သန့်ဇင် (NP News) – ဇွန် ၂၇

မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းပြန်လည်စတင်တော့မည်ဖြစ်ကြောင်းနှင့် (၈) နှစ်ခွဲအကြာတွင် မီးလင်းမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ကာလကလည်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧရာဝတီမြစ် ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်‌ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ များကို အဆက်မပျက်ဆောင်ရွက်ခဲ့ပြီးနောက် ဇွန်လ (၂၃) ရက်တွင် မိုးကောင်းမြို့နယ် ဘူတာရုံတွင် ဒေသခံများနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အခု လျှပ်စစ် မရဘူး။ ဆင်းရဲတယ်။ လျှပ်စစ်ဓာတ်အားဆင်းရဲတယ်။ လျှပ်စစ်ဆိုတာဘာလဲ။ စွမ်းအင်။ စွမ်းအင်ဆိုတာ ဘာမဆို လုပ်လို့ရတယ်။ ကျွန်တော်တို့က ဖုန်းအားသွင်းဖို့တောင်မှ ဟိုတစ်လောကဆိုတော် တော်ဒုက္ခရောက်သွားတယ်လေ။ ဖုန်းအားသွင်းဖို့တောင် ဒုက္ခရောက်တဲ့နိုင်ငံဆို ဘယ်လိုလုပ်တိုးတက်မလဲ။ ပြည်နယ်ဆို ဘယ်လိုလုပ်တိုးတက်မလဲ။ အဲဒါနဲ့ ဘာမှမပူနဲ့ လက်ခုပ်သာတီးလိုက်။ မြစ်ဆုံလုပ်တော့မယ်”ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့ပြင် မြစ်ဆုံစီမံကိန်းကို ကမ္ဘာ့နောက်ဆုံးပေါ် နည်းပညာများဖြင့် ငလျင်ဒဏ်အား (၈) မဂ္ဂနီ ကျုအထိခံနိုင်ရည် ရှိရန်တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် သဘာဝဘေးနှင့် ရေကြီးရေလျှံမှုများအတွက်လည်း စိုးရိမ်စရာမလိုကြောင်း ကချင်ဝန်ကြီးချုပ်ကဆိုသည်။ “မြစ်ဆုံလုပ်ရင် သဘာဝဘေးကြောင့် ငလျင်ကြောင့် ပြိုဖို့အတွက်စိုးရိမ်စရာမလို တော့ဘူး။ အခုကကမ္ဘာမှာ နောက်ဆုံးပေါ်နည်းနဲ့ လုပ်မယ်။ ငလျင်ဒဏ်ကလည်း ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀ဝ)လောက်အထိ (၄) မဂ္ဂနီ ကျုနဲ့ (၆) မဂ္ဂနီကျု ဒါပဲလှုပ်ဖူးတယ်။ (၄) နဲ့ (၆)ကြားပဲ။ အခုက (၈) အထိခံနိုင်တယ်။ (၈) မဂ္ဂနီကျုနဲ့ ဘာမှစိုးရိမ်စရာမလိုတော့ဘူး။ နောက်ပြီး ရေကြီးရေ လျှံသဘာဝဘေးလည်း စိုးရိမ်စရာမလိုဘူး။ သူက ရေအကြီးအကျယ်ရွာပြီဆိုရင် ဒီမြစ်ဆုံမှာလှောင် ထားတဲ့ရေနဲ့ အဲဒါကိုကြိုပြီးတော့ လွှတ်လိုက်မှာ။ ပူတာအိုမှာ ဘယ်လောက်ရွာရင် ဒီမှာရေဘယ်လောက် ရောက်မယ်။ ပူတာအိုမှာ ဒီနေ့ရွာရင် ဘယ်နှနာရီမှာ မြစ်ဆုံမှာ ရောက်မယ်ဆိုတာ အတိအကျ။ ပြီးခဲ့တဲ့နှစ်ပေါင်း (၂၀ဝ)လောက်မှာကို ရေကြီးရေလျှံမှုတွေ အကုန်လုံးတွက်ပြီးသား။ ဟိုမှာရွာမယ်ဆိုရင် ဒီမှာဘယ်လောက်ရေရောက်လာမလဲ။

ဘယ်နှနာရီကြာရင် ရောက်လာမလဲ။ ဒီမှာရှိတဲ့ရေကိုကြိုပြီးတော့ ဖွင့်ချပေးလိုက်မယ်။ ဟိုကရောက်လာရင် အေးဆေးပဲ။ အဲဒီရိုးရိုးယဉ်ယဉ်လေးနဲ့ပြောပြတာ။ ဘာမှ စိုးရိမ်စရာမလိုဘူး။ အခုက နောက်ဆုံးပေါ်နည်းတွေနဲ့ ဒီဆည်ကို ဂြိုဟ်တုကနေ (၂၄) နာရီကြည့်နေတာ။ ဘယ်နား မှာနည်းနည်းအက်သလဲ။ ဘယ်နားမှာ နည်းနည်း ပြိုနေလဲ။ ကြည့်နေတာ”ဟု ကချင်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည် ဇွန်လ (၁၅) ရက်မှ (၁၉) ရက်အထိ ကြာမြင့်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင်၏(၅)ရက် အကြာ တရုတ်နိုင်ငံခရီးစဉ်တွင်လည်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကိုယ်တိုင် လိုက်ပါခွင့်ရရှိခဲ့ပြီး မြစ်ဆုံအရေးဆွေးနွေးခဲ့ကြောင်းသိရသည်။

