အောင်နိုင်သူ(ဇွဲကပင်)

အာဏီအကြောင်းပြောသည့်အခါ စာရေးသူ ခုနစ်တန်းကျောင်းသားဘ၀ မိုးရာသီကာလများဆီသို့ ပြန်လည်အမှတ်ရဖိသည်။ ထိုအချိန်က ရေဒီယိုသတင်းများမှတဆင့် အာဆီယံ (ASEAN) အကြောင်းကို ထပ်ခါတလဲလဲ ကြေညာနေခဲ့သည့် အမှတ်တရများကလည်း ယခုလို မိုးရာသီဖြစ်၍ စိတ်ထဲတွင် ထင်ထင်ရှားရှားရှိနေဆဲဖြစ်ပါသည်။ ထိုစဉ်က နိုင်ငံ့တာဝန်ကို တပ်မတော်က ယူထားသည့် “နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့” (န၀တ) အစိုးရ လက်ထက်ဖြစ်ပါသည်။ ပြည်တွင်းရှိ ဆန့်ကျင်ဘက်အတိုက်အခံအုပ်စုများ၏ ကန့်ကွက်မှုများ၊ အနောက်အုပ်စုနိုင်ငံများ၏ စီးပွားရေးနှင့် သံတမန်ရေးရာ ပိတ်ဆို့အရေးယူမှု (Sanctions) များ ပြင်းထန်နေချိန်ဖြစ်၍ *မြန်မာနိုင်ငံ အာဆီယံထဲ ဝင်ခွင့်ရပါပလား” ဟူ၍ နိုင်ငံသားများအကြား စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြဖူးသည်။

သို့သော်လည်း မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၀) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ကိုး နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်အဖြစ် တရားဝင် ဝင်ခွင့်ရရှိခဲ့သည်။ အဖွဲ့ဝင်နိုင်ငံသားလုံး၏ တညီတညွတ်တည်း ထောက်ခံမှုဖြင့် အာဆီယံမိသားစုဝင် ဖြစ်လာခဲ့သော မြန်မာ့ခရီးလမ်းသည် ထိုစဉ်က ထင်သလောက် မခက်ခဲခဲ့ပေ။ အနောက်အုပ်စု၏ ဖိအားများ မည်မျှပင်ရှိစေကာမှု အာဆီယံသည် မိမိတို့၏အခြေခံမူဝါဒအတိုင်း မြန်မာနိုင်ငံနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ သို့သော် ဆန်းကြယ်လှသည့် သံတမန်ရေးရာ အလှည့် အပြောင်းအဖြစ် ယခု ၂၀၂၆ ခုနှစ် ရွေးကောက်ခံအစိုးရလက်ထက်သို့ ရောက်ရှိလာချိန်တွင်မူ မြန်မာနှင့် အာဆီယံတို့၏ နိုင်ငံရေးခရီးသည် လိပ်ခဲတည်းလည်းနှင့် ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေသည်ကို စဉ်းစားရကျပ်ဖွယ် တွေ့မြင်နေရသည်။ ဖယ်ရှားလို့မရသည့် ပထဝီနိုင်ငံရေးအရ အတူတကွ ရပ်တည်နေရပါလျက်နှင့် အာဆီယံသည် ဘာကြောင့် မြန်မာ့အရေးနှင့်ပတ်သက်လာလျှင် ရွေးချယ်ရခက်ခဲသော လမ်းဆုံလမ်းခွသို့ရောက်အောင် ကိုယ်တိုင်ဖန်တီးနေကြပါသနည်း။

