(the guardian ပါ ဆောင်းပါးအား အလွတ်သဘောဘာသာပြန်ဆိုသည်)
ဒီပွဲက အဘိဓာန်တစ်အုပ် ဖတ်ရသလို ဒါမှမဟုတ် မြောက်ကိုရီးယား ရွေးကောက်ပွဲရလဒ် ထွက်လာတာကို စောင့်ကြည့်ရသလိုမျိုး စိတ်လှုပ်ရှားစရာလည်း မရှိ၊ ထူးခြားဆန်းကြယ်မှု လည်း မရှိ။
ဘယ်သူ့ကိုမှ အံ့သြစေခြင်းမရှိဘဲ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ဟာ သောကြာနေ့မှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား မဲခွဲပွဲကြီးမှာ ပထမဆုံးအကြိမ် ဖီဖာ ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဒီပွဲကြီးကို ကမ္ဘာပေါ်က တန်ဖိုးအရှိဆုံး အတ္တပိုင်ရှင်ရဲ့ စိတ်ကြိုက် လိုက်လျော ညီထွေ ဖြစ်အောင်၊ အမြင်မတော်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဖန်တီးထားတာပါ။
“ဒါက ခင်ဗျားရဲ့ ဆုပဲ၊ ဒီမှာ ခင်ဗျားရဲ့ ငြိမ်းချမ်းရေးဆုပဲ” လို့ ဖီဖာဥက္ကဌ၊ ခေါင်းပြောင်ကြီး ဂါနီ အင်ဖန်တီနိုက ဆီးနှင်းကျနေတဲ့ ဝါရှင်တန်မြို့က ဂျွန် အက်ဖ် ကနေဒီ ဖျော်ဖြေရေး စင်တာမှာ ထရမ့်ပ် စင်ပေါ်တက်လာတော့ လှိုက်လှိုက်လှဲလှဲ အော်ဟစ်ခဲ့တယ်။
အဲဒီမှာ “DONALD J TRUMP” လို့ စာလုံးအကြီးတွေနဲ့ ရေးထိုးထားတဲ့ အုတ်ခုံပေါ်မှာ ဘယ်သူမှ မလိုချင်တဲ့ ဆုဖလားကြီးက တင်ရှိနေပါတယ်။ အဲဒါကတော့ နိုဘယ်ငြိမ်းချမ်း ရေးဆု မရလို့ စိတ်ပျက်နေတဲ့ လက်သေးသေးလေး ပိုင်ရှင်အတွက် အစားထိုးနိုင် လောက်အောင် ကြီးမားတဲ့ ရွှေလက်ငါးချောင်းပေါ်မှာ တင်ထားတဲ့ ရွှေကမ္ဘာလုံးကြီးပါ။
ဒါပေမဲ့၊ ဒီထက် ပိုပါသေးတယ်။ “ခင်ဗျားအတွက် လှပတဲ့ ဆုတံဆိပ်တစ်ခုလည်း ရှိပါသေးတယ်၊ ခင်ဗျားသွားချင်တဲ့နေရာတိုင်းမှာ ဝတ်ဆင်သွားလို့ရပါတယ်” လို့ အင်ဖန်တီနို က ထပ်ပြောခဲ့တယ်။ ထရမ့်ပ်ဆိုရင် ဒါမျိုးဆုများများ မရှိဘူးဆိုတာ သူသိထားလို့ပါ။
