်ရဲ့စာအရ လုပ်ငန်းရှင်တစ်ဦးကို သင်္ဘောလေးစီးထိ ဆုံးရှုံးရတဲ့လူတောင်ရှိတယ်ဆိုတယ်။ ဒီတော့ တပ်က သင်္ဘောတွေပါ – လို့ ရောယောင်ဂျင်းထည့်ဖို့ သူတို့မြှုပ်ပစ်လိုက်တဲ့ သင်္ဘောအရေအတွက် မနည်းမနောရှိလောက်ပါတယ်။

ရန်သူက မီဒီယာအသာစီးရဖို့ သတင်းတုဖန်တီးဖြန့်ချိနေရတဲ့ကာလမှာ ကျွန်တော်တို့ကတော့ “သတင်းအစစ်” နဲ့ မီဒီယာကို ကစားလို့ရပါတယ်။ အကယ်၍… တပ်မဟာ (၅) ဂွင်က တစ်ကွက်ကောင်း တိုက်ခိုက်မှုမျိုး မကြာခဏ လုပ်နိုင်ရင်ပေါ့။ အဲဒီတိုက်ခိုက်မှုတွေရဲ့နောက်ကနေ Narrative တချို့ လိုအပ်သလိုတည်ဆောက်ပြီး ပါးပါးလေး ထည့်နိုင်ရင် ပိုလှပါတယ်။ (အရမ်းတွေ မော့ဆက်ဆန်သွားမယ်ပေါ့)

အမှန်အတိုင်းပြောရရင် မဲခိုးရာကစတဲ့ ဒီသူပုန်ထမှုကြီးကနေ ဂိတ်ပေါင်းစုံပေါ်လာပြီး တိုင်းပြည်လည်း ကြပ်သည်ထက် ကြပ်တည်းလာခဲ့တာ ကြာပါပြီ။

အမေရိကန်ရဲ့လှည့်ကွက်မှာ ကျွန်တော်တို့ အနည်းငယ် ကတောက်ကဆဖြစ်ကြပြီဆိုရင်ပဲ “ကုန်ဈေးနှုန်း” ကို ဆွဲတင်ဖို့ ကြိုးစားကြပြီ။ ကျွန်တော်တို့ ဒီ သောင်းကျန်းမှုကြီးကို အမြန်ဆုံး ပွဲဖြတ်နိုင်လေ ကောင်းလေပါ။ အကြမ်းဖက်တွေနဲ့ သူတို့ငွေရှာနေတဲ့ရင်းမြစ်တွေကြား သံသယပါးပါးလေး ထည့်ပေးဖို့ပဲလိုပါတယ်။ အကြိမ်ရေစိပ်လာရင် လုံးဝပြိုကွဲသွားပါလိမ့်မယ်။

နိုင်ငံရေးဆိုတာ မရိုးရှင်းပါဘူး။ မရိုးရှင်းလို့ကို နိုင်ငံရေးဖြစ်နေတာပါ။ အမှန်တရားကိုချပြလို့ လက်မခံနိုင်ကြတဲ့အခါ “ပရိယာယ်” ဟာ ရွေးချယ်စရာတစ်ခုဖြစ်လာပါလိမ့်မယ်။

သန့်နေစိုး (27. Sept. 2026)

#Bullet News Journal