လှတင့်ဆွေ(ပိန်းဇလုပ်)
အဂတိအရေးဟုဆိုအပ်သော (အဂတိလိုက်စားမှု) လူ့အခွင့်အရေးဟုဆိုအပ်သော လူသားတိုင်းရဲ့မွေးရာပါရရှိမယ့် အခြေခံအခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေဟာ ဆန့်ကျင်ဘက်ဝေါဟာရတွေဖြစ်သလို လားရာမတူရည်ရွယ်ချက်မတူတဲ့ စကားလုံးများလည်း ဖြစ်ပါတယ်။ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။
အဂတိလိုက်စားမှုဆိုတာကို တရားဥပဒေဘောင်အတွင်း အေးချမ်းစွာနေလိုတဲ့ ပြည်သူတွေ မကြိုက်နှစ်သက်ကြပါဘူး။ လူ့အခွင့်အရေးဆိုတာကိုတော့ ပြည်သူတွေ နှစ်သက်မြတ်နိုးတတ်ကြသလို ရုံးဌာနတွေရဲ့ ဆောင်ရွက်ဆုံးဖြတ်ချက်တွေဟာ တရားမျှတမှုမရှိဘူးလို့ ထင်မြင်နေသူတွေရဲ့အားကိုးရာလည်း ဖြစ်ပါတယ်။ အဂတိလိုက်စားမှုအပုပ်နံ့တွေဟာ ပြည်သူရွံ့မုန်းဂရာလည်းဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုတာကိုတော့ ပြည်သူကြိုက်နှစ်သက်ပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရေးသားပြုစုထားတဲ့ ၂၀၂၅ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာကို ကျင်းပနေဆဲ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကို ဖြန့်ပေပေးခဲ့ပါတယ်။ ထိုစာအုပ်ပါအချက်အလက်တွေကို ဆွေးနွေးဖို့ကိုလည်း ပြည်ထောင်စုလွှတ်တော်က ဖိတ်ခေါ်ခဲ့ရာ (၅.၁၁. ၂၀၂၆) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်(၁၄)ဦးတို့က ဆွေးနွေးသွားခဲ့ပါတယ်။
အဂတိလိုက်စားမှုတွေနဲ့ပတ်သက်ပြီး ၂၉.၁၀.၂၀၂၆ ရက်နေ့က ထုတ်ဝေခဲ့တဲ့ Bullet News Journal အတွဲ(၈)အမှတ်(၃၅)မှာ ‘လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုတွေက အမောက်ထောင် နေဆဲလား။ ပုဆိုးခြုံထဲက လက်သီးပြနေဆဲလား’ ဆိုတဲ့ ဆောင်းပါးမှာ စာရေးသူက တာဝန်ရှိသူတွေကို သတိပေးသဘောမျိုး ရေးသားခဲ့ပါသေးတယ်။ အဂတိလိုက်စားမှုတွေ ကြီးထွားရိုင်းပျနေသေးသမျှ လူ့အခွင့်အရေးဆိုတာ စာရွက်ပေါ်မှာသာရှိပြီး မျက်နှာအောက်ချ ခေါင်းငုံ့နေရဆဲဖြစ်နေမှာပါ။ အဂတိလိုက်စားမှုတွေကို သံဘရပ်ရှ်နဲ့ စပ်ကြမ်းကြမ်းတိုက်ချနိုင်ပါမှ လူ့အခွင့်အရေးဟာ အလိုလိုတောက်ပြောင်လာမှာဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုတာ နိုင်ငံနဲ့ချီရင်ကျယ်ပြောလှပြီး ကမ္ဘာ့နဲ့ချီရင်တောင် အလွန့်အလွန်ကျယ်ပြောပါလိမ့်မယ်။ ဆက်စပ်ပတ်သက်တာတွေကို တွေးလို့ရသမျှ ရေးရမယ်ဆိုရင် –
၁။ တိုင်းပြည်တစ်ပြည်ရဲ့ စီမံအုပ်ချုပ်တဲ့မူဝါဒ။
(အာဏာရှင်နိုင်ငံတွေမှာ လူ့အခွင့်အရေး မရနိုင်ပါဘူး။)