စင်ပေါ်ရဲ့ မီးအောက်မှာ ပုံမှန်ထက် ပိုပြီး လိမ္မော်ရောင် လင်းလက်နေတဲ့ ထရမ့်ပ်ဟာ အင်ဖန်တီနိုကို ဂုဏ်ပြုပေးဖို့တောင် မစောင့်ဘဲ ဆုတံဆိပ်ကို သူ့လည်ပင်းမှာ အမြန်ဆွဲပစ် လိုက်တယ်။ ပရိသတ် ၂,၀၀၀ ကို သူက “ဒါဟာ ကျွန်တော့်ဘဝရဲ့ အကြီးကျယ်ဆုံး ဂုဏ်ပြုခံရမှုတွေထဲက တစ်ခုပါပဲ” လို့ ကြေညာခဲ့တယ်။
တစ်ချိန်က နော်ဝေဘောလုံးဝေဖန်သူတစ်ဦးဟာ အင်္ဂလန်ကို အနိုင်ရတုန်းက “Maggie Thatcher… your boys took a hell of a beating!” (မဂ္ဂီ သက်ချာ… ခင်ဗျားရဲ့ ကောင်လေးတွေ အကြီးအကျယ် ရှုံးပြီ!) လို့ အမှတ်တရ အော်ဟစ်ခဲ့ဖူးတယ်။ အခုတော့ ဖီဖာဟာ သူတို့အကြိုက်ဆုံး သမ္မတကို လျစ်လျူရှုခဲ့တဲ့အဖွဲ့အစည်းကို သူတို့ရဲ့ ကိုယ်ပိုင် ထိပါးချက်ဖြစ်တဲ့ “နော်ဝေ နိုဘယ်ကော်မတီ… ခင်ဗျားတို့ အကြီးအကျယ် ရှုံးပြီ” ဆိုတဲ့ သတင်းစကားကို ပေးလိုက်တာပါပဲ။
Keir Starmer နဲ့ Benjamin Netanyahu လို ခေါင်းဆောင်တွေဟာ လွန်ခဲ့တဲ့တစ်နှစ်လုံးမှာ ထရမ့်ပ်ကို မြှောက်ပင့်ပြောဆိုတာဟာ ကလေးကို ရွှေလုံးသကြားလုံး အတင်းကျွေး သလိုပဲဆိုတာ နားလည်ခဲ့ရတယ်။ ပိုပြီး အရှက်မရှိလေ၊ ပိုပြီး အောင်မြင်လေပါပဲ။ အခုတော့ အင်ဖန်တီနိုရဲ့ ကျေးဇူးကြောင့် ထရမ့်ပ်ဟာ ကမ္ဘာ့အားကစားပွဲကြီးရဲ့ ဗဟိုချက်မှာ ဝင့်ဝင့်ကြွားကြွား ရောက်ရှိလာခဲ့ပါပြီ။
သမိုင်းဟာ တကယ်ကိုပင် ထပ်နေပါတယ်။ ဘင်နီတို မူဆိုလီနီဟာ ၁၉၃၄ ခုနှစ် အီတလီ ကမ္ဘာ့ဖလားကို သူ့ရဲ့ ပြန်လည်အားကောင်းလာတဲ့ ရောမအင်ပါယာကို မြှင့်တင်ဖို့ အသုံးပြုခဲ့တယ်။ ပွဲတိုင်းမတိုင်ခင် အီတလီအသင်းဟာ “ရောမ အလေးပြုခြင်း” ကို လုပ်ခဲ့တယ်။ Il Duce ဟာ တရားဝင် Jules Rimet ဖလားထက် ခြောက်ဆပိုကြီးတဲ့ “Coppa del Duce” လို့ခေါ်တဲ့ အထူးဖလားကိုတောင် ဖန်တီးခဲ့ပါသေးတယ်။
