အညာမှာတော်လှန်ရေးသမားတွေအချင်းချင်း အစဖျောက်ကြတာပိုကြမ်းလာတယ်။ သိန်း (၂၀၀) အကြွေးမဆပ်ချင်လို့ သိန်း (၅၀၀၀) ပေး လုပ်ကြံခိုင်းသလို ကပေါက်တိ ကပေါက်ချာ Narratives တွေကလည်း တော်လှန်ရေးသမားတွေရဲ့ ကစဉ့်ကလျား ပြိုကွဲမှုကို ပြနေတယ်။ တကယ်တော့ အညာတော်လှန်ရေးဆိုတာ ရှိရင်းစွဲ သက်တော်ရှည် EAO တွေရဲ့ ကျွန်သပေါက်အဆင့်ထက် မပိုဘူး။

EAO တွေကို ကြည့်ချင်ရင်တော့ ကျွန်တော်တို့က ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနဲ့ လက်ရှိအစိုးရရဲ့ Diplomacy ကို ကြည့်ရမှာ ဖြစ်တယ်။ မြင်ရသလောက် အခုလတ်တလော လေးအတွင်းမှာ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ အရွေ့တွေက အတော်လေးထူးခြားနေတာ မြင်ရတယ်။ သောကြာနေ့အထိရတဲ့ သတင်းအရ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အကြီးတန်း တာဝန်ရှိသူ အရာရှိ (၁၃) ဦးအထိ ရာထူးကနေဖယ်ရှားခံလိုက်ရပြီး တစ်ဦး ကတော့ ရာထူးကနေ နုတ်ထွက်သွားတယ်လို့ သိရတယ်။ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ခေါင်းစဉ်အောက်ကနေ အရေးယူမှုတွေ အတော်ကြီးကို ကြမ်းတမ်းလာတယ်လို့ဆိုရမှာပါ။ PLA ရဲ့ အပြောင်းအလဲဟာ တရုတ်နိုင်ငံရဲ့ ဒေသတွင်း စစ်အင်အားဖြန့်ကျက်မှုအပေါ် သက်ရောက်မှုတွေ ရှိလာမှာဖြစ်ပြီး မြန်မာနိုင်ငံက EAO တွေအပေါ်ကိုလည်း အလားတူသက်ရောက်မှာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံဟာ မူဝါဒတစ်ခု၊ ချဉ်းကပ်ပုံတစ်ခု မှားယွင်းခဲ့ရင် ကြီးကြီးမားမားပေးဆပ် ကြရလေ့ရှိပါတယ်။ ဆိုကြပါစို့ …

(၁၀၂၇) စစ်ဆင်ရေးပေါ့။ အမြင်ကိုပဲ ပြောရရင် အဆိုပါစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ EAO တွေရဲ့ တရုတ်ကို လေးစားမှုပြတဲ့လုပ်ရပ်တွေ၊ တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးကျင်းပချိန်ကို ဂုဏ်ပြုပြီး စစ်ပွဲခဏတာရပ်ထားတာတွေ၊ တပ်မတော်ဘက်က တန်ပြန်ချေမှုန်းမှုတွေရှိလာတဲ့အခါ (တရုတ်နိုင်ငံကို ကြားဝင်ပေးဖို့ တောင်းဆိုကြတာတွေ) စတဲ့ အပြုအမူတွေဟာ မြန်မာနိုင်ငံသားတွေအတွက် အတော်ကို ရင်ခံစရာဖြစ်ခဲ့တယ်။ မြေပြင်မှာလည်း သိမ်းပိုက်ခံနယ်တွေမှာ တရုတ်စာတွေ တရုတ်မြို့ နာမည်ပေးတာတွေဟာ အတော်ကို အထင်လွဲလောက်စရာ မြင်တွေ့ခဲ့ရတာပါ။ တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းဆိုတာ သက်ဆိုင်ရာ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိရတာပါ။ Proxy တပ်တွေနဲ့ အစောင့်ထား ရတာမဟုတ်ဘူး။ BRI လို နိုင်ငံဖြတ်ကျော် ကုန်သွယ်မှုလမ်းကြောင်းကြီးတွေမှာဆို Proxy ပိုတောင် မထားသင့်ဘူး။

