သန့်နေစိုး
မြင်ရသလောက်ကတော့ ပြီးခဲ့တဲ့အပတ်က နိုင်ငံရေးအရ ထူးခြားဖြစ်စဉ်မရှိဘူး လို့ ဆိုရမှာပါ။ အရွေ့တစ်ခု တည်တည်ငြိမ်ငြိမ်နဲ့ သွားနေတယ်ပေါ့။ အနည်းငယ် ပြောစရာရှိတာကတော့ စီးပွားရေးပဲ လို့ ဆိုရလိမ့်မယ်။ သို့သော် စီးပွားရေးနဲ့ ကုန်ဈေးနှုန်းဆိုတာကလည်း လမ်းပန်းဆက်သွယ်မှု အခက်အခဲတွေ၊ သောင်းကျန်းသူစိုးမိုးနယ်မြေတွေ၊ လမ်းကြေး၊ ဂိတ်ကြေးတွေကြောင့် ကုန်ကျစရိတ်တွေများနေတော့… ဖြေရှင်းဖို့ အချိန်ယူရနိုင်ပါတယ်။
အစိုးရနဲ့ တိုက်ရိုက် မသက်ဆိုင်သော်ငြား စိတ်ဝင်စားစရာသတင်းတစ်ပုဒ်က Bay of Bengal Post မှာပါလာတဲ့ သတင်းပါ။ ရခိုင်သူပုန် (AA) က လူမျိုးလိမ် ဘင်္ဂလီတွေကို အစုလိုက် အပြုံလိုက် သတ်ပါတယ်ဆိုတဲ့သတင်းတစ်ပုဒ် ထပ်တက်လာတယ်။ ထို့အတူ မရှေးမနှောင်းမှာပဲ (AA) က လူသစ်စုထားပါတယ်လို့ ခေါင်းစဉ်တပ်ထားတဲ့ ဘင်္ဂလီမိန်းကလေးငယ်တွေရဲ့ စစ်ဝတ်စုံနဲ့ဓာတ်ပုံတွေ တက်လာပါတယ်။ ရခိုင်ပြည်နယ်အရေးဟာ ကျွန်တော်တို့ထင်တာထက် များစွာရှုပ်ထွေးလာတော့မှာပါ။
တစ်ချိန်တည်းမှာပဲ ထွန်းမြတ်နိုင်တစ်ယောက် ဒဏ်ရာပဲရသလိုလို၊ သေပဲသွားသလိုလို သတင်းတွေတက်လာဖူးတော့ အခုလို ဘင်္ဂလီတွေဘက်က စွပ်စွဲမှုတွေပြင်းထန်လာတဲ့အချိန်မှာ ရခိုင်သူပုန်ဘက်က ဘယ်ခေါင်းဆောင်က ဒါတွေကို တာဝန်ယူဖြေရှင်းမလဲ၊ လူသူလက်နက်ငွေကြေး အထောက်အပံ့တွေ ဘယ်ကနေ ဘယ်လောက်ကြာကြာ ယူမလဲဆိုတာကလည်း တွေးစရာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ပြဿနာဟာ အတွင်းပိုင်းမှာ ကျွန်တော်တို့မြင်တာထက် ပိုရှုပ်နေနိုင်ပါတယ်။ ကနဦးအစက ဆေးသမားသာသာ၊ ဘိန်းမှောင်ခိုသာသာ ကချင်သူပုန်ဆီသင်တန်းသွားတက်တဲ့ အဆင့်ကနေ အခုတော့ ကချင်သူပုန်ကိုလည်း မနိုင်၊ ဆေးသမားလည်း အကောင်ကြီးလာတဲ့အဆင့် ရောက်လာတယ်ပြောရမယ်။ နိုင်ငံရေးကစားသလို စစ်ရေးမှာသွားလုပ်လို့မရပါဘူး။ ကျားတစ်ပွဲကို ကျားကစားသလို ကစားရသလို စစ်တုရင်ကိုလည်း စစ်တုရင်လိုပဲ ကစားရပါတယ်။
ဒီပြဿနာက ဘာနဲ့သွားနွှယ်မလဲဆိုတော့ အခု အာဆီယံက ပွဲစားဝင်လုပ်နေတဲ့ ဘင်္ဂလီများပြည်တော်ပြန်ရေးနဲ့ပါ သက်ဆိုင်ပါလိမ့်မယ်။ ဘင်္ဂလီများ တရားဝင်ပြည်တော်ပြန်ခွင့်ရရေးဟာ တရားဝင်အစိုးရက ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးကို အာမခံနိုင်မှဖြစ်နိုင်မယ့်ကိစ္စပါ။ အခုတော့ ပြည်တော်ပြန်ရေးက မျှော်လေတိုင်း ဝေးပေါ့။ ဘင်္ဂလီများဘက်ကလည်း ဘင်္ဂလားဒေ့ရှ်အခြေစိုက်ပြီး (အမေရိကန်အကူအညီနဲ့) ရခိုင်စစ်ရေးမှာ ပါဝင်စွက်ဖက်နေနိုင်တယ်။ တရုတ်ရဲ့ပင်လယ်ထွက်ပေါက်ကို ပိတ်ဆို့နေရာယူနိုင်ရေးစစ်ပွဲတွေမှာ ရခိုင်များနည်းတူ ဘင်္ဂလီများလည်း ဝင်တိုက်နေနိုင်ပါတယ်။ ဒီလိုဖြစ်နေတဲ့အနေအထားမှာ ထွန်းမြတ်နိုင်ရဲ့ (AA) ကို ဘင်္ဂလီကိစ္စနဲ့တွဲပြီး အမှုကပ်ပစ်လိုက်တယ်ဆိုကတည်းက ရခိုင်သူပုန်ကိုလည်း ပူးပေါင်းမယ့်အစား ထိုးကျွေးဖို့ ပြင်ထားပြီးဖြစ်မယ်လို့ ယူဆရပါတယ်။
ဒီတော့ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ရင် ခေါင်းအေးအေးထားပြီး ဖြေရှင်းကြဖို့လိုတယ်။ မလောဖို့လိုတယ်။ ရခိုင်ပြည်နယ်အရေးဟာလည်း ပထဝီနိုင်ငံရေးအရ အရေးပါလို့ နယ်မြေစိုးမိုးမှုလိုချင်ပေမဲ့ တကယ်တမ်းမှာ ကြောင်ပျောက်နေတဲ့ အခြားသော (ရုရှား – ယူကရိန်းစစ်) လို (အမေရိကန် – အီရန်စစ်) လို ဇာတ်မျောကြီးဖြစ်လိမ့်မယ်လို့မြင်တယ်။ ရက်စက်တဲ့စကားကို ပြောရရင် မျောထားတာက ပိုအကျိုးများမယ်လို့ မြင်တယ်။
တစ်ချိန်တည်းမှာပဲ နေပြည်တော်မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေတယ်။ နေပြည်တော်ဆွေးနွေးပွဲတွေက မြေပြင်ကို ဘယ်လောက် သက်ရောက်မှုရှိမယ်ဆိုတာကိုပဲ စိတ်ဝင်စားပါတယ်။ နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေးနေကြတုန်း သိန္နီမှာ ရမခ စစ်သုံ့ပန်းတွေကို သံခြေကျင်းတွေခတ်ပြီး အလုပ်ကြမ်းတွေခိုင်းစေနေတဲ့သတင်းတွေ တက်လာတာကျတော့လည်း သိပ်တော့ မကောင်းဘူးပေါ့။ မြင်ရသလောက် အရှေ့မြောက်ဒေသက သူပုန်တွေဟာ စစ်တပ်ကို တစ်ခါနိုင်ဖူးပြီး “ငယ်နိုင်ကြီးတွေ” လို ပြုမူနေတာကို မြင်ရတာ အဆင်ပြေမနေပါဘူး။ ရေရှည်မှာ အကျိုးဆက်တွေရှိပါတယ်။
တိုင်းပြည်ဟာ နေရာတကာပျံ့နှံ့ပြီးတောက်နေတဲ့ စစ်ပွဲတွေကို ရက်တစ်ရာလောက်နဲ့ ငြှိမ်းမရမှန်းလည်း ကျွန်တော် နားလည်ထားပါတယ်။ စစ်ဒဏ်တစ်ခါခံရပြီး ပြုတ်ပြုတ်ပြုန်းသွားတဲ့ဘဝတောင် အရင်လိုအခြေအနေ ပြန်ရောက်ဖို့မလွယ်တာ နှစ်ခုနစ်ဆယ်လောက် စစ်တိုက်နေတဲ့တိုင်းပြည် ချွတ်ခြုံကျတာလည်း မဆန်းပါဘူး။ ကျွန်တော်တို့ မီးစကြီးကို အပြင်ထပ်မထုတ်ဖို့လိုတယ်။ မီးလောင်ဖို့ ရင်းမြစ်ဖြစ်နေတဲ့ ကချင်သူပုန်တွေနဲ့ နိုင်ငံရေး သွားမကစားမိဖို့လိုတယ်။
လိုင်ဇာရှေ့ရောက်မှ တပ်ခေါက်ပြန်လာတာမျိုး ထပ်မဖြစ်တာ ကောင်းပါတယ်။
ဒီတော့ အနှစ်ချုပ်သုံးသပ်ရသော် –
– ရခိုင်သူပုန်ရဲ့ စစ်ရေးနောက်ကွယ်မှာ ပလေယာပေါင်းစုံပါနေပြီမို့ စစ်က ကြာမှာပါ။