အမေရိကန်က ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားကို အိမ်ရှင်လုပ်တုန်းက မဲခွဲပွဲကို လပ်စ်ဗီးဂတ်စ်မှာ လုပ်ခဲ့ပြီး သမ္မတ ဘီလ်ကလင်တန်တောင် တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ ဘောလုံး အားကစားအတွက် အမေရိကန်ကို အမြတ်အစွန်းရနိုင်တဲ့ မရှာဖွေရသေးတဲ့နိုင်ငံအဖြစ် မြင်နေတဲ့ အင်ဖန်တီနိုဟာ Count Dracula က သူ့ရဲ့ ပျောက်ဆုံးနေတဲ့ အချစ်ကို ရှာဖို့ ပင်လယ်တွေ ဖြတ်သန်းခဲ့သလို ထရမ့်ပ်နောက်ကို ဇွဲနပဲကြီးစွာ လိုက်ခဲ့ပါတယ်။
ဖီဖာအကြီးအကဲကို ဒီနှစ်အစောပိုင်း ထရမ့်ပ်ရဲ့ ဒုတိယ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ တွေ့ခဲ့ရပြီး Oval Office နဲ့ ဖလော်ရီဒါရှိ Mar-a-Lago စံအိမ်ရဲ့ ပုံမှန်ဧည့်သည် ဖြစ်ပါတယ်။ ချယ်လ်ဆီး ကလပ်ကမ္ဘာ့ဖလားပွဲ အောင်ပွဲခံပွဲကို ထရမ့်ပ်က ဝင်ရောက်စွက်ဖက်တုန်းကလည်း သူ ဘာမှ ကန့်ကွက်ခဲ့ခြင်းမရှိပါဘူး။ ဖီဖာဟာ နယူးယောက်က Trump Tower မှာ ရုံးခန်းအသစ် တစ်ခုကိုတောင် ဖွင့်လှစ်ခဲ့ပါသေးတယ်။
ဒါကြောင့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မဲခွဲပွဲကို Kennedy Center မှာ သရော်ပြောင်လှောင်မှု ကင်းမဲ့စွာ ကျင်းပခဲ့တယ်။ ဒီနေရာဟာ သမ္မတ ထရမ့်ပ် ခန့်အပ်ထားတဲ့သူရဲ့ ခေါင်းဆောင်မှု အောက်မှာ မသမာမှုနဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေ စုံစမ်းစစ်ဆေးဖို့ ဆီးနိတ် ဒီမိုကရက်တွေ စတင်ခဲ့တဲ့ နေရာဖြစ်ပြီး Richard Nixon ကို ပြုတ်ကျစေခဲ့တဲ့ Watergate အဆောက်အအုံနဲ့လည်း နီးနီးလေးပါပဲ။
အားလုံးဟာ ဖီဖာရဲ့ ပုံစံအတိုင်းပါပဲ။
ပွဲကြီးကို အီတလီ တန်နောရ် Andrea Bocelli က “None shall sleep” (မည်သူမျှ မအိပ်ရ) လို့ အဓိပ္ပာယ်ရတဲ့ Nessun Dorma သီချင်းကို ကျယ်လောင်စွာ သီဆိုရင်း စတင်ခဲ့ပါတယ် — ဒါက မကြာသေးခင်က အစည်းအဝေးတွေမှာ မှေးခနဲဖြစ်နေတာကို တွေ့ရတဲ့ သမ္မတကို သတိပေးလိုက်တာများလား?