အကြောင်းက Proxy နဲ့ အစိုးရတပ်ကြား စစ်ပွဲကြာလေ၊ ကုန်သွယ်မှု နှောင့်နှေးလေဖြစ် မယ်။ အရှိန်အဟုန်နဲ့ ဩဇာချဲ့ထွင်လာတဲ့ အမေရိကန်နဲ့ ယှဉ်ပြိုင်နေရတဲ့ကာလမှာ ဒီအမှား အယွင်းမျိုးကိုလည်း တရုတ်က ကျူးလွန်မယ် မထင်ပါဘူး။ PLA ရဲ့ အပြောင်းအလဲဟာ သူတို့ကို သိပ်လေးစားတဲ့ မြန်မာနိုင်ငံက EAO တွေအပေါ် သက်ရောက်ပါလိမ့်မယ်။ EAO တွေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေ၊ ပင်လယ်ထွက်ပေါက်တွေ အာမခံချက် လျော့နည်းလာတဲ့အခါ အစားထိုးလမ်းကြောင်းသစ်တွေ တည်ဆောက်လာရတာပါ။ ဥပမာ Pinglu Canal လိုမျိုးပေါ့။ Pinglu Canal ဟာ တရုတ်အတွက် ရွေးစရာတစ်ခုဖြစ်သလို မြန်မာအတွက်လည်း အနည်းငယ် ဖိအားလျော့စရာကိစ္စ ဖြစ်လာပါလိမ့်မယ်။ စောင့်ကြည့်ရမှာပါ။

အခုတလော အီရန်မှာ လိပ်ခဲတည်းလည်း အနေအထားဖြစ်နေသေးတဲ့တိုင်အောင် ရုရှား – ယူကရိန်း အရေးကလည်း ဇာတ်ရှိန် တစ်ဖန်မြင့်လာပြီမို့ အမေရိကန်ရဲ့ ပစ်မှတ်ဟာ “တရုတ်” တစ်ခုတည်းသာ ထင်ထင်ရှားရှားကြီး ဖြစ်လာနေတာ မြင်သာပါတယ်။ ဒီလိုအနေအထားမှာ  တရုတ်အနေနဲ့လည်း ဒေသတွင်းမှာ ကျစ်လျစ်တဲ့သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ စစ်ရေးအင်အားပြုပြင် ပြောင်းလဲမှုတွေ လုပ်လာတာ သဘာဝကျပါတယ်။ အမေရိကန်ကလည်း အခုလောက်ဆို အာရှ-ပစိဖိတ်ဒေသကို အာရုံပြုပြီး တွက်ချက်နေလောက်ပါပြီ။

မညှာတမ်းဝေဖန်ရရင် ကျွန်တော်တို့နိုင်ငံရဲ့ နယ်စပ်ဒေသကို မထိန်းချုပ်နိုင်မှုကလည်း အဓိက ပြဿနာတွေထဲက တစ်ခုပါ။ နယ်စပ်တွေကို မထိန်းချုပ်နိုင်တော့ တရားမဝင် ရားမဝင်ကုန်သွယ် မှုတွေကိုလည်း မတားဆီးနိုင်ဘူး။ နယ်စပ်မှာ ကုန်သွယ်ရေးတွေရှိရ အထူးစီးပွားရေးဇုန်တွေ၊ ကုန်သွယ်မယ့်အစား EAO တွေပဲ နေရာအပြည့် တပ်စွဲနေတာကလည်း ပြဿနာပဲ။ နယ်စပ်ကို မထိန်း ချုပ်နိုင်တာက EAO တွေကို အဆမတန် ကြီးထွားလာစေပြီး အဲဒီ EAO တွေရဲ့ တိုက်ခိုက် မှုလှိုင်းကို လိုက်မျောရင်း အညာသူပုန်တွေ ထကြွလာတယ်။ EAO တွေသာ အားနည်းသွားရင် အချင်းချင်း တေ့ဖြုတ်နေတဲ့ အညာသူပုန်ဆိုတာ အလိုအလျောက်မျိုးသုဉ်းမှာပဲ။

ဒီတော့ ကျွန်တော်တို့ဟာ အခုလို တရုတ်နိုင်ငံဘက်က အရွေ့ကြမ်းနေတဲ့ကာလတစ်ခုမှာ ဒီတော့ ကျွန်တော်တို့ဟာ အခုလို တရုတ်နိုင်ငံဘက်က အရွေ့ကြမ်းနေတဲ့ကာလတစ်ခုမှာ EAO ကိစ္စကို အခုထက်ပို ဖိဖိစီးစီး ကိုင်တွယ်သင့်တယ်လို့မြင်တယ်။ ပထမဦးစားပေးကတော့ ကချင်သူပုန်ဖြစ်သင့်တယ်။ UWSA, MNDAA, AA က အရွေ့တစ်ခုမှာ ပြိုဆင်းသွားနိုင်ပေမယ့် ကချင်သူပုန်က ကြာပါလိမ့်မယ်။ ကချင်သူပုန်ဟာ မြန်မာနိုင်ငံရဲ့ (၂၀၂၁) အာဏာထိန်းကာလကို တစ်လျှောက်လုံး အမြတ်ထုတ်၊ လက်နက်ရောင်းစားပြီး စစ်ကိုင်းတိုင်းကို မွှေခဲ့တယ်။ EAO တွေရဲ့ စံပြုစရာ Role Model တစ်ခုဖြစ်နေတဲ့ “ဝ” ထက်တောင် ကချင်သူပုန်ဟာ ပြည်ထောင်စု ကို အတိအလင်း စစ်ကြေညာခဲ့တဲ့အုပ်စုလို့ ယူဆလို့ရတယ်။