၂။ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ နိုင်ငံ ခြားရေးမူဝါဒ။
၃။ တိုင်းပြည်၏ အဓိကစီးပွားရေးလုပ်ငန်း၊ စီးပွားရေး ခိုင်မာမှုနဲ့ GDP တိုးတက်မှုနှုန်း မြင့်မားမှု၊
၄။ တရားဥပဒေစိုးမိုးမှု ကျယ်ပြန့်ထိရောက်မှု။
၅။ တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးစံနဲ့ ရိုးရာကိုးကွယ်မှုတွေ။
၆။ ရာသီဥတုနဲ့ မြေပြင်အခြေအနေ။
၇။ တိုင်းပြည်နေပြည်သူတွေရဲ့ ချမ်းသာကြွယ်ဝမှု၊ ရောဂါကင်းရှင်းမှုနဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်မှု။
၈။ တည်ဆဲအစိုးရ၏ လုံခြုံရေးနယ်မြေလွှမ်းခြုံနိုင်မှု။
၉။ ဘာသာတရားကိုးကွယ်မှု။
လူ့အခွင့်အရေးခေါင်းစဉ်အရဆိုရင်တော့ ဆောင်းပါးတစ်ပုဒ်လောက်နဲ့ မပြည့်စုံနိုင်ပါဘူး။ စာအုပ်တွေလည်း များစွာထွက်ရှိထားပါတယ်။ စာရေးဆရာအောင်မျိုးမင်း (Director, HRE13)ရဲ့ ‘လူ့အခွင့်အရေးလက်စွဲ’ စာအုပ်၊ စာရေးဆရာစုံရဲ့ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းသမိုင်းနဲ့ အငြင်းအခုံ’ စာအုပ်တွေလောက်တော့ တီးမိခေါက်မိရှိသင့်တယ်လို့ ထင်ပါတယ်။
အဂတိလိုက်စားမှု
ပြီ။ ငွေကြေးတံစိုးလက်ဆောင်ရယူပြီး ရုပ်ပိုင်းခွင့်ကို ရောင်းစား ခြင်းပါပဲ။ သီးခြားဆောင်းပါးရေးပြီးဖြစ်လို့ အကျယ်မရေးတော့ အဂတိလိုက်စားမှုမြောက်ခြင်းဆိုရာမှာ လုပ်ပိုင်ခွင့်အာဏာ ရှိသူတစ်ဦးက ဖော်ပြပါ တံစိုးလက်ဆောင်တစ်ပုံတစ်ရာကို ရယူ ပြီး (လုပ်ငန်းပြီးမြောက်စေရန်) ပြုမူဆောင်ရွက်ခြင်းအားဖြင့် အဂတိလိုက်စားမှုမြောက်တယ်လို့ ဖွင့်ဆိုထားတာကို ရေးပြပြီးပါ ပါဘူး။
လူ့အခွင့်အရေး
‘လူ့အခွင့်အရေးဆိုသည်မှာ လူသားတို့လူ့ဂုဏ်သိက္ခာ အပြည့်အဝဖြင့် အသက်ရှင်နေထိုင်နိုင်ရန် လိုအပ်သော အခြေခံအဆင့်အတန်းအချက်များဖြစ်သည်’ နောက်အဓိပ္ပာယ်တစ်မျိုး အနေနဲ့ ‘လူ့အခွင့်အရေးဆိုသည်မှာ ကြောက်ရွံ့ခြင်းမှ ကင်းဝေးခြင်း (Freedom From Fear)နဲ့ တောင့်တခြင်းမှကင်းပေးခြင်း (Freedom From Wants)’ဟူ၍လည်း ဖွင့်ဆိုကြပါတယ်။ လူ့အခွင့်အရေးတွေဆိုတဲ့ စကားလုံးတွေအပေါ် ပညာရှင်တွေရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုတွေမှာ ယနေ့တိုင် ပြီးပြည့်စုံခြင်းမရှိသေးဘဲ ဆက်လက်လည်း ဆွေးနွေးဖော်ထုတ်နေဆဲ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေကို ဖြန့်ဝေပေးထားတဲ့ ‘မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၂၅ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာ’ ကို ထိုတစ်ချိန် (လမ်းစဉ်ပါတီခေတ်)က