အစီအစဉ်တင်ဆက်သူတွေကတော့ ရွှေရောင် တလက်လက် ဂါဝန် ဝတ်ထားတဲ့ မော်ဒယ်နဲ့ တင်ဆက်သူ Heidi Klum နဲ့ လက်လက်တောက်ပနေတဲ့ ဆွဲကြိုးနဲ့ အနက်ရောင် ဆွယ်တာ ဝတ်ထားတဲ့ ဟာသသရုပ်ဆောင် Kevin Hart တို့ ဖြစ်ကြပါတယ်။ ထုံးစံအတိုင်း ဘောလုံးကလစ်ပ်တွေ ပြသခဲ့ရာမှာ ၁၉၈၆ ခုနှစ်က အာဂျင်တီးနားနဲ့ အင်္ဂလန်တို့ပွဲမှာ Diego Maradona ရဲ့ ဒုတိယဂိုးလည်း ပါဝင်ခဲ့တယ်။ ဂေါက်ရိုက်ရင် လှည့်ဖျားတတ်တယ်လို့ စွပ်စွဲခံရလေ့ရှိတဲ့ ထရမ့်ပ်ကတော့ Maradona ရဲ့ ရှက်စရာကောင်းလှတဲ့ “Hand of God” ပထမဂိုးကို ပိုသဘောကျကောင်း ကျပါလိမ့်မယ်။
သူ့ရဲ့ The Art of the Deal စာအုပ်ထဲမှာ “truthful hyperbole” (မှန်ကန်သော ချဲ့ကားပြောဆိုမှု) ဆိုတဲ့ စကားလုံးကို တီထွင်ခဲ့သူ ထရမ့်ပ်ဟာ အင်ဖန်တီနိုက “ဒါဟာ အကြီးမြတ်ဆုံး ဘောလုံးပွဲ ဖြစ်ရုံသာမက၊ လူသားသမိုင်းမှာ အကြီးမြတ်ဆုံးပွဲ၊ လူသားမျိုးနွယ်တွေ မည်သည့်အခါမှ မမြင်ဖူးသေးတဲ့ အကြီးမြတ်ဆုံးပွဲ… ဒါက တစ်လ အတွင်း Super Bowl ၁၀၄ ပွဲနဲ့ တူပါတယ်” လို့ ကြေညာခဲ့တဲ့ပုံကို သေချာပေါက် သဘောကျ ပါလိမ့်မယ်။
ကမ္ဘာ့ဘောလုံးလောကရဲ့ Lex Luthor လို့ တင်စားရမယ့်သူက ပရိသတ်ထဲက အမေရိကန် တွေကို “USA! USA! USA!” လို့ အော်ခိုင်းပြီး၊ ကနေဒါလူမျိုးတွေကို “Canada, Canada, Canada!” လို့ အော်ခိုင်းပြီး၊ မက္ကဆီကိုလူမျိုးတွေကို “Mexico, Mexico, Mexico!” လို့ အော်ခိုင်းခဲ့တယ်။ ထို့နောက် Nicole Scherzinger နဲ့ Robbie Williams တို့ရဲ့ ဆူညံတဲ့ ဖျော်ဖြေမှုအပြီးမှာ ထရမ့်ပ်ရဲ့ ထွန်းတောက်တဲ့ အခိုက်အတန့် ရောက်လာခဲ့ပါတယ်။
ရွှေရောင် ဗီဒီယိုတစ်ခု ဖွင့်ပြချိန်မှာ- ဒီဆုကို ထရမ့်ပ်အတွက် သီးသန့်ပေးဖို့ ဖန်တီးခဲ့တာ မဟုတ်ဘူးဆိုတာကို လူတိုင်းကို အတင်းအကြပ် ယုံကြည်စေဖို့ နောက်ခံစကားပြောသူက ကြိုးစားခဲ့ပါတယ်။ “ငြိမ်းချမ်းရေးဟာ မျှော်လင့်ချက်ကို ဖန်တီးပေးပြီး ဘောလုံး အားကစားက အဲဒီမျှော်လင့်ချက်ကို စည်းလုံးညီညွတ်မှုအဖြစ် ပြောင်းလဲပေးပါတယ်” လို့ ဆိုပါတယ်။
“ကျွန်တော်တို့ဟာ သံတမန်ရေးရာ ကြိုးပမ်းမှုတွေမှာ ပါဝင်ပြီး ဆွေးနွေးမှု၊ တင်းမာမှု လျှော့ချရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့တဲ့ ကမ္ဘာ့စင်မြင့်မှာ ဘောလုံးအားကစားရဲ့ စည်းလုံးစေနိုင်တဲ့ စွမ်းအားကို အားပေးထောက်ခံ ခဲ့တဲ့ တက်ကြွထက်သန်တဲ့ ခေါင်းဆောင်တစ်ဦးကို ဂုဏ်ပြုပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါဟာ Alice’s Adventures in Wonderland ထဲက Dodo က “အားလုံး ဆုတွေ ရရမယ်” ဆိုပြီး ပေးခဲ့တဲ့ ဆင်ခြေထက်တောင် စကားလုံးတွေ ပိုရှည်နေပါတယ်။
