အောင်နိုင်သူ(ဇွဲကပင်)
မကြာသေးမီရက်ပိုင်းက BBC သတင်းဌာန၏ သတင်းထုတ်လွှင့်ချက်တစ်ခုတွင် နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်သည့် အဖွဲ့အစည်းများအနက် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နှင့် ရခိုင်လက်နက်ကိုင် (AA) တို့ ပါဝင်ခြင်းမရှိဟု ဝမ်းနည်းဖွယ်လေသံဖြင့် ထုတ်လွှင့်သွားသည်ကို ကြားသိလိုက်ရပါသည်။ ထို့ပြင် AA ၏ သတင်းမီဒီယာတစ်ခုတွင်လည်း ဂျပန်နိုင်ငံ ငြိမ်းချမ်းရေးအကျိုးဆောင် ဆာဆာကာဝါနှင့် နိုင်ငံ တော်အစိုးရတို့ တွေ့ဆုံမှုသည် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဖြစ်နိုင်ကြောင်း သုံးသပ်ဖော်ပြခဲ့ကြသလို၊ KIA ခေါင်းဆောင် အန်ဘန်လ ကလည်း နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း လေသံပစ်ပြလာသည်ကို အခုရက်ပိုင်း မီဒီယာများတွင် ခပ်စိပ်စိပ် ဖော်ပြလာကြသည်ကို တွေ့ရပါသည်။
ဤကဲ့သို့ အွန်လိုင်းမီဒီယာများမှ ဖော်ပြလာသော သတင်းဖြစ်စဉ်များ အားခုလုံးကို ခြုံငုံသုံးသပ်ရလျှင် KIA နှင့် AA တို့၏ ထုတ်ဖော်ပြောဆိုမှုများသည် စစ်ရေးအရ အရေးနိမ့်လာမှု၏ ရလဒ်ကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းကို အကာအကွယ်ယူလိုသည့် သတင်းစကားပါးခြင်းမျှသာဖြစ်ကြောင်း ထင်ရှားနေပါသည်။ ရေရှည်မှာလည်း မြန်မာ့တပ်မတော်ကို မည်သို့မျှ ရင်ဆိုင်နိုင်စွမ်းမရှိတော့ကြောင်း မျှော်တွေးတွေးဆပြီး နိုင်ငံရေးစည်း ဝိုင်းထဲဝင်ခွင့်ရရေး မီဒီယာကတစ်ဆင့် စကားခေါ်ပစ်ခြင်း ဖြစ်လိမ့်မည်ဟု ယူဆမိပါသည်။
မြန်မာ့တပ်မတော်ဆိုသည်မှာ စစ်ပွဲမျိုးဆက်အကူးအပြောင်း ကာလတွင် (၁၁) ရက်မျှဖြင့် ပြိုလဲသွားခဲ့သည့် ဆီးရီးယားနိုင်ငံ၏ အာဆာဒ်၏ စစ်တပ်မျိုး မဟုတ်သလို၊ နှစ်ပေါင်း (၂၀) အကြာ အမေရိကန်ဒေါ်လာ ၈၈.၆ ဘီလီယံကျော် အကုန်အကျခံ၍ လေ့ ကျင့်လက်နက်တပ်ဆင်ပေးခဲ့သော်လည်း တာလီဘန်တို့ထံ ရက် ပိုင်းအတွင်း စစ်ရှုံးပေးခဲ့သည့် အာဖဂန်နစ္စတတန် စစ်တပ်မျိုးလည်း မဟုတ်ပေ။
၁၀၂၇ ဖြစ်စဉ်ကို သုံးသပ်ရလျှင်ပြည်ပနိုင်ငံများ၏ ပတ်သက် မှု၊ နည်းပညာနှင့် စစ်ပွဲမျိုးဆက် အကူးအပြောင်းကြောင့် တပ်ဖွဲ့များ အလစ်အငိုက်မိခဲ့ရမှုနှင့် ပြောင်းလဲလာသော စစ်ပွဲမျိုးဆက် အပေါ် အဆင်သင့်မဖြစ်သေးသည့် အခြေအနေများကြောင့် သာလွန်အင်အားဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပါသည်။ စစ်ရေးကို သာမန်ကာလျှံကာမျှသာ လေ့လာထားသူများအတွက် ၁၀၂၇ ဖြစ်စဉ်သည် ကြီးမားသည့် ဆုံးရှုံးမှုကြီးတစ်ခုဟု ထင်မြင်နိုင်သော်လည်း ဒုတိယကမ္ဘာစစ်အတွင်း တတိယမျိုးဆက်စစ်ပွဲ အကူး အပြောင်း ကမ္ဘာ့စစ်ရေးသမိုင်းကို နှိုင်းယှဉ်လေ့လာဖူးသူများ အတွက်မူ ၎င်းမှာ နည်းဗျူဟာအဆင့် ဆုံးရှုံးမှုမျှသာ ဖြစ်သည်ကို နားလည်ကြမည်ဖြစ်ပါသည်။