“ဒီကချင်ပြည်နယ်ကိုယ်စား ရှီကျင့်ဖျင်နဲ့ လက်ဆွဲနှုတ်ဆက်ရတာ။ ပြောချင်တာ ဘာလဲ။

နှစ်နိုင်ငံချစ်ကြည်ရေး သူကကမ္ဘာမှာ ထိပ်ဆုံးက တိုးတက်နေတာ။ ကျွန်တော်တို့နဲ့အတူတွဲလုပ်သွားရင် ကျွန်တော်တို့နိုင်ငံမှာက အစိုးရသစ်မှာက ရထား လမ်းတွေ၊ သယ်ယူပို့ဆောင်ရေးတွေ နောက်အဏုမြူ စွမ်းအားတွေ ဂြိုဟ်တုနဲ့ပတ်သက်တဲ့ဟာတွေ စိုက်ပျိုးရေးနဲ့ပတ်သက်တာတွေ မွေးမြူရေးနဲ့ ပတ်သက်တာတွေ ရထားလမ်းတွေ အကုန်လုံးကျွန်တော်တို့ MOUလက်မှတ်ထိုးခဲ့တယ်။ အတူတူလုပ်ဖို့အတွက်”ဟု ကချင်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့ကြောင့် အကောင်အထည်ဖော်မည့် မြစ်ဆုံစီမံကိန်းသည် ယခင်တည်ဆောက်မှုလုပ်ငန်းများ ရှိခဲ့သည့်အတွက် လာမည့် (၈) နှစ်ခွဲကာလတွင် အပြီးသတ်မီးလင်းနိုင်မည် ဖြစ်ကြောင်းလည်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကဆိုသည်။ “ဒါကြောင့် ဘာမှမပူနဲ့ ကျန်းမာရေးဂရုစိုက်ပါ။ ကျွန်တော်လည်း ကျန်းမာရေးဂရုစိုက်နေတယ်။ ဘာဖြစ်လို့လဲ။ မြစ်ဆုံစီမံကိန်းပြီးလို့ မီးထိန်ထိန်လင်းနေတဲ့အချိန်မှာ ကျွန်တော်တုတ်ကောက်နဲ့ မသွားကြည့်ချင်ဘူး။ ဒီ အတိုင်းပဲသွားကြည့်ချင်တယ်။

အမှန်တကယ်လုပ်ရင် (၁၀) နှစ်ကြာတယ်။ ဒါပေမဲ့လည်း နဂိုကလည်း လုပ်ထားပြီး သားဆိုတော့ (၈)နှစ်ခွဲလောက်နဲ့ပြီးမယ်” ဟု ကချင်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

မြစ်ဆုံစီမံကိန်းကို လွန်ခဲ့သည့် (၁၅) နှစ်ဝန်းကျင်ခန့် (၂၀၁၁) ခုနှစ်ကပင် စတင်အကောင် အထည်ဖော်ရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်မှုများကြောင့် ရပ်နားခဲ့ရခြင်းဖြစ်ကာ လက်ရှိတွင် ပြန်လည်ရုပ်လုံးပေါ်လာသည့် စီမံကိန်းလည်းဖြစ်သည်။

အဆိုပါ မြစ်ဆုံစီမံကိန်းသည် ဧရာဝတီမြစ် စတင်မြစ် ဖျားခံရာနေရာအပါအဝင် မေခနှင့် မလိခမြစ်(၂)စင်းပေါ်တွင် ရေကာတာ (ဆည်) (၇) ခုတည်ဆောက် မည့်စီမံကိန်းဖြစ်ပြီး လျှပ်စစ်ဓာတ်အား (၁၉၀၉၉ မဂ္ဂါဝပ်) ထုတ်လုပ်နိုင်မည်ဖြစ်ရာ အမေရိကန်ဒေါ်လာ (၃ ဒသမ ၆) ဘီလျံကုန်ကျနိုင်ကြောင်းလည်း ထွက်ပေါ်နေသည့်သတင်းများအရ သိရသည်။

စီမံကိန်းကို တရုတ်နိုင်ငံ လျှပ်စစ်ဓာတ် အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း- CPI (ယခု State Power Investment Corporation – SPIC)၊ မြန်မာနိုင်ငံအစိုးရနှင့် Asia Worldကုမ္ပ ဏီတို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး (CPI) ကုမ္ပဏီက (၈၀) ရာခိုင်နှုန်း မြန်မာအစိုးရက (၁၅)က ရာခိုင်နှုန်းနှင့် အေးရှားဝေါကုမ္ပဏီက (၅) ရာခိုင်နှုန်း အစုရှယ်ယာများထည့်ဝင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ယင်းစီမံကိန်း၏ အကျိုးအမြတ်ခွဲဝေမှုတွင် CPI က (၇၀) ရာခိုင်နှုန်း၊ မြန်မာအစိုးရ မှ (၂၀) ရာခိုင်နှုန်းနှင့် အေးရှားဝေါကုမ္ပဏီက (၁၀) ရာခိုင်နှုန်းရရှိမည်ဖြစ်ကာ လျှပ်စစ်ဓာတ်အား ခွဲဝေမှုတွင်မူ တရုတ်နိုင်ငံသို့ (၉၀) ရာခိုင်နှုန်းတင်ပို့ပြီး မြန်မာဘက်မှ (၁၀) ရာခိုင်နှုန်းရရှိမည်ဖြစ်ကြောင်း သိရသည်။