အောင်နိုင်သူ(ဇွဲကပင်)

အညာဒေသ၏ လက်နက်ကိုင်လမ်းစဉ်သည် ယခုရက်ပိုင်းအတွင်း ထူးခြားသော နိုင်ငံရေး၊ စစ်ရေး အလှည့်အပြောင်းများနှင့်အတူ ရှုပ်ထွေးသည့်ပြဿနာများဖြင့် လူပြောများစရာ သတင်းဖြစ်လာခဲ့သည်။ အထူးသဖြင့် လာမည့်ဇူလိုင်လကုန်ကို နောက်ဆုံးသက်မှတ်ချက် (DEADLINE) ထား၍ အကြမ်းဖက်အဖွဲ့ (NUG) က ၎င်း၏ ဗဟိုထိန်းချုပ်မှုအောက်သို့ မဝင်သော အညာဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့များကို အပြတ်ရှင်းလင်းရန်စီစဉ်နေသည်ဟူသော သတင်းများကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခြင်းပင်ဖြစ်ပါသည်။ ဤသတင်းမှန် မမှန် ပြန်လည် ဆန်းစစ်ကြည့်ရာတွင် မြေပြင်မှာ မှန်ကန်နေကြောင်း ပြန်လည်ကြားသိရပါသည်။

ဤလုပ်ရပ်အပေါ် ၄င်းတို့ကို အားပေးသော မီဒီယာများနှင့် ထောက်ခံသူမီဒီယာများကပင် “မဟာမိတ်အဖွဲ့အချင်းချင်း၊ လက်နက်ကိုင်အင်အားစုအချင်းချင်း ယခုကဲ့သို့ လက်နက်အားကိုးဖြင့် ဖိနှိပ်ခြင်းမှာ မဖြစ်သင့်သောကိစ္စ” ဟု မကျေမနပ် ဝေဖန်ကန့်ကွက်နေကြသည့်တိုင် အာဏာရှင် အာဏာရူး NUG ကမူ လုံးဝ ဂရုမစိုက်ဘဲ ဆက်လက်နှိမ်နင်းနေမည့် သဘောတွေ့ရပါသည်။ လတ် တလော အညာဒေသအခြေအနေကို ပြန်ဆန်းစစ်လျှင် အကြမ်းဖက် NUG သည် ၎င်းတို့၏ လက်အောက်ခံ မဟုတ်သော လက်နက်ကိုင်အဖွဲ့များကို ရှင်းလင်းလျက်ရှိရာ ယခုရက်ပိုင်းက ဖြစ် ပွားခဲ့သော (PLA) အဖွဲ့ ၏ စခန်းများကို NUG လက်အောက်ခံ PDF များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်း အကြမ်းဖက်ခဲ့သည့်ဖြစ်စဉ်က သက်သေပြနေပါသည်။ ဖြစ်စဉ်မှာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အထိုင်စခန်းများကို NUG လက်အောက်ခံ PDF များက ဇွန်လ ၂၀ ရက်ခန့်တွင် အင်အားသုံး ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပါသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ NUG ဘက်က ‘ဒလန်ရှင်းလင်းရေး’၊ ‘နယ်မြေစိုးမိုးရေး’ စသည့် လူကြားကောင်းမည့် အကြောင်းပြ ချက်အမျိုးမျိုးဖြင့် သတင်းထုတ်ပြန်ကာ ဖုံးကွယ်ရန် ကြိုးစားနေ သော်လည်း၊ ပကတိမြေပြင်အရှိတရားမှာ ဗိုလ်နဂါး၏ BRNA ကို နှိပ်ကွပ်ခဲ့သကဲ့သို့ အညာမြေမှ မိမိတို့ဩဇာမခံသော အဖွဲ့ အစည်းမှန်သမျှကို အပြီးတိုင်ဖယ်ရှားရှင်းလင်းပစ်လိုသည့် သဘောပဲ ဖြစ်ပါသည်။NUG ၏ အာဏာရှင်ဆန်မှုကြောင့် ဗိုလ်နဂါး၏ BRNA လည်း ရပ်တည် နိုင်စွမ်း မရှိတော့ဘဲ အမြင်မှန်ရကာ တပ်မတော်ထံ လာရောက်ပူးပေါင်းခဲ့ပါသည်။မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်နိုင်ခဲ့သော ဗိုလ်နဂါးသည် ယခုအခါတွင် NUG ၏အာဏာရှင်လုပ်ရပ် နှင့် BRNA ရန် ချေမှုန်းရန် လုပ်ဆောင်ခဲ့မှုအပေါ် သူ၏ FACE BOOK အကောင့်ကတဆင့် အပွင့်ဝေပြီးမှ အသီးခြွေခံလိုက်ရ သောခရီး ခေါင်းစဉ်နှင့် အပိုင်းဆက်ရေးပြလျက်ရှိပါသည်။