ကျွန်တော်တို့ရဲ့ ပြဿနာကလည်း Proxy တွေကို EAO လို့ အမည်တပ်ပြီး ချဉ်းကပ်မှု မှားခဲ့တာပါပဲ။ ဘယ်တော့လောက် ပြန်မှန်မလဲ လို့ မရဲတရဲ မျှော်လင့်မိတယ်။

နောက်တစ်ခုက Proxy တွေကို တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက် BGF လို အသွင် ပြောင်းတာကလည်း တကယ်က အလုပ်မဖြစ်ဘူး။ လက်နက်ကိုင်ပြီး တရားလွန်ချမ်းသာကြွယ်ဝလာတဲ့အပြင် တစ်ဗိုလ်တစ်မင်း မင်းမူလို့ပါ ရနေတဲ့လူတွေက ဘယ်သူ့လက်အောက်မှ လျှိုဝင်မှာမဟုတ်ဘူး။ ဒါကြောင့်လည်း တချို့ခေါင်းကိုင်ဖခင်ကြီးတွေတောင်မှ ထိန်းမနိုင်ရင် ဆွေးနွေးစရာရှိလို့ပဲ ခေါ်သလိုလို၊ ဆေးပဲကုမှာလိုလိုနဲ့ အကြောင်းပြပြီး ဖမ်းဆွဲနေကြတာဖြစ်ပါတယ်။

ဒီတော့ အနှစ်ချုပ် သုံးသပ်ရသော် -အမေရိကန်၊ တရုတ်၊ ရုရှားပါဝါသုံး နိုင်ငံစလုံးဟာ စစ်ပွဲတွေမှာ၊ စစ်ရေးနဲ့ ပတ်သက်တဲ့နေရာတွေမှာ ကိုယ်စီကိုယ်ငှ ခြေလွန်လက်လွန် ဖြစ်နေကြပါတယ်။

-လွန်ထားတဲ့ ခြေလက်တွေကို ပြန်နုတ်ဖို့ ကြိုးစားကြတဲ့အခါ Proxy တွေအပေါ် သက် ရောက်မှုရှိပါမယ်။

နယ်စပ်ဒေသမှာ EAO တွေနဲ့ ပြည့်နေသရွေ့ ဒီတိုင်းပြည် ဘယ်တော့မှ ကုန်သွယ်ရေး တည်ဆောက်လို့မရဘူး။ ရှုံးနေမှာပဲ။ နယ်စပ်ဒေသတွေကို ထိန်းချုပ်ဖို့ လက်တွေ့ကျတဲ့ အစီအမံတွေ လိုတယ်။

– နိုင်ငံရေးနည်းလမ်းနဲ့ လွှတ်တော်ကနေ အခွင့်အရေးကိုတောင်းဆိုကြဖို့ လမ်းဖွင့်ပေး ထားတယ်ဆိုရင် “လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်က ” အမျိုးသားအကျိုးစီးပွားကို မျက်နှာမူတဲ့ ရပ်တည်ချက်မျိုးကို ခိုင်ခိုင်မာမာကိုင်စွဲထားဖို့ အရေးကြီးပါတယ်။ သူပုန်တွေရဲ့ အထာကို နပ်ဖို့ လိုတယ်။

Proxy ကိစ္စကတော့ ကျွန်တော်မြင်သလောက် ပြောင်းလဲလာတဲ့ အနေအထားပေါ် မူတည်ပြီး လုပ်ယူရမယ်မြင်တာပဲ။ စပွန်ဆာ နိုင်ငံရဲ့အရွေ့ကို အရင်ကြည့်ရလိမ့်မယ်။ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ကတော့ ခက်လိမ့်မယ်။ အသွင်ပြောင်းရင်လည်း စစ်ရေးအရ ရှုံးနိမ့်နေတုန်း ခဏတာ ခိုလှုံတာဖြစ်ပြီး အချိန် တန်ရင် နွားပိန်ကန်ဦးမှာပဲ။ အရှေ့မှာလည်း သာဓကတွေရှိခဲ့ပြီးပါပြီ။

ဦးစားပေးသတ်မှတ်ပါ။ EAO တွေကို တဖြည်းဖြည်း ထိန်းချုပ်ပါ။ နယ်စပ်ဒေသကို မိမိလက်အောက် မဖြစ်မနေထားပါ။ ဒါဆိုရင် အစိုးရသက်တမ်းတစ်ခုစာ အကြမ်းဖျဉ်းစိတ်အေးရနိုင်ပါတယ်။

သန့်နေစိုး

(28. Jun. 2026)