အဆိုပါအချက်ကို သမိုင်းအထောက်အထားများနှင့်ဖေ ပရလျှင် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ဂျပန်အမှတ် (၁၅) တပ်တော်မှူး ဗိုလ်ချုပ်ကြီးအီးဒါး၏ ထိုးစစ်ကို မြန်မာပြည်စစ်သေနာ ပတိချုပ် ဗြိတိသျှဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးနှင့် အမှတ် (၁) မြန်မာတပ်မကြီးမှ ဗိုလ်ချုပ်ကြီး ဆာဝီလီယံစလင်းတို့ တတ်နိုင်သမျှ ခုခံခဲ့သော်လည်း မယှဉ်နိုင်ဘဲ အိန္ဒိယနိုင်ငံသို့ ခွာစစ်ဆင် ခဲ့ရပါသည်။ ထိုစစ်ပွဲ ကာလအတွင်း ရဲဘော်သုံးကျိပ်အပါအဝင် ဂျပန်စစ်အင်အားမှာ တစ်သိန်းဝန်းကျင်မျှသာ ရှိခဲ့သော်လည်း အင်္ဂလိပ်၊ တရုတ်၊ အမေရိကန်နှင့် မဟာမိတ် ပူးပေါင်းတပ်အင် အားမှာ တစ်သိန်းခုနစ်သောင်းအထိ ရှိခဲ့ပါသည်။ မဟာမိတ်တပ် များက စစ်အင်အား အဆမတန် သာလွန်ခဲ့သော်လည်း ၁၉၄၁ ခုနှစ် ဒီဇင်ဘာလမှ ၁၉၄၂ ခုနှစ် မေလအထိ ခြောက်လမျှသာ တောင့်ခံနိုင်ခဲ့ပြီး မြန်မာတစ်ပြည်လုံးကို စွန့်လွှတ်ကာ အိန္ဒိယသို့ ဆုတ်ခွာပေးခဲ့ရပါသည်။
ဂျပန်တို့ မြန်မာပြည်ဝင်လာစဉ် ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း ဗြိတိသျှနှင့် မဟာမိတ်တပ်များ၏ ကျဆုံး၊ ဒဏ်ရာရနှင့် ဖမ်းဆီး ခံရသည့် စစ်သုံ့ပန်းပေါင်း ငါးသောင်းနီးပါး ရှိခဲ့ပါသည်။ ထို့အပြင် စစ်ကူရောက်ရှိလာသည့် တရုတ်အမှတ် (၅) တပ်တော်မှ တပ်မ မှူးကြီး ဗိုလ်ချုပ် ဆွန်းလိယန်နှင့် ထိပ်တန်းစစ်ခေါင်းဆောင်များ အပါအဝင် တရုတ်စစ်သည် လေးသောင်းနီးပါး ကျဆုံးခဲ့ရပါသည်။ တက်သုတ်ရိုက်ဆုတ်ခွာသွား သော ဗြိတိသျှ တပ်များ အိန္ဒိယသို့ ရောက်ရှိချိန်တွင် ဗြိတိသျှတပ်များအနေဖြင့် အမြောက်ကြီး ၃၀၀၊ တင့်နှင့် သံချပ်ကာယာဉ် ၃,၈၀၀ ကျော် (စစ်လက်နက်ပစ္စည်း စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်) ကို မြန်မာစစ်မြေပြင်တွင် စွန့်လွှတ် ခဲ့ရသဖြင့် ဗိုလ်ချုပ်ကြီးစလင်း ကွပ်ကဲခဲ့သည့် (BURMA CORPS) စစ်ဌာနချုပ်နှင့် အမှတ် (၁) မြန်မာတပ်မကြီး (1ST BURMA DIVISION) တို့ကိုပင် ဖျက်သိမ်းခဲ့ရပါသည်။