ဗိုလ်နဂါး၏ BRNA ကို အပြတ်ရှင်းပြီးနောက်ပိုင်း BPLA၊ PLA နှင့် အခြားသော LOCAL PDF များကို NUG/ PDF တပ်ဖွဲ့များက တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖိနှိပ်ရှင်းလင်းလာလိမ့်မည်ဟု ကြိုတင်မျှော် တွေးကာစာရေးသူ သတိပေးဆောင်းပါးများ ရေးသားခဲ့ဖူးပါသည်။ ဤသို့ ပြတ်ပြတ်သားသား သုံးသပ်နိုင်ခဲ့ခြင်းမှာ NUG ဟူသော အဖွဲ့အစည်း၏ မူလဇာစ်မြစ်နှင့် နိုင်ငံရေးဗီဇကို သေချာစွာ ဆန်းစစ်မိသောကြောင့် ဖြစ်ပါသည်။ NUG ဆိုသည်မှာ ယခင် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်) မှ ဆင်းသက်လာသော ‘နိုင်ငံရေးဗိုင်းရပ်စ်မျိုးကွဲ’ တစ်ခုဖြစ်ပါသည်။ NLD သည် အစိုးရ အာဏာရခဲ့စဉ် ကာလကတည်းက အားလုံးပါဝင်သော ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဟူသည့် ဒီမိုကရေစီစံနှုန်းများထက် မိမိတို့တစ်ပါတီတည်း၊ မိမိတို့တစ်ဖွဲ့ထဲကသာ အာဏာမှန်သမျှကို အလုံးစုံချုပ်ကိုင်ထားရေး (MONOPOLY) မူဝါဒကိုသာ ရှေးရှု လုပ်ဆောင်ခဲ့ကြသည်။

အတိတ်သမိုင်းကို ပြန်ကြည့်လျှင်လည်း NLD သည် အာဏာမရမီကရော အာဏာရစဉ်ကပါ အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆို၍ ခေါင်းစဉ်တပ်ကာတပ်မတော်ကိုရန်ရှာ၍ထိပ်တိုက် ရင်ဆိုင်ရေးနှင့် အလုံးစုံပျက်သုဉ်းရေးဆီကိုသာ တစ်စိုက်စိုက် မက်လုပ်ဆောင်ခဲ့ပါသည်။ နောက်ဆုံးအာဏာရစဉ်ကာလတွင်လည်း အာဏာရှင်စနစ်ကို ဦးတည်တိုက်ခိုက်ခြင်းထက် တပ် မတော်ကို အလုံးစုံဖျက်သိမ်းပစ်ရေးဟူသော ရည်ရွယ်ချက်ဖြင့် ထိပ်တိုက်ရင်ဆိုင်ရေးလမ်းစဉ်ကို တစိုက်မတ်မတ် ကျင့်သုံးခဲ့ပါသည်။ ထိုသို့သော အလုံးစုံပျက်သုဉ်းရေး (ZERO-SUM GAME) မူဝါဒများကြောင့်ပင် ယနေ့တွင် NLD သည် သမိုင်းမလှဘဲ NUG အဖြစ်အသွင်ပြောင်းကာ တောထဲ၌ သူပုန်ဘဝ ရောက်ရှိသွားခဲ့ကြရခြင်းဖြစ်ပါသည်။

တစ်ခါ မြန်မာ့သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင်လည်း ယခု NUG နှင့် ၎င်း၏လက်အောက်ခံအဖွဲ့များ လုပ်ဆောင်နေသော ဗမာလက်နက်ကိုင်အချင်းချင်း ဖိနှိပ်ဖျက်ဆီးရေးလမ်းစဉ်သည် အသစ်အဆန်းတော့မဟုတ်ပေ။ မြန်မာ့လက်နက်ကိုင်သမိုင်းတစ်လျှောက်တွင် အတွေးအခေါ်အစွန်းရောက်မှုနှင့် အာဏာလိုလားမှုတို့ကြောင့် မိမိတို့အချင်းချင်း ပြန်လည်သတ်ဖြတ်ကာ နိဂုံးမလှဖြစ်ခဲ့ရသည့် ထင်ရှားသော သမိုင်းသာဓက ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။