မြန်မာ-အာဆီယံ ဆက်ဆံရေးကို သုံးသပ်ရာတွင် ၁၉၉၇ ခုနှစ် နောက်ခံအခြေအနေနှင့် ယနေ့ ၂၀၂၆ ခုနှစ် ပကတိအခြေအနေကွာခြားချက်ကို ဦးစွာနားလည်ရန် လိုအပ်သည်ဟု ယူဆမိပါသည်။၁၉၉၇ ကာလ စစ်အေးတိုက်ပွဲအပြီးကာလတွင် အာဆီယံ၏ အဓိကရည်မှန်းချက်မှာ အရှေ့တောင်အာရှ ဒေသတစ်ခုလုံးကို စုစည်းရန် (အဖွဲ့ဝင် ၁၀ နိုင်ငံ စုံညီရန်) ဖြစ်သည်။ ထိုစဉ်က အမေရိကန်ဦးဆောင်သောအနောက်အုပ်စုက မြန်မာကို ပိတ်ဆို့ထားသော်လည်း အာဆီယံသည် ၎င်းတို့၏ တန်ဖိုးရှိသော “တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ရေးမူဝါဒ” (Non-interference Policy) ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျက် မြန်မာကို အဖွဲ့ထဲသို့ ဆွဲခေါ် ခဲ့သည်မှာ ကျေနပ်အားရဖွယ်ကောင်းလှပါသည်။

၂၀၂၆ ခုနှစ် ယနေ့ကာလတွင်မူ ကမ္ဘာ့အခြေအနေသည် အမေရိကန်နှင့် အရုတ်တို့၏ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှု (Strategic Rivalry) ကြောင့် အားပြိုင်မှု ပြင်းထန်နေသည်။ အာဆီယံသည် ကမ္ဘာ့အလယ်တွင် ၎င်း၏ ဗဟိုချက်မအဖြစ် ရပ်တည်နိုင်မှု (ASEAN Contrality) ကို ပြသချင်သဖြင့် အနောက်အုပ်စု၏ သြဇာလွှမ်းမိုးမှုနှင့် ဖိအားများကို ယခင်ကထက် ပိုမိုခံလာရသည်ကိုတွေ့မြင်လာရသည်။အကျိုးဆက်အနေဖြင့် မြန်မာ့အရေးကို ကိုင်တွယ်ရာတွင် သီးခြားလွတ်လပ်သောအမြင်ထက် ဘေးပယောဂများ၏ အလိုကျဖြစ်စေမည့်မူဝါဒဘက်သို့ ယိမ်းယိုင်သွေစည်လာခဲ့သဖြင့် အာဆီယံ၏ ဂုဏ်သိက္ခာကို ထိခိုက်လာစေခဲ့ပါသည်။