နောက်ခံစကားပြောသူက ထရမ့်ပ်က သူ့ရဲ့ ၁၀ လတာ ရာထူးသက်တမ်းအတွင်း ဖြေရှင်းပေး ခဲ့တယ်လို့ အခိုင်အမာဆိုတဲ့ သံသယဖြစ်ဖွယ် ပဋိပက္ခ ရှစ်ခုကို ပြောပြခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အပေါ် ချီးမြှောက်ပြောဆိုမှု ဒါမှမဟုတ် ကာရေဘီယံပင်လယ်ထဲက လှေငယ်လေးတွေပေါ်မှာရှိတဲ့ နာမည်မဖော်ပြရသေးတဲ့ လူဆယ်ဂဏန်းများစွာကို တရား စီရင်ရေးပြင်ပ သတ်ဖြတ်မှုတွေကိုတော့ လုံးဝ ဖော်ပြမသွားခဲ့ပါဘူး။ ဒီဆုံးဖြတ်ချက်မှာ VAR (Video Assistant Referee) နဲ့ စစ်ဆေးလို့ ရပါ့မလား။
ပရိသတ်ကို ဂါဇာငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးမှာရှိတဲ့ ထရမ့်ပ်၊ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံနေတဲ့ ထရမ့်ပ်၊ Abraham Accords ကို လက်မှတ်ရေးထိုးနေတဲ့ ထရမ့်ပ်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ ရဝမ်ဒါခေါင်းဆောင်တွေနဲ့အတူရှိနေတဲ့ ထရမ့်ပ် နဲ့ ဂုဏ်ယူနေတဲ့ ဘောလုံးဖခင်တစ်ဦးလို သူ့ကို လက်မထောင်ပြနေတဲ့ အင်ဖန်တီနို တို့ရဲ့ နှေးကွေးပြကွက် ဗီဒီယိုတွေကို ပြသခဲ့ပါတယ်။
ပြီးနောက် ဆုပေးအပ်ပွဲ- အဲဒီနောက် မကြာခင်မှာ ကနေဒါဝန်ကြီးချုပ် Mark Carney နဲ့ မက္ကဆီကိုသမ္မတ Claudia Sheinbaum တို့နဲ့အတူ ဂိမ်းရှိုးတစ်ခုမှာ ပါဝင်နေသလိုမျိုး ပလတ်စတစ်စင်မြင့်တွေနောက်မှာ ရပ်နေတဲ့ ထရမ့်ပ်။ အမေရိကန်သမ္မတဟာ Ted Lasso လို အားပေးစကား ပြောဖို့ ကြိုးစားခဲ့ပြီး နယူးယောက် ကော့စ်မော့စ်အတွက် Pelé ကစားတာကို ကြည့်ခဲ့ဖူးတဲ့အကြောင်း ပြန်ပြောခဲ့သလို ဘောလုံးပွဲကို “football” လို့ ခေါ်သင့်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ရှုပ်ထွေးလှတဲ့ မဲခွဲပွဲ – ထရမ့်ပ်ရဲ့ မျက်လုံးတွေ ပွင့်နေခဲ့ရဲ့လား – ပြီးတဲ့အခါမှာတော့ ဒီပွဲကို The Village People က Y.M.C.A. သီချင်းကို ကျယ်လောင်စွာ သီဆိုရင်း ထရမ့်ပ် စည်းရုံးပွဲနဲ့ တူစွာ အဆုံးသတ်သွားခဲ့ပါတယ်။ သမ္မတက သူ့ဆုကို ရသွားခဲ့ပြီး အင်ဖန်တီနိုကလည်း သူလိုချင်တဲ့သူကို ရသွားခဲ့ပါပြီ။ နောက်ထပ် ပန်းတိုင်က အော်စကာဆုပဲလား။
Credit- The Guardian