၁၉၆၀ ပြည့်လွန်နှစ်များက မြန်မာပြည်တွင် အင်အားအကောင်းဆုံး လက်နက်ကိုင်သူပုန် ဖြစ်ခဲ့သည့် ဗကပသည် တရုတ်ပြည်၏ ယဉ်ကျေးမှုတော်လှန်ရေးကို အကြမ်းထည် ပုံတူကူးချခဲ့သည်။ ပါတီအတွင်း အာဏာအလုံးစုံရရှိရေးအတွက် မိမိတို့နှင့် သဘောထားမတိုက်ဆိုင်သူမှန်သမျှကို “ဒလန်”၊ “သူလျှို ” ဟု စွပ်စွဲကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြဖူးပါ သည်။လက်တွေ့ ဖြစ်စဉ်အနေဖြင့် ဗကပ၏ ဖြုတ်ထုတ်-သတ် လမ်းစဉ်အရ ၁၉၆၇ ခုနှစ် ဇွန်လနှင့် ဇူလိုင်လများတွင် ပါတီ၏ ထိပ်တန်းဝါရင့်ခေါင်းဆောင်များဖြစ်ကြသော ရဲဘော်ဘတင် (ခေါ်) ဂိုရှယ်နှင့် ဖက်ဆစ်တော်လှန်ရေးခေါင်းဆောင်ဟောင်း ရဲဘော်ဌေး အပါအဝင် ဗိုလ်ထွန်းငြိမ်း၊ ရဲဘော်ထွန်းရှိန် စသည့် ဗဟိုကော်မတီဝင်များ၊ ပီကင်းပြန်များ၊ ရဲဘော်ဘသန်း၊ ရဲဘော် ထွန်းကျော်(ခ) မောင်စိုးဝင်း၊ ရဲဘော် ဘိုးသာ (ခ) ကျော်ရင်၊ ရဲဘော်တင်ဟန်၊ ရဲဘော်ခင်ဝင်းစသည့် တက္ကသိုလ်ကျောင်းသား များကို ပါတီသစ္စာဖောက်များ၊ တန်ပြန်တော်လှန်ရေးနှင့် ပြန်လည်ပြင်ဆင်ရေးသမားများဟု စွပ်စွဲကာ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အရတပ်နီ လူငယ်များက ရက်ရက်စက်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့ကြသည်။ထိုသို့ဇာတ်တူသားစားခဲ့မှုကြောင့် CPB ပါတီ၏ ဥက္ကဋ္ဌ သခင်သန်းထွန်းသည်လည်း ၁၉၆၈ ခုနှစ် စက်တင် ဘာလ ၂၄ ရက်နေ့ ညနေတွင် မြစ်ဝကျွန်း ပေါ်တိုင်းတည်ဆောက်ရေးတပ်ဖွဲ့မှ ရဲဘော်မြကြီး၏ အနီးကပ်လုပ်ကြံပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရပါသည်။ဗကပသည်လည်း အင်အားချည့်နဲ့ကာ ပဲခူးရိုးမမှ ဆုတ်ခွာပြီး တိုင်းရင်းသားနယ်မြေများ (တရုတ်နယ်စပ်) ဆီသို့ ကပ်မှီခိုလှုံရင်း နောက်ဆုံး ၁၉၈၉ ခုနှစ် တွင် သမိုင်းကွယ်ပျောက်ကာ နိဂုံးချုပ်သွားခဲ့ရပါသည်။

ယနေ့အခါတွင်လည်း NUG သည် ဒီမိုကရေစီခေါင်းစဉ်တပ်၍ လက်နက်ကိုင်တော်လှန်ရေး လုပ်နေသည့်တိုင် လက်တွေ့မှာမူ အတိတ်သမိုင်းက ဗကပလမ်းစဉ်ကို ကျင့်သုံးလာနေပါသည်။ အာဏာရှင်စရိုက်နှင့် ကွန်မြူနစ်အတွေးခေါ်ပေါင်းစပ်ထားသော NUG သည် ဒီမိုကရေစီ နိုင်ငံရေးစနစ်နှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေပါသည်။ ယခုအခါ အညာမြေတွင် NUG က မိမိတို့ဩဇာမခံသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို လိုက်လံနှိပ်ကွပ်နေခြင်းသည်ဗကပ၏ “ဖြုတ်၊ ထုတ်၊ သတ်” စနစ်နှင့် သမိုင်းဆိုးများကို ပုံတူကူးချနေခြင်းပင်ဖြစ်ပါသည်။ တောထဲတွင် ရောက်ရှိနေသည့်တိုင် ထိုဗိုလ်ကျစိုးမိုးလိုသည့် အာဏာရှင်စရိုက်မှာ ပျောက်ပျက်မသွားဘဲ ဗိုလ်နဂါး၏ BRNA ကို ဖြိုခွဲခဲ့သလို၊ မောင်ဆောင်းခ၏ BPLA မှ လူငယ်များကိုလည်း အညာမြေသို့ ပြန်မလာရဲတော့ဘဲ ရှမ်းမြောက်ဒေသရှိ MNDAA (ကိုးကန့်တပ်ဖွဲ့) လက်အောက်တွင် ခိုလှုံရင်း ဇာတ်မြှုပ်သွားရသည့်အထိ NUG က ယုတ်မာခဲ့ဖူးပါသည်။