ဗိုလ်တထောင်သတင်းစာမှာ ဆရာသိန်းဖေမြင့်ရေးခဲ့တဲ့ အခန်းဆက် ဆောင်းပါးခေါင်းစဉ်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောပါရစေ’ ဆိုရင်တော့ ‘ယုန်မွှေးဘရပ်ရှ်နဲ့ စားပွဲပေါ်က ဖုန်သုတ်သလို ချောချောမွေ့မွေ့ သာသာယာယာရေးထားတဲ့ အစီရင်ခံစာတစ်ခုလောက်သာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
အဲဒီအစီရင်ခံစာမှာပါတာက ကော်မရှင်ရုံးဖွဲ့စည်းမှု၊ ဆွေးနွေးဟောပြောပွဲတွေ၊ သင်တန်းတွေ ဖွင့်လှစ်ပေးနိုင်ခြင်းတွေ တိုင်တန်းချက်တွေအပေါ် စိစစ်မှုအခြေအနေ၊ အမူအမျိုးအစားအလိုက် လက်ခံရရှိမှု၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ကွင်းဆင်းစုံစမ်းစစ်ဆေးခြင်း၊ တိုင်ကြားသူတို့၏ တုံ့ပြန်မှုတွေ၊ အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်း ရဲစခန်း၊ အချုပ်ခန်းတွေနဲ့ တရားရုံးအချုပ်ခန်းတွေ၊ စစ်ဆေးခြင်း၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အစည်းအဝေးတွေ တက်ရောက်ခြင်း၊ ၂၀၂၅-၂၀၂၆ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (အပိုင်း ၁၊ ၂ နဲ့ ၃)တို့အား စောင့်ကြည့်လေ့လာခြင်း၊ E-Government ဆိုင်ရာ ဆောင်ရွက်ချက် တွေ စသဖြင့် (ဓာတ်ပုံတွေဖြင့်) နိဒါန်းမှ နိဂုံးအထိ စာမျက်နှာ ၁၃၆ မျက်နှာဖြင့် ပြုစုထားပါတယ်။
အဲဒီအစီရင်ခံစာအပေါ် သံဘရပ်ရှ်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်တိုက်ပေဖန်ရရင်တော့ ပြီးပြည့်စုံတဲ့အစီရင်ခံစာတစ်ခုလို့ မဆိုနိုင်ပါဘူး။ အစီရင်ခံစာဟာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ဒုက္ခခံစားနေရတဲ့ ပြည်သူကို ကိုယ်စားမပြုဘူးလို့ပဲ ဆိုပါရစေ။
လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ပြည်သူတွေသိချင်တာက ဆောင်ရွက်ခဲ့တဲ့ ကိန်းဂဏန်းအရေအတွက်တွေ မဟုတ်ပါဘူး။ တရားမျှတမှုမရှိတဲ့ စီရင်ချက်တွေ၊ လူကိုလူလိုမဆက်ဆံတဲ့ ဌာနဆိုင်ရာတွေရဲ့ မောက်မာမှုတွေ၊ မတရားစွပ်စွဲခံရမှုတွေကို ဘယ်လိုဖြေရှင်းပေးမလဲ သိချင်ကြရှာမှာပါ။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က စစ်ဆေးချက်တွေထဲက အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အလုပ်စခန်းတွေမှာ ဘာတွေဖြစ်နေသလဲ။ ဘာရောဂါတွေ ခံစားနေရသလဲ။ အကျဉ်းသားတွေက ဘာတွေတင်ပြကြလို့ ဘာတွေကို ဘယ်လိုလုပ်ပေးနိုင်သလဲ၊ မတရားမှုတွေက ဘာတွေလဲဆိုတာတွေပါ။