– ရခိုင်သူပုန်ဟာ ဘင်္ဂလီတွေရဲ့ ရင်းမြစ်တွေကိုပါ မျှဝေသုံးစွဲနေရပြီဖြစ်သလို ဘင်္ဂလီဘက်ကလည်း ထွန်းမြတ်နိုင်နဲ့ (AA) ကို ထုံးစံမပျက် စစ်ရာဇဝတ်မှုနဲ့ ထောက်ထားပြီးပါပြီ။
– ပင်တဂွန်ရဲ့ လမ်းပြမြေပုံသစ် ဆိုတဲ့ စာအုပ်မှာတော့ အမေရိကန်ဟာ ပထဝီနိုင်ငံရေးအရ အချက်အချာကျတဲ့နိုင်ငံတွေမှာ ရှိရင်းစွဲဒေသခံတွေကြား ပဋိပက္ခတွေဖြစ်အောင် (စတုတ္ထမျိုးဆက်စစ်ပွဲပုံစံ) ဖန်တီးပြီး ပဋိပက္ခနယ်မြေတွေမှာ အမေရိကန်ဦးဆောင်တဲ့ Peacekeeping တပ်တွေ ဝင်တပ်စွဲမယ်၊ အဲဒီကမှ Safe Zone တွေကနေ ခွဲထွက်ခွင့်ဆီ အဆင့်ဆင့် ဆွဲယူဖော်ဆောင်သွားနည်းတွေဖော်ပြထားဖူးတယ်။
– အခုတော့ ရခိုင်ပြည်နယ်မှာ ဝက်ဝက်ကွဲ တိုက်ပွဲတွေဖြစ်နေတာတောင်မှ ဘာတစ်ခုမှ ထူးထူးခြားခြား လှုပ်ရှားမလာသေးတာတွေ့ရတယ်။ အချက်သုံးချက်လောက် တွေးကြည့်လို့ရတယ်။
– AA ဟာ သူ့ဘာသာ လွတ်မြောက်နယ်မြေဖြစ်အောင် မလုပ်နိုင်ဘူး။ ရေရှည်မရပ်တည်နိုင်ဘူး။
– စစ်ရေးအရ အကူအညီပေးရင်တောင် ဘင်္ဂလီတွေရဲ့ တိုက်ရိုက်အကျိုးစီးပွား မရနိုင်ဘူး။
– ရခိုင်သူပုန်နဲ့ စစ်တပ်ရဲ့ စစ်ပွဲမှာ ဘယ်ဘက်ကို လိုက်လို့မှ ဘင်္ဂလီ Safe Zone မရနိုင်ဘူး။
ဒီတော့ မျောနေတယ်။ ရခိုင်သူပုန်ကို စစ်ရာဇဝတ်မှုနဲ့ သဘောလောက် ခြိမ်းခြောက်ရုံပဲရှိတယ်။ စစ်တပ်ကလည်း စစ် အအီခံနေတော့ ရခိုင်ပြည်နယ်ဟာ ပထဝီနိုင်ငံရေးမှာ Stalemate ဖြစ်နေတယ်။ ဒီဒဏ်ကို မြန်မာ၊ တရုတ်၊ အမေရိကန် အပါအဝင် အားလုံး မျှခံကြရလိမ့်မယ်။
– အခြားစစ်ရေးကတော့ ကချင်သူပုန်အပေါ် တော်ရုံပဲကစားပြီး ပြတ်သားဖို့လိုတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ မြေပြင်မှာထိ အကျိုးသက်ရောက်မှုရှိဖို့လိုတယ်။
နောက်တစ်ခုက ဝင်ငွေနဲ့ ထွက်ငွေမမျှတဘဲ အခြေခံလူတန်းစားတွေနဲ့ ဝန်ထမ်းတွေ ကြပ်တည်းလာတဲ့အနေအထားကို (လစာတိုးရုံနည်းလမ်းသက်သက်နဲ့မဟုတ်ဘဲ) အစိုးရက လူမှုဖူလုံရေးနည်းလမ်းတွေ စီစဉ်ပေးဖို့ အရေးကြီးတယ်။ လုပ်စမ်းပါ… လူကြီးမင်းတို့ဆီမှာ ရုရှားပညာတော်သင်တွေများတာပဲ။ များမကြာမီတောင် သမ္မတကြီးကိုယ်တိုင် ရုရှားကို သွားတော့မှာပဲ။ အမေရိကန်ဦးဆောင်တဲ့ နေတိုးစစ်တပ်ကြီးနဲ့ ယူကရိန်းနိုင်ငံကိုတည်ပြီး ကာလရှည် Proxy စစ်တိုက်နိုင်တဲ့ထိ ရုရှားက သူ့နိုင်ငံအခြေခိုင်အောင် ဘယ်လိုစီမံထားတယ်ဆိုတာ လေ့လာခဲ့စမ်းပါ။ ကျွန်တော်တို့လည်း လုပ်နိုင်မှာပါ။
သူပုန်တွေရဲ့ လေသံကျယ်တဲ့ နိုင်ငံရေးပူဖောင်းကတော့ အခုထိ လေထဲမှာလွင့်နေဆဲပဲပေါ့။
ကြည့်ကြသေးတာပေါ့လေ…
