မြန်မာ့နိုင်ငံရေးအခြေအနေတွေကို စောင့်ကြည့် သုံးသပ်ရ
သလောက် စင်ပြိုင်အာဏာတည်ထောင်သူအုပ်စုဟာ ပလတ်စတစ်ခုံမှာထိုင်ရင်း ပွဲတက်ရတဲ့အဆင့်ထိ လျှောကျသွားခဲ့ပြီဖြစ်သော်လည်း လက်နက်ကိုင်သူပုန်ကိစ္စကတော့ ဖြေရှင်းဖို့ကျန်နေသေးတဲ့ကိစ္စဖြစ်ပါတယ်။
(၁၀၂၇) နောက်ဆက်တွဲအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခြိမ်းခြောက်ပြီး စစ်တိုက်နယ်မြေသိမ်းတဲ့ စစ်ဘုရင်ဝါဒ ခေါင်းထောင်လာခဲ့တယ်။ လက်နက်ကိုင်အဖွဲ့တွေကြား မကျေနပ်မှုတွေတိုးလာတယ်။ (၁၀၂၇)မှာ ဦးဆောင်သူ ကိုးကန့်နောက်က ပေါင်းပြီး စစ်တိုက်နယ်မြေသိမ်းခဲ့ကြတဲ့ ပလောင်တွေဟာ အခုမှ ကိုးကန့်က သူတို့နယ်မြေတွေကို ပြန်ခြိမ်းခြောက်လာတဲ့အတွက် အမျိုးသားနိုင်ငံရေးဆန်ဆန် အတွေးအခေါ်တွေကို ရှေ့တင်လာကြတယ်။ တကယ်က ကိုးကန့်ရဲ့ Chain of Command နဲ့ Logistics ကို သူတို့မယှဉ်နိုင်မှန်း သိပါတယ်။ သူတို့အသိဆုံးပါ။ ကိုးကန့်ဦးဆောင်လို့ပဲ သူတို့တွေ နယ်မြေဒီလောက်သိမ်းလိုက်နိုင်တာ။ ဒီတော့ ပြန်တိုက်ဖို့မလွယ်တဲ့ကိုးကန့်ကို စာထုတ် အင်အားပြ ဝေဖန်တာကလွဲပြီး စစ်ရေးအရ ရင်မဆိုင်ဘူး။ အဲဒီအစား “အလင်းဝင်” ကြပါတယ်။ အခြေအနေမဟန်ရင် တပ်မတော်အောက်ကို ခိုဝင်ပါတယ်။ အင်အားနည်းနည်းရှိရင် တပ်ကိုရန်သူလိုတိုက်ပါတယ်။ ရမခကျရှုံးစဉ်က ဘာတွေလုပ်ခဲ့ကြသလဲ။ တပ်က အသိဆုံးပါ။
တစ်ချို့တဝက်လောက် အလင်းဝင်ပြီး တချို့တဝက်ကို လက်နက်ကိုင်အဖြစ် ချန်ထားပါလိမ့်မယ်။ စပွန်ဆာရရင် ထပ်တိုက်ပါမယ်။ သယံဇာတတူးပါမယ်။ နယ်မြေလိုချင်ရင် ပြန်တိုက်ယူ – လို့ ပြောပါလိမ့်မယ်။ သိပ်ကိုရိုးရှင်းတဲ့ကိစ္စဖြစ်တာမို့ ဒီလိုအုပ်စုတွေနဲ့ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေးကို ယုံစရာမရှိသလို အင်အားနည်းချိန်မှာ မိမိအောက် ဒူးထောက်လာတဲ့ရန်သူကို အရင်လို အခွင့်ထူးတွေ ခွဲဝေပေးစရာမလိုဘူးလို့လည်း မြင်တယ်။ ၁၀၂၇ ဒုတိယလှိုင်းကို ဒီကောင်တွေဦးဆောင်ခဲ့တာပါ။