ကိုယ်တွေ့ တစ်ချက်တင်ပြပါမယ်။ စာရေးသူဟာ ကျောက်ဖြူခရိုင်နဲ့ သံတွဲခရိုင်မှာ ခရိုင်အဆင့် အကြီးအကဲတစ်ဦးအဖြစ် ၂၀၀၀ ပြည့်နှစ်က ၂၀၀၆ နှစ်ကုန်ပိုင်းအထိ တာ၀န်ထမ်းဆောင်ခဲ့ဖူးပါတယ်။ (နာမည်ဆိုးသိပ်မထွက်တဲ့ထောင်တွေ ဆိုပါတော့) စာရေးသူစစ်ပေးမယ့်နေ့တွေဆိုရင် အစားအသောက်အနည်းငယ် ပိုကောင်းတယ်။ ထောင်၀တ်စုံတွေ ပိုသန့်ပြန့်ပါတယ်။ သန့်ရှင်းရေးပိုကောင်းတယ်လို့ လွတ်လာတဲ့အကျဉ်းသားတွေက ပြောပြကြပါတယ်။ ထောင်ကျအကျဉ်းသားတွေက အထက်လူကြီးတွေ မကြာခဏလာစစ်ဆေးတာကို သဘောကျပါတယ်။ ထောင်၀န်ထမ်းတွေကတော့ ဧည့်ခံကျွေးမွေးရတာနဲ့ ပြန်လက်ဆောင်ပေးရတနာနဲ့ သိပ်သဘောကျမယ် မထင်ပါဘူး။ ဆိုလိုချင်တာက ထောင်ကျအကျဉ်းသားတွေရဲ့ ပုံမှန်ရရှိရမယ့် ခံစားခွင့်တွေမပေးဘဲ စစ်ဆေးမယ့် လုပ်ပိုင်ခွင့်ရှိတဲ့အကြီးအကဲတွေ လာစစ်ဆေးပါမှ အစားအသောက်တွေမှာ ဆီပြန်အသားဟင်တွေကျွေး၊ ဝတ်စုံတွေအသစ်ဝတ်ဆင်စေတာဟာ လူ့အခွင့်အရေးမဟုတ်ပါဘူး။ သစ်ပင်ဆိုရင် ထုံးသုတ်၊ လူကြီးလာရင် အလံထောင် ခေတ်ကုန်စေချင်ပါတယ်။
အကျဉ်းဦးစီးဌာန ကျောက်ထုတ်စခန်းတစ်ခုနဲ့ပတ်သက်ခဲ့တဲ့ အတွေ့အကြုံလေး ရေးပြချင်ပါသေးတယ်။ ကလေး၊ ဂန့်ဂေါ၊ ကျောရထားလမ်းဖောက်လုပ်ရေးမှာ စာရေးသူက ရေမျက်နီရွာ နားကအကျဉ်းဦးစီးဌာနက အင်အား ၅၀၀ လောက်ရှိတဲ့ ကျောက်ထုတ်စခန်းမှာ လုံခြုံရေးတာ၀န်ယူရပါတယ်။ (စခန်းအပြင် လုပ်ငန်းခွင်ထဲအပါအ၀င်ပါ) အဲဒီစခန်းမှာ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျအကျဉ်းသားတွေဆိုရင် လူတန်းစားတစ်ရပ်အနေနဲ့ ပိတ်သားအကောင်းစားဖြူလွှလွှ၀တ်စုံနဲ့ ပေါ်ဆန်းမွှေးထမင်းနဲ့ အိပ်ယာဘေးမှာ ရုပ်ရှင်မင်းသမီးပိုစတာပုံနဲ့ အပြင်ဘုတ်ထွက်စရာမလိုဘဲ ရုံးလုပ်ငန်းမှာသာ ယောင်ပြလုပ်နေရတဲ့ တကယ့်ထောင်မင်းသားတွေပါ။ ကျောက်ထုတ်စခန်းရှေ့က မှန်လုံကားအကောင်း စားတစ်စီးနှစ်ခေါက်လောက် ဖြတ်မောင်းသွားရင် မူးယစ်ဆေးဝါး အမှုထောင်ပြေးတစ်ယောက် (ထွက်ပြေး) စာရင်းပြလာပါတယ်။ လူ့အခွင့်အရေးဆိုတာ ငွေရှိရင်တစ်မျိုး၊ ငွေမရှိရင်တစ်မျိုးလို့ ဆိုရမယ်ထင်ပါတယ်။
လူ့အခွင့်အရေး၏ အခြေခံအချက်တွေ အတိုချုပ်ပဲရေးပါ့မယ်။
၁။ လူ့အခွင့်အရေးသည် လူတိုင်းအတွက် မွေးရာပါ အခွင့် 35 (Human Rights are inherent)
၂။ လူ့အခွင့်အရေးသည် လူသားအားလုံးနဲ့သက်ဆိုင်သည် (Human Rights are universal)
၃။ လူ့အခွင့်အရေးကို မည်သူကမှ ယူဆောင်သိမ်းပိုက်၍ (Human Rights are inalienable)
၄။ လူ့အခွင့်အရေးများသည် တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်စပ်အမှီပြုနေသည် (Human Rights are undivisible)