တစ်ဘက်တွင်လည်း မြန်မာပြည်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဂျပန်တပ်များ၏ ထိခိုက်ကျဆုံးမှုမှာ အင်အား ၄,၅၀၀ မှ ၅,၀၀၀ ဝန်းကျင်မျှသာ ရှိခဲ့ပါသည်။ စစ်ပညာရှင်များ၏ သုတေသ နပြုချက်များအရ အင်္ဂလိပ်နှင့် မဟာမိတ်တပ်များ စစ်ရှုံးရခြင်း၏ အဓိက အကြောင်းအရင်းမှာ ပြောင်းလဲလာသည့် “တတိယမျိုး ” (3RD GENERATION WARFARE – 3GW) – BLITZKRIEG (လျှပ်တစ်ပြက်စစ်ဆင်ရေး) နည်းဗျူဟာ၊ မြန်ဆန်မှု၊ စိမ့်ဝင်မှုနှင့် လှည့်ပတ်တိုက်ခိုက်မှု (MANOEUVRE WAR FARE) တို့ကို အဆင်သင့် မတုံ့ပြန်နိုင်ခဲ့ခြင်းနှင့် မြန်မာ့ရေမြေ သဘာဝနှင့် ကိုက်ညီသည့် အထူးစစ်နည်းဗျူဟာများကို မကျင့်သုံးနိုင်ခဲ့ခြင်းတို့ကြောင့်ဖြစ်ပါသည်။
အထူးစစ်နည်းဗျူဟာ ဆိုသည်မှာ ယနေ့အခါ စစ်ကျောင်း ကြီးများတွင် သင်ကြားပို့ချလျက်ရှိသော မြန်မာ့ရေမြေ သဘာဝ တောတောင်နှင့် ကိုက်ညီသည့် တောတွင်း၊ တောင်ပေါ်၊ မြစ်ကူး၊ ပြောက်ကျား၊ ချုံခို စစ်ဆင်ရေး စသည်တို့ကို ဆိုလိုခြင်း ဖြစ်ပါ သည်။
သို့သော်လည်း အိန္ဒိယနိုင်ငံသို့ ဆုတ်ခွာသွားခဲ့ရသည့် မဟာမိတ်တပ်များသည် ဗိုလ်ချုပ်ကြီးစလင်း၏ ကွပ်ကဲမှုအောက်တွင် အမှတ် ၁၄ တပ်တော် (14TH ARMY) ကို ၁၉၄၃ အောက်တိုဘာလ လတွင်အသစ်ပြန်လည်ဖွဲ့စည်း၍ တပ်ဖွဲ့များ၏ စိတ်ဓာတ်၊ နည်းဗျူဟာနှင့် စစ်လက်နက်ပစ္စည်းများကို စနစ်တကျ ပြန် လည်ပြင်ဆင်ခဲ့ကြပါသည်။ ထိုသို့ ပြန်လည်စစ်ပြင်ဆင်ရာတွင် ထူးခြားသည့် စစ်မက်ရေးရာ တော်လှန်ပြောင်းလဲခြင်း (REVOLUTION IN MILITARY AFFAIRS – RMA) တစ်ခုအဖြစ် ဗိုလ်ချုပ် အော်ဒီ ဝင်းဂိတ် (ORDE WINGATE) ၏ CHINDITS (ချင်းဒစ်) တပ်ဖွဲ့ များဖြင့် အကောင်အထည်ဖော်ခဲ့သည့် LRP (LONG RANGE PENETRATION စစ်ဆင်ရေး) နည်းဗျူဟာ တစ်ရပ်လည်း ပါဝင်ခဲ့ပါသည်။ မဟာမိတ်တပ်များသည် မြန်မာပြည်ကို ပြန်လည်ထိုးစစ်မဆင်မီ ၁၉၄၃ ခုနှစ်တွင် OPERATION LONGCLOTH အမည်ရှိအဝေးရောက်ထိုးဖောက် စမ်းသပ်စစ်ဆင်ရေးကို အဆင့်လိုက် စတင်ပြုလုပ်ခဲ့ပါသည်။ OPERATION LONGCLOTH သည် ၁၉၄၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ မေလအထိ ဗိုလ်မှူးချုပ် အောင်ဒီ ဝင်းဂိတ် (ORDE WINGATE) ၏ (CHINDITS) တပ်ဖွဲ့များ မြန်မာပြည်အတွင်းသို့ ပထမဆုံးအကြိမ် ရှေ့ပြေး ဝင်ရောက်ခဲ့သည့် သမိုင်းဝင် အဝေးရောက်ထိုးဖောက် စမ်းသပ် စစ်ဆင်ရေးကြီး ဖြစ်ပါသည်။ ချင်းတွင်းမြစ်ကို ဖြတ်ကျော်ကာ ဂျပန်တို့၏ နောက်တန်းဆက်သွယ်ရေးနှင့် ရထားလမ်းများကို ဝင်ရောက်နှောင့်ယှက်ဖျက်ဆီးခဲ့သည့် အဆိုပါ စမ်းသပ်မှုမှတစ်ဆင့် လေကြောင်းမှ ရိက္ခာနှင့် ခဲယမ်းထောက်ပံ့ရေးစနစ် (AIR SUPPLY) တောတွင်းစစ်ပွဲများတွင် ဂျပန်တို့၏အား နည်းချက်နှင့် ဗြိတိသျှတပ်ဖွဲ့ များ၏ ပြန်လည်တိုက်ခိုက်နိုင်စွမ်း စသည့် အဖိုးတန် သင်ခန်းစာများကို ရယူနိုင်ခဲ့ကြပါသည်။ ထို စမ်းသပ်မှုများမှ ရရှိလာခဲ့သော သင်ခန်းစာများကို အခြေခံ၍ ၁၉၄၄ ခုနှစ် OPERATION THURSDAY တွင် လေထီးတပ်ဖွဲ့များ၊ ဂလိုက်ဒါ (GLIDER) များနှင့် ရဟတ်ယာဉ်/လေယာဉ် အသုံးပြုရသည့် စစ်ဆင်ရေးများကို အကြီးစား မွမ်းမံလေ့ကျင့်ပြင်ဆင်ခဲ့ကြပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြီးစလင်း၏ အမှတ် ၁၄ တပ်တော်က မြန်မာပြည်အတွင်းသို့ ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့သည့် စစ်ဆင်ရေးအတွက်အဓိကကျသော သမိုင်းဝင်အောင်မြင်မှု အလှည့်အပြောင်းအတွက် များစွာပြင်ဆင်ခဲ့ရသည်။ ဤသည်ကိုကြည့်လျှင် စစ်ပွဲမျိုးဆက်အပြောင်းအလဲ၏ လှိုင်းဂယက်သည် လွန်စွာကြီးမားခဲ့သလို ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ရသည်ကို သတိပြုရန်လိုမည် ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ ခေတ်အဆက်ဆက် စစ်ပွဲသမိုင်းများကို လေ့လာကြည့်လျှင် စစ်ရေးဆိုင်ရာ နည်းပညာနှင့် နည်းဗျူဟာ အကူးအပြောင်းကာလများ၌ မည်မျှပင် အင်အားကြီးမားသည့် တပ်မတော် ဖြစ်ပါစေ ပထမအကြိမ်တွင် အလစ်အငိုက်မိ၍ တပ် ဆုတ်ရမှုများ ရှိစမြဲဖြစ်ပါသည်။ သို့သော် သမိုင်းအစဉ်အလာကောင်း တပ်မတော်တစ်ခု၏ အရည်အသွေးဆိုသည်မှာ အဆိုပါ ´ ဆုံးရှုံးမှုများမှ သင်ခန်းစာယူကာ စစ်မက်ရေးရာ တော်လှန်ပြောင်း (REVOLUTION IN MILITARY AFFAIRS – RMA) ကိုလျင်မြန်စွာ ဖော်ဆောင်နိုင်ခြင်း ပေါ်တွင် မူတည်၍စစ်ရေးအခြေ အနေကို ပြောင်းလဲအောင်ပြုလုပ်နိုင်စွမ်းရှိပါသည်။ ထိုနည်းတူ စစ်ပွဲမျိုးဆက် အပြောင်းအလဲများကိုလိုက်၍ စစ်နည်းဗျူဟာကျင့်သုံးမှုကိုလည်းပြောင်းလဲကျင့်သုံးနိုင်ရေး ပြင်ဆင်ကြရပါသည်။
ယနေ့စစ်ပွဲများသည် စတုတ္ထနှင့် ပဉ္စမမျိုးဆက် စစ်ပွဲများ (4GW/5GW) သို့ ကူးပြောင်းလာပြီး ဒရုန်းနှင့် လေကြောင်းစွမ်း ပကား (DRONE & AIR POWER) သက်ရောက်မှု၊ သတင်း အချက်အလက် စစ်ဆင်ရေးနှင့် အီလက်ရောနစ် စစ်ဆင်ရေး (ELECTRONIC WARFARE) တို့ ပေါင်းစပ်ပါဝင်ကျင့်သုံးလာ ကြပါသည်။ မြန်မာ့တပ်မတော်သည် ၁၀၂၇ ဖြစ်စဉ်မှ ကြုံတွေ့ခဲ့ရသော အားနည်းချက်၊ အားသာချက်များနှင့် နည်းပညာဆိုင်ရာကွာဟချက်များကို စနစ်တကျ သုတေသနပြု ပြင်ဆင်ခဲ့ပြီးဖြစ်ပါသည်။