တစ်ချိန်တည်းမှာပဲ သူပုန်အားလုံး အားကျရတဲ့ Role Model ကြီး ဝ ကတော့ တရုတ်ဆီက Favor မရတော့တဲ့အတွက် စွမ်းရည်ကျဆင်းနေတယ်။ ဝ ဟာ Logistics ပိုင်းမှာ အခရာကျတာမို့ ဝ မပါဘဲ ကိုးကန့်က စစ်မြှူရခက်လိမ့်မယ်။ သူပုန်ဟာ အရင်ကလို တပ်ကို ဦးတည်တဲ့တိုက်ပွဲတွေထက် Soft Target ဖြစ်တဲ့ အချင်းချင်း နယ်မြေလုတဲ့စစ်ပွဲ၊ သယံဇာတလုတဲ့ စစ်ပွဲတွေပဲ ပိုဖော်လာပါလိမ့်မယ်။ စစ်မျက်နှာများနေတဲ့ တပ်အနေနဲ့ ဒီအနေအထားမှာ လက်ရှောင်နေပြီး သူပုန်တွေကို ဘာအခွင့်အရေးမှ မပေးမိဖို့လိုတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်လို့ရတဲ့အနေအထားမှာ ရန်သူကို ကျုံ့သည်ထက် ကျုံ့သွားအောင်ထားသင့်တယ်။
ပလောင်တစ်ဦးရေးသလို သူတို့အကြီးအကဲတွေ ကိုးကွယ်ဖို့ပင့်လာတဲ့ အန်းကုန်းတွေကို သူတို့ဘာသာပဲ ပြန်ပို့ကြပါစေပေါ့။ နယ်မြေသိမ်းစစ်ပွဲလေးပဲ ဖော်မယ်ဆိုရင်တောင်မှ လူသူလက်နက်နဲ့ ငွေလိုလာမှာမို့ စပွန်ဆာနိုင်ငံကြီးဟာ သူ့လူတွေကို ငွေရှာခွင့်ပြုလိမ့်မယ်။ မှောင်ခိုကုန်သွယ်မှုတွေ အားကောင်းလာဦးမယ်။ အစိုးရကမည်သို့ပင်မူဝါဒ ချမှတ်စေကာမူ မြေပြင်မှာ အချို့သောလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ကုန်စည်သယ်ဆောင်ခွင့်အတွက် လက်မှတ်တစ်ချက်၊ ပါမစ်လေးတစ်စောင်အတွက် ကျပ်သိန်းငါးဆယ်မှသည် ဈေးအမျိုးမျိုးခေါ် လုပ်စားနေကြတာလည်း အမှန်တရားဖြစ်နေပြန်ပါတယ်။
နိုင်ငံရေးဟာ အောက်ခြေမှာ သပွတ်အူလိုရှုပ်ထွေးနေတာမို့ ပိုအန္တရာယ်ရှိတဲ့ကိစ္စကို ဦးစားပေး ဖြေရှင်းသင့်ပါတယ်။ တရုတ်က ကိုးကန့်အတွက် ကုန်သွယ်ခွင့်တွေဖွင့်ပေးလိုက်တိုင်းမှာ ကိုးကန့်ရဲ့ ခြိမ်းခြောက်မှုကို တွေးကြည့်ရုံနဲ့တင်သွေးပျက်ကြမှာက မြေပြင်က အခြားသူပုန်တွေဖြစ်တာမို့ တချို့ကိစ္စတွေ လွှတ်ထားလိုက်တာကောင်းပါတယ်။ အားကိုးရှာလာတဲ့ သူပုန်တွေကို ဘယ်လိုကစားမယ်ဆိုတာကိုပဲ ပိုအာရုံစိုက်စဉ်းစားသင့်တယ်။ တရုတ်လည်း G to G ကုန်သွယ်မှုကို လေးစားလိုက်နာချင်ပါသော်လည်း မြေပြင်က Proxy တွေကို ကျွေးမွေးဖို့က ဦးစားပေးဖြစ်နေပြန်တယ်။ သူလည်း ခက်နေတာပါပဲ။ စစ်တိုက်ပြီးသိမ်းထားတဲ့ နယ်မြေတွေကို အစိုးရက အတည်ပြုပေးမှာမဟုတ်တဲ့အတွက်… လာလတ္တံ့သောပြဿနာကို အနာဂတ်မှာဖြေရှင်းကြရဦးမှာပါ။ အစိုးရက သွေးအေးအေးထားပြီး ကြိုတွေးထားဖို့လိုပါတယ်။