အာဆီယံနှင့် မြန်မာအကြား လက်ရှိဖြစ်ပေါ်နေသော အဓိကအဖုအထစ်မှာ ၂၀၂၁ ခုနှစ်ကတည်းက စတင်ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် ငါးချက် (Five-Point Consensus) ပေါ်တွင် အခြေခံနေပါသည်။ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် အဆိုပါအချက်များသည် အာဆီယံပဋိညာဉ်ကို ချိုးဖောက်နေသဖြင့် တရားမဝင်ကြောင်း မြန်မာဘက်က အကြိမ်ကြိမ်တုံ့ပြန်ခဲ့ပြီးဖြစ်သည်။ ယခုအခါ ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကလောမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ နန္ဒာလှမြင့် တင်သွင်းခဲ့သည့် “မြန်မာနိုင်ငံအပေါ် အာဆီယံက တစ်ဖက်သတ်ချမှတ်ထားသည့် ဘုံသဘောတူညီချက်ငါးချက်နှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရက ပြန်လည်သုံးသပ်ပေးရန်” တိုက်တွန်းချက်အဆိုကို ကိုယ်စားလှယ်ပေါင်း ၃၀ ဦးက ထောက် ခံဆွေးနွေးခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ပြချက်များတွင် တူညီသော သုံးသပ်ချက်မှာလည်း ရှင်းလင်းလှပါသည်။ အဆိုပါ သဘောတူညီချက် ငါးချက်သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူ ရပ်တည်ပိုင်ခွင့်ကို ထိခိုက်စေရုံမျှမက၊ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရဆိုသည့် အခြေခံမူကို တိုက်ရိုက်ချိုးဖောက်နေခြင်း ဖြစ် ကြောင်း ဆွေးနွေးလာကြသည်။ ထို့အပြင် ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ပေါက်လာခဲ့ပြီဖြစ်၍ ယခင်နှစ်များက နိုင်ငံရေးအခြေအနေမျိုး မဟုတ်တော့ပေ။ ထိုကဲ့သို့သော ပြေပြင်ဖြစ်ပေါ်တိုးတက်မှုများကို မျက်ကွယ်ပြုပြီး လွန်ခဲ့သော ငါးနှစ်က အတိုင်း ဇွတ်အတင်း စီရင်ချက်ချရန် ကြိုးစားနေခြင်းသည် အာဆီယံ၏ အဖွဲ့အစည်းဆိုင်ရာ တုံ့ပြန်မှု နှေးကွေးခြင်း (Institutional Rigidity) ကိုသာ ပြသနေပါသည်။ မြန်မာနှင့်ပတ်သက်၍ တင်းခံနေသော အာဆီယံ၏အခြေအနေကို လေ့လာကြည့်လျှင်အာဆီယံသည် လက်ရှိတွင် ၎င်း၏ ကိုယ်ပိုင်ပဋိညာဉ် (Charter) ထဲမှ အခြေခံမှုနှစ်ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာကျပေသည်။ အာဆီယံပဋိညာဉ်တွင် အချုပ်အာအာဏာကို လေးစားရေး၊ ပြည်တွင်းရေး မစွက်ဖက်ရေးနှင့် တန်းတူရည်တူရှိရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အုပ်ချုပ်မှုကောင်းများ မြင့်တင်ရေးတို့ ပါရှိပါသည်။ မြန်မာ့အရေးနှင့် ပတ်သက်လာလျင် အာဆီယံသည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုကို အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့ပါသည်။ ထိုနည်းတူ အနောက်အုပ်စု စံနှုန်းများကိုသာ ရှေ့တန်းတင်ကာ တစ်ဘက်တေင်းနင်း ဆောင်ရွက်နေသောကြောင့် ယခုကဲ့သို့ မဟာဗျူဟာပြောက် လမ်းပိတ်ဆို့မှုများ ကြုံတွေ့ နေရသည် မှာ ဝမ်းနည်းစရာ ကောင်းလှပါသည်။

ယခုအခါ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ဖိတ် ခေါ်ထားပါသည်။ အဆိုပါအစည်းအဝေးကို ဇူလိုင် ၁၂ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှာ ပြုလုပ်မည်ဟု ဖိလစ်ပိုင်က ထုတ်ပြန်လာပါသည်။ အလွတ်သဘောအစည်းအဝေးကို ဖီလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံ၏ မြန်မာ့အရေးအထူးသံ မာထရီဆာပီလာဇာရိုက ဦးဆောင်မှာဖြစ်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် နောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနှင့် နေပြည်တော်ဘက်က ကိုယ်စားလှယ်တို့ ပထမဆုံး လူချင်းတွေ့ဆုံမှုလည်း ဖြစ်ပါသည်။

ဖိလစ်ပိုင်အပြောအရ အစည်းအဝေးတွင် ဦးတင်မောင်ဆွေက မြန်မာ၏ လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြမှာဖြစ်ပြီး အာဆီယံ၏ မြန်မာအပေါ် ထိတွေ့ဆက်ဆံရေး၊ အကြမ်းဖက်မှု ရပ်တန့်ရေး၊ သက်ဆိုင်သူများအကြား တွေ့ဆုံဆွေးနွေးရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးတို့အတွက် ဘုံသဘောတူညီချက်နှင့်အညီ မြန်မာက ဆောင်ရွက်နိုင်မည့် လက်တွေ့ကျသည့်အဆင့်များကို ဆွေးနွေးကြမည်ဟုလည်း ထုတ်ပြန်ထားပါသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို အာဆီယံတွင် မြန်မာ၏ ပါဝင်မှု အခန်းကဏ္ဍ တစ်ဆင့်မြှင့်လာပြီဟု ဆိုနိုင်သော်လည်း အချုပ်အခြာအာဏာပိုင် အဖွဲ့ဝင်နိုင်ငံ အချင်းချင်း တန်းတူ ဆက်ဆံမှုမရှိသဖြင့် လွန်စွာ စိတ်ကသိကအောက် ဖြစ်ရပါသည်။ အာဆီယံ၏ အနှစ်သာရသည် အဖွဲ့ ဝင်နိုင်ငံအားလုံး တန်းတူရည်တူ အခွင့်အရေးရှိခြင်းပင်ဖြစ်ပါသည်။ ယခုကဲ့သို့ ပြုမူ ဆက်ဆံခြင်းသည် အာဆီယံ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေနိုင်ပါသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံအပေါ် ယခုကဲ့သို့ သံတမန်ရေးရာခွဲခြားဆက်ဆံမှုများကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက နှစ်ဦးနှစ်ဘက်စလုံးအတွက် မကောင်းသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပါသည်။ အထူးသဖြင့် အာဆီယံသည် ၎င်း၏အဖွဲ့ဝင် မိသားစုဝင်ကိုပင် စည်းလုံးအောင် မလုပ်နိုင်ဘဲ အနောက်အုပ်စုနှင့် ဘေးပယောဂများ၏ ဖိအားကြောင့် လမ်းခွဲပြတ် တောက်မှုများ လုပ်ဆောင်နေပါက နိုင်ငံတကာအလယ်တွင် “အာဆီယံ” ဆိုသည့် အဖွဲ့အစည်းကြီး၏ ဩဇာတိက္ကမသည် တဖြည်းဖြည်း ကျဆင်းသွားနိုင်သည် သတိပြုသင့်ပါသည်။

အာဆီယံဘက်က ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းကို ပိတ်တို့ပြီး ခွဲခြားဆက်ဆံမှုများ တိုးမြှင့်လာပါက၊ မြန်မာနိုင်ငံအနေဖြင့် ပထဝီနိုင်ငံရေးအရ ပိုမိုအားကိုးရပြီး လက်တွေ့ကျသည့် အခြားအင်းအားကြီး မဟာမိတ်နိုင်ငံများ (ဥပမာ – တရုတ်၊ ရုရှား၊ အိန္ဒိယ) နိုင်ငံများ နှင့် ဒေသတွင်း မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားရန် တွန်းအားပေးသလို

ဖြစ်လာနိုင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် တောင်အာရှကို ဆက်သွယ်ပေးထားသည့် မဟာဗျူဟာမြောက် ကုန်းမြေတံတားကြီး ဖြစ်ပါသည်။ မြန်မာကို သံတမန်ရေးအရ ဘေးဖယ်ထားခြင်းသည် ဒေသတွင်း မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် စီးပွားရေးစင်္ကြံလမ်းများ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များတွင် အာဆီယံကိုယ်တိုင် လိုချင်သည့်ရလဒ်များ မရနိုင်ဘဲ လမ်းပိတ် ဆို့မှုများနှင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်ကိုလည်း သတိပြုရန် လိုအပ်ပါသည်။ ´