လူ့အခွင့်အရေးသမိုင်းကြောင်း
သမိုင်းကြောင်းဆိုကတည်းက နည်းနည်းတော့ရှည်ပါလိမ့်မယ်။ အတိုချုပ်ပဲ တို့ထိကြည့်ရအောင်ပါ။
လူ့အခွင့်အရေးဟာ လူ့ယဉ်ကျေးမှု စတင်ထွန်းကားခဲ့တဲ့ အစဦးကတည်းက စတင်ခဲ့တယ်လို့ဆိုပါတယ်။ လူ့အခွင့်အရေး ဆိုတဲ့ စကားလုံးကိုတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်းကာလမှ စပြီး တွင်တွင်ကျယ်ကျယ် သုံးစွဲလာခဲ့ကြပါတယ်။ ဟိန္ဒူဗေဒ ကျမ်းစာတွေ၊ မြတ်ဗုဒ္ဓရဲ့ ဟောကြားချက်တွေ၊ ဆာဘီလိုးနီးယမ်း တို့ရဲ့ ဟာမူရာဘီကိုဓဥပဒေ၊ ခရစ်ယာန်သမ္မာကျမ်းစာ၊ အစ္စလာမ် ကိုရမ်ကျမ်းစာနဲ့ ကွန်ဖြူးရှပ်အဆိုအမိန့်တွေထဲမှာ လူသားတို့ရဲ့ တာ၀န်နဲ့ အခွင့်အရေးတို့ကို ဆွေးနွေးထားတယ်ဆိုတာ တွေ့နိုင် ပါတယ်။
လူ့အခွင့်အရေးကြေညာစာတမ်း
အတိုချုပ်ရှင်းလင်းချက်ဆိုပြီး အပိုဒ် ၃၀ ရှိပါတယ်။ စာပျက် နှာပေးနိုင်မှုအနေအထားအရ ရေးမပြတော့ပါဘူး။ လေ့လာချင်ဆိုရင်တော့ Aung Myo Min, Director, HRE13 ရေးတဲ့ ‘လူ့အခွင့်အရေးလက်စွဲ’။ စာမျက်နှာ ၃၅ နဲ့ ၃၆ မှာ ရေးထားပါတယ်။ ၁၉၄၈ ခုနှစ်မှာ လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုပြီး လူ့အခွင့်အရေးစာချုပ်ကြီးနှစ်ခုကို ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံကြီးက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ ထိုလူ့အခွင့်အရေးစာချုပ်ကြီးနှစ်ခုကို စုပေါင်းပြီး ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ (International Bill of Human Rishts)’ ဟု ခေါ်ပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာကို လေ့လာခြင်း
အဲဒီ အစီရင်ခံစာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် တိုင်တန်းချက် လက်ခံရရှိမှုဇယားမှာ ပထမက ရန်ကုန်ပိုင်းဒေသကြီးက ၁၈၉ မှုနဲ့ ၅၄.၄၆ ရာခိုင်နှုန်း၊ ဒုတိယက မန္တလေးတိုင်းဒေသကြီး ၄၄ မှုနဲ့ ၁၂.၆၈ ရာခိုင်နှုန်း၊ ချင်း၊ ရခိုင်ပြည်နယ်တွေမှ တိုင်တန်းတက်မရှိဘူးလို့ ဖော်ပြထားပါတယ်။ စာရေးသူအကြံပြုလိုတာက တိုင်းနဲ့ပြည်နယ်အလိုက် ဖော်ပြရုံနဲ့ ကောက်ချက်ချလို့မရနိုင်ပါဘူး။ အဲဒီတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာနေထိုင် တဲ့လူဦးရေအချိုးအစားနဲ့ယှဉ်ပြီး ဖော်ပြမှသာ အဖြေမှန်ထွက်ပါလိမ့်မယ်။ ထိုလိုတာက ရန်ကုန်ဆိုတာ လူဦးရေ ရှစ်သန်းလောက် နေထိုင်တာပါ။ တိုင်စာများတာ မထူးဆန်းပါဘူး။