ကျွန်တော် သတိထားမိသလောက် လက်ရှိအစိုးရအဖွဲ့မှာ ကဏ္ဍစုံနီးပါး အကြပ်အတည်းဆိုက်နေသော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနတစ်ခုကတော့ အတော်ကြီးကို တင်းမာပြီးစွာတာပါ။ ဒီလိုနိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်လုပ်သမျှ ပြောသမျှ ငြိမ်နေတာကလည်း ပြုံးချင်စရာပါပဲ။
စစ်ရေးဟာ အငွေ့သမ်းသယောင်ဖြစ်နေရင်တောင် စစ်ပွဲဖော်နိုင်ခြေနည်းတာမို့ အစိုးရအနေနဲ့ စံချိန်တင်ကျဆင်းနေတဲ့ ကျပ်ငွေတန်ဖိုးတွေနဲ့ပတ်သက်ပြီး အဖြေရှာသင့်ပါတယ်။ ပြည်တွင်း စားဝတ်နေရေး ကြပ်တည်းမှုက တဖြည်းဖြည်းချင်း ဆိုးလာနေတာပါ။ ကုန်ဈေးနှုန်းနဲ့ လုပ်ခလစာဟာ ဘယ်လိုမှ အချိုးချလို့မရတော့ပါဘူး။ လက်နက်ကိုင် သူပုန်ထမှုကြောင့် လက်နက်တွေကလည်း ပျံ့နေတယ်။ မြို့ကြီးပြကြီးတွေမှာ အနုကြမ်းစီးတာတွေကလည်း ထမင်းစားရေသောက်လိုဖြစ်နေတယ်။ မဖြစ်သင့်ပါဘူး။
ဒါကြောင့် –
– ရှမ်းပြည်နယ်မြောက်ပိုင်းအရေးကို ဖော့ထားပြီး အနောက်တံခါးဘက်ကို ဖိကစားပါ။
– တရုတ်ရော သူ့ Proxy တွေပါ အမှန်တကယ် စစ်ပွဲဖော်ရလောက်တဲ့ အနေအထားရှိမနေပါဘူး။ ပိုဆိုးတာက အမေရိကန်ကလည်း ဝင်ကစားဖို့ ချိန်နေတယ်။
– နိုဝင်ဘာမှာ အိုင်စီဂျေက အမိန့်ချတဲ့အပေါ် မူတည်ပြီး အနောက်တံခါးက ရှုပ်ထွေးလာဦးမှာပါ။ ပြင်ဆင်ထားသင့်ပါတယ်။
– လက်ရှိအတွက်ကတော့ ပြည်တွင်းစီးပွားရေးကို ဦးစားပေးဖြေရှင်းသင့်တယ်။ အစိုးရဝန်ထမ်းတွေရဲ့ လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းကို အချိုးချကြည့်ရင် အစိုးရအနေနဲ့ ရှက်သင့်ပါတယ်။ နိုင်ငံတော်ဟာ ဝန်ထမ်းတွေကိုမှ ဝ အောင်မကျွေးနိုင်ဘူး လို့ အဖြစ်မခံပါနဲ့။
ဒီလောက်ပြဿနာများပြီး စစ်ပွဲများတဲ့တိုင်းပြည်မှာ ခါးပိုက်ဆောင်တပ်ဖွဲ့ ထပ်ဖွဲ့၊ အာဏာပါလုပြီး နိုင်ငံတော်ကို ဦးတည်တရားစွဲတဲ့ “အိုင်စီဂျေ” ကို ကြိုဆိုထောက်ခံနေတဲ့အဖွဲ့ကလည်း ရှိပါသေးတယ်။ လူရာမဝင်တဲ့ ဝတ်ပုံစားပုံ၊ တီရှပ်ပေါ်ကုတ်အင်္ကျီထပ်ဝတ်ပြီး ပလတ်စတစ်ခုံလေးပေါ် ငုတ်တုတ်လေးထိုင်… လို့ပေါ့…
တန်ရာတန်ရာပါပဲ။
သန့်နေစိုး (15. Nov. 2026)