တစ်ဘက်မှာလည်း အာဆီယံ၏အကျပ်အတည်းကို နားလည်မိပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အထက်မှာတင်ပြခဲ့သလို မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်ဖြစ်ခဲ့သော ကာလများနှင့် မတူတော့ဘဲ ဖိအားများရင်ဆိုင်နေရသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းတရုတ်ပြည်၏ ကမ္ဘာ့အင်အားကြီးနိုင်ငံ အဖြစ်သို့ရောက်ရှိလာနေမှုနှင့် တဖြည်းဖြည်း အင်အားကြီးထွားလာသော အိန္ဒိယနိုင်ငံတို့ကို အင်အားကန့်သတ်ထိန်းချုပ်လိုသော အမေရိကန်ကြောင့် အာဆီယံတွင်သဘောထားကွဲလွဲမှုများနှင့် ရှင်ဆိုင်နေရပါသည်။ အင်ဒိုချိုင်းနားကျွန်းဆွယ်ရှိ ကုန်းတွင်းနိုင်ငံအများစုသည် တရုတ်နှင့် ဆက်ဆံရေး ပြေလည်ကြသဖြင့် မြန်မာနှင့် ဆက်ဆံရေးကောင်းမွန်စေလိုကြသည်။ အကျိုးစီးပွားအရလည်း မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရန် မဖြစ်မနေ လိုအပ်လာပါသည်။ သို့သော် မလက္ကာရေလက်ကြား ပတ်ဝန်းကျင် နိုင်ငံအချို့နှင့် ပင်လယ်ထဲက ကျွန်းနိုင်ငံများကမူ မြန်မာကိုမလိုလားကြပေ။ အမေရိကန်ကြောင့် မလိုလားကြသလို မြန်မာ့နိုင်ငံရေး တည်ငြိမ်ပါက “တရုတ်၊ အိန္ဒိယ၊ ရုရှားတို့၏ စီမံကိန်းများ အမြန်ဆုံးအကောင်ထည်ဖော်လာနိုင်လျှင် ၄င်းတို့ အကျိုးစီးပွားကို ထိခိုက်လာနိုင် သောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် အာဆီယံသည် မြန်မာ့အရေးနှင့်ပတ်သက်လာလျှင် ရွေးချယ်ရခက်သော လမ်းဆုံလမ်းခွကို ရောက်နေရခြင်းဖြစ်ပါသည်။

မည်သို့ပင်ဆိုစေကာမူ ပထဝီနိုင်ငံရေးအရ မြန်မာနှင့် အာဆီယံသည် ခွဲခြား၍မရသော အိမ်နီးနားချင်းများ ဖြစ်ကြပါသည်။ မည်သည့်အစိုးရတက်သည်ဖြစ်စေ၊ နိုင်ငံရေးစနစ် မည်သို့ပြောင်း သည်ဖြစ်စေ ရေမြေချင်းထိစပ်နေသည့် ပကတိအခြေအနေကို ပြောင်းလဲ၍ မရနိုင်ပါ။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်းထားသကဲ့သို့ ပြည်ထောင်စုအစိုးရအနေဖြင့် လက်ရှိ မြေပြင်အနေအထားနှင့် မကိုက်ညီတော့သည့် ဘုံသဘောတူညီချက် ငါးချက်ကို ပြတ်ပြတ်သားသား ပြန်လည်သုံးသပ်ရန် လိုအပ်သလို၊ အာဆီယံဘက်ကလည်း အတိတ်က မူဝါဒဟောင်းများတွင် ပိတ်မိမနေဘဲ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခင်းအကျင်းသစ်ကို အသိအမှတ်ပြုရမည် ဖြစ်ပါသည်။ အာဆီယံအနေဖြင့် လမ်းဆုံလမ်းခွမှ လွတ်မြောက်ကာ ဒေသတွင်း တည်ငြိမ်မှုကို ဖော်ဆောင်လိုပါက တစ်ဘက်သတ် စီရင်ချက်ချသည့်ပုံစံကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားသည့် “လက်တွေ့ကျသော သံတမန်ရေး လမ်းကြောင်းသစ်” (Realistic Diplomatic Approach) သို့ ကူးပြောင်းရန် အချိန်ကျရောက်နေပြီ ဖြစ်ပါကြောင်း သုံးသပ်အကြံပြုလိုက်ရပါသည်။