‘ယခုအခါတွင်လည်း အညာဒေသ၌ ရပ်တည်နေသော လက် နက်ကိုင် အဖွဲ့ အစည်းများဖြစ်သည့် (PLA)၊(STUDENT REVOLUTION FORCE – SRF) (BA) (BLDF)GENERATION Z ARMY (GZA) စသည့် အဖွဲ့များကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ စစ်ရေး၊ နိုင်ငံရေးနည်းလမ်းမျိုးစုံဖြင့် ဖိအားပေးရှင်းလင်းရန် ကြိုးပမ်းလာရာ ထိုအဖွဲ့များ၏ ရပ်တည်ရေးမှာ အလွန်တရာ ကျပ်တည်းခက်ခဲလာနေပြီ ဖြစ်ပါသည်။

မြေပြင်မှ ကြားသိရသော သတင်းများအရ ရပ်တည်ရန်ခက် ခဲလာသည့်အဆိုပါလက်နက်ကိုင်အဖွဲ့ အချို့ သည်ကမောက်က မဖြစ်နေသော တော်လှန်ရေးလမ်းကြောင်းကို စွန့်ခွာကာ၊ နိုင်ငံတော်စစ်ကြောင်းများနှင့် ဆက်သွယ်၍ မန်း PDF များကဲ့သို့ပင် ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရောက်ပူးပေါင်းရန် ပြင်ဆင် နေကြသည်ဟု သိရသည်။ ဤသည်မှာ အညာမြေငြိမ်းချမ်းရေးနှင့် ` လူငယ်များ၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည့် ဝမ်းသာ စရာသတင်းဖြစ်၍ ကြိုဆိုရမည်ဖြစ်ပါသည်။

အခြားတစ်ဘက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင် (EAOS) များထံတွင် ခစား၊ ကျွန်ခံပေါင်းပြီး ဗမာလက်နက်ကိုင်အချင်းချင်းအပေါ် ဗိုလ်ကျစိုးမိုးကာ ဒေသခံပြည်သူများကို ဒုက္ခပေးနေသော NUG ၏ အာဏာရှင်ဆန်သည့် လုပ်ရပ်များကို ဝိုင်းဝန်းဆန့်ကျင်ရှင်းလင်းပစ်ရန် အချိန်တန်ပြီ ဖြစ်ပါသည်။

အချုပ်ဆိုရသော် NLD ၏ မျိုးကွဲဖြစ်သော NUG သည် ဒီမိုကရေစီရေးအတွက် တော်လှန်နေခြင်းမဟုတ်ဘဲ အာဏာရှင်စရိုက်ကို ရှေ့တန်းတင်ကာ မိမိတို့အစုအဖွဲ့ အကျိုးစီးပွားအတွက်သာ ‘တော်လှန်ရေး’ ခေါင်းစဉ်ကို ဗန်းပြအသုံးချနေခြင်းဖြစ်ကြောင်း၊ ယခုလောက်ဆိုလျှင် မြေပြင်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ကောင်းကောင်း သဘောပေါက်လောက်ပြီဟု ယူဆမိပါသည်။ ထို့ကြောင့် အသက်ပေါင်းများစွာနှင့် မြေပြင်ပကတိအခြေအနေကို ငဲ့ညှာသောအားဖြင့် မိမိတို့၏အမျိုးသားရေးနှင့် ဒေသတည်ငြိမ်ရေးအတွက် မန်း PDF များကို စံနမူနာထားကာ လမ်းမှန်ကို ပြတ်ပြတ်သားသား ရွေးချယ်ကြခြင်းကသာလျှင် ယခုကဲ့သို့သော အကျပ်အတည်းကာလတွင် အကောင်းဆုံးနှင့် အမှန်ကန်ဆုံးသော ထွက်ပေါက်ဖြစ်လိမ့်မည်ဟု အကြံပြုလိုက်ရပါသည်။

အောင်နိုင်သူ (ဇွဲကပင်)