အဆိုပါ သင်ခန်းစာများအပေါ် အခြေခံ၍ စစ်ပွဲမျိုးဆက် အပြောင်းအလဲနှင့်အညီ တပ်ဖွဲ့များ၏ နည်းဗျူဟာ၊ လက်နက် တပ်ဆင်မှုနှင့် စစ်ဆင်ရေးကွပ်ကဲမှုစနစ်များကို ခေတ်မီစနစ်တကျ ပြန်လည်ပြင်ဆင် တည်ဆောက်ပြီးဖြစ်သည်ကို လက်ရှိ စစ်မြေပြင်အောင်မြင်မှုများက သက်သေပြလျက်ရှိပါသည်။ ထို့ကြောင့် သောင်းကျန်းသူအဖွဲ့ အစည်းများ အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ၊ ဖိတ်ခေါ်သည်ဖြစ်စေ၊ မဖိတ်ခေါ်သည်ဖြစ်စေ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဆုံးရှုံးသွားသော နယ်မြေများကို မြန်မာ့တပ်မတော်က နည်းလမ်းမျိုးစုံဖြင့် အနှေးနှင့်အမြန် ပြန်လည်စိုးမိုး သိမ်းပိုက်သွားမည်မှာ မလွဲဧကန်ပဲဖြစ်ပါသည်။
ငြိမ်းချမ်းရေးကို စစ်ရေးထွက်ပေါက်အဖြစ် မရိုးမသား အသုံးချလိုသည့် သောင်းကျန်းသူတို့၏ စရိုက်ကို သိရှိပြီးဖြစ်၍လည်း နိုင်ငံတော်အစိုးရက အကြမ်းဖက်သောင်းကျန်းသူများကို လက်လျှော့ပေးသွားမည်မဟုတ်ပါ။ နိုင်ငံတော် အချုပ်အခြာအာဏာအတွက် လုပ်သင့်လုပ်ထိုက်သည့် အလုပ်များကို သားစဉ်မြေးဆက်အရေး မျှော်တွေးပြီး အကောင်းဆုံးလုပ်ဆောင်သွားမည်သာဖြစ်ပါသည်။
အနှစ်ချုပ်ဆိုရလျှင် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ဆုံးရှုံးသွားသည့် နယ်မြေများ ပြန်လည်ရရှိရေးကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က နိုင်ငံရေး နည်းလမ်းရော စစ်ရေးနည်းလမ်းပါမရရအောင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တစ်ဘက်မှလည်း နိုင်ငံတော်အစိုးရ၏မူဝါဒဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးကို ကျရာကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သို့သော် “ဖက်ဒရယ်” ဆိုသည်မှာ စစ်မှန်သော ဖက်ဒရယ်သာ ဖြစ်ရမည်ဖြစ်ပြီး တိုင်းပြည်ကို ပြိုကွဲစေမည့် “ကွန်ဖက်ဒရိတ်” သို့မဟုတ် “ခွဲထွက်ရေး” အသံများ ထွက်ပေါ်လာခွင့်မရှိပေ။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးကို စစ်ရေးထွက်ပေါက်အဖြစ်အသုံးချပြီး မရိုးမသား အသုံးချလိုသည့် သောင်းကျန်းသူများ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်လာပါက မည်သည့်သောင်းကျန်းသူအဖွဲ့မဆို မြေဆုံးရေဆုံး ချေမှုန်းခံရမည်ဆိုသည်ကို အမြဲသတိပြုကြရန်လိုမည်ဖြစ်ကြောင်း သတိပေးလိုက်ရပါသည်။