အမှုအမျိုးအစားအလိုက် ဖော်ပြမှုဇယားမှာလည်း မြေယာအငြင်းပွားမှုနဲ့ သက်ဆိုင်သောအမှုက ၉၉ မှု (၂၈.၅၃ ရာခိုင်နှုန်း) ဒုတိယက တရားရေးနဲ့သက်ဆိုင်သောအမှုက ၄၂ မှု (၁၂.၀၁ ရာခိုင်နှုန်း) အဆင့် ၃ မှာက အကျဉ်းထောင်နဲ့သက်ဆိုင်သော အမှု ၃၉ မှုနဲ့ ရဲတပ်ဖွဲ့ နဲ့သက်ဆိုင်သောအမှု၏ ၃၄ မှုဆိုတဲ့စာရင်း ကိုကြည့်ရင် အဲဒီအမှုနဲ့ပတ်သက်ဆက်နွှယ်တဲ့ဌာနတွေဟာ အဂတိတိုက်စားမှု အများဆုံးဌာနတွေ၊ ပြဿနာအများဆုံးဌာနတွေလို့ သုံးသပ်နိုင်ပါတယ်။
၅.၁၁.၂၀၂၆ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် န၀မနေ့အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် ၆ ဦးအေးပိုင် တင်ပြဆွေးနွေးသွားတဲ့အထဲမှာ ကော်မရှင်သို့ တိုင်ကြားခံရတဲ့ ရုံးဌာနတွေ စာရင်းမှာ တရားရုံးတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ အကျဉ်းဦးစီးဌာန၊ လူ၀င်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့က ထိပ်ဆုံးထိပ်ဆုံးမှာရှိနေပါတယ်။ (ပြင်ဖို့လိုမယ်ဆိုတဲ့ သဘောပါပဲ။)
၁၉၄၁ ခုနှစ်မှာ အမေရိကန်သမ္မတဖရန့်ကလင်းရုစဗဲ့ရဲ့ မိန့်ခွန်းအဓိကကျတဲ့ လွတ်လပ်မှုလေးခုဖြစ်တဲ့ခုဖြစ်တဲ့ ‘လွတ်လပ်စွာပြောဆိုခွင့်နဲ့ ထုတ်ဖော်ပိုင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ပိုင်ခွင့်၊ လိုအင်ဆန္ဒတွေကနေ ကင်းလွတ်ခွင့်၊ ကြောက်ရွံ့နေရခြင်းကနေ ကင်းလွတ်ခွင့်’ တွေကို ကာကွယ်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့တာ လူ့အခွင့်အရေးရဲ့ ပထမမူကြမ်းလို့ ဆိုနိုင်ပါတယ်။
အားလ်ဝါရန် (၁၈၉၁-၁၉၇၄) အမေရိကန်နိုင်ငံ တရားသူကြီးချုပ်ဟောင်းက ‘တရားမျှတမှု အသက်၀င်ရှင်သန်နေတာဟာ ဥပဒေပြဋ္ဌာန်းချက်တွေကြောင့် မဟုတ်ဘူး။ အသိတရားကြောင့်ဖြစ်တယ်’ လို့ ဆိုခဲ့ပါတယ်။
လုပ်ပိုင်ခွင့်ရှိတဲ့ရုံးဌာနတွေ၊ ရုံးဝန်ထမ်းအကြီးအကဲတွေ အနေနဲ့ ကြိုးနီစနစ်ကို ကိုင်ဆွဲပြီး စာအုပ်ကြီးနဲ့ကိုင်ပ တိုင်မပေါက်ဘဲ စေတနာတရား၊ ကိုယ်ချင်းစာတရား၊ အသိတရားတွေထားရှိကြ မယ်ဆိုရင် ဘက်လိုက်မှုတွေကင်းရင် အဂတိတွေကင်းစင်ရင် လူ့အခွင့်အရေးဆိုတာ အလိုလိုပြည့်စုံသွားပါလိမ့်မယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၂၅-၂၀၂၆ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်အရ ဒီမိုကရေစီအစိုးရပေါ်ထွန်းလာခဲ့ပြီဖြစ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ နောင်နှစ်တွေအတွက် ပြုစုတဲ့နှစ်ပတ်လည်အစီရင်ခံစာတွေမှာ ယခု ၂၀၂၅ ခုနှစ် အစီရင်ခံစာထက် ပိုမိုပြည့်စုံကောင်းမွန်တဲ့ အစီရင်ခံစာတစ်စောင် ပြုစုရေးသားသင့်ပါကြောင်း အကြံပြုလိုက်ပါရစေ။
လှတင့်ဆွေ(ပိန်းဇလုပ်)
