အောင်နိုင်သူ(ဇွဲကပင်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတဦးမင်းအောင်လှိုင်ကို အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီက ဖိတ်ကြားခဲ့သဖြင့် အိန္ဒိယသမ္မတနိုင်ငံသို့ မကြာမီသွားရောက် တော့မည်ဖြစ်ကြောင်း မေလ ၂၉ ရက်က နိုင်ငံပိုင်သတင်းစာများက ထုတ်ပြန်ကြေညာခဲ့ပါသည်။

အစိုးရသစ်လက်ထက် ပထမဆုံးပြည်ပနိုင်ငံရေးခရီးစဉ်ဖြစ်၍ လွန်စွာမင်္ဂလာရှိသောသတင်းဟု ဆိုရမည် ဖြစ်ပါသည်။ မြန်မာအစိုးရသစ်လက်ထက်တွင် သမ္မတဦးမင်းအောင်လှိုင် ပထမဆုံးနိုင်ငံခြားခရီးစဉ်က တရုတ်နိုင်ငံဖြစ်လိမ့်မည်ဟု နိုင်ငံရေးပညာရှင်အများစု ခန့်မှန်းတွက်ချက်ထားကြသော်လည်း လက်တွေ့တွင်မူ အိန္ဒိယနိုင်ငံဖြစ်လာခြင်းကြောင့် တစ်ကမ္ဘာလုံးအံ့အားသင့်ခဲ့ကြရသည်။ တရုတ်နိုင်ငံထက် အိန္ဒိယက လက်ဦးမှုယူပြီး လက်တွေ့ကျကျ ဆက်ဆံဆောင်ရွက်ခြင်းက နှစ်နိုင်ငံအကျိုးစီးပွားအတွက် များစွာအကျိုးရှိမည်ဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်သမ္မတ ဒေါ်နန်တရပ် ခရီးစဉ်၊ ရုရှား သမ္မတဗလာဒီမာပူတင်တို့ ခရီးစဉ်များဖြင့် အလုပ်ရှုပ်နေခြင်းကြောင့်လည်း မဖိတ်ကြားနိုင်သေးသည့်တိုင် မကြာမီတော့ တရားဝင်ခရီးစဉ်တစ်ခု ဖိတ်ကြားလိမ့်မည်ဟု မျှော်လင့်ရပါသည်။

မည်သို့ဆိုစေ တရုတ်နိုင်ငံထက် အိန္ဒိယနိုင်ငံ ယခုလို ဦးစွာဖိတ်ကြားလိုက်ခြင်းက မြန်မာနိုင်ငံကို နိုင်ငံတကာအလယ်မှာ ပိုမိုမျက်နှာပန်းပွင့်စေခဲ့ပြီး ဖြစ်ပါသည်အိန္ဒိယ နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံ ဖြစ်ပါသည်။ ထိုသို့ ကမ္ဘာအကြီးဆုံးဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံက မြန်မာအစိုးရကို ဖိတ်ကြားကြိုးဆိုလိုက်သည်ဆိုလျှင် တစ်ကမ္ဘာလုံးက မြန်မာ့ဒီမိုကရေစီကို အသိမှတ်ပြုရတော့မည် ဖြစ်ပါသည်။ တစ်နည်းပြောရလျှင် မြန်မာ့ဒီမိုကရေစီအစိုးရကို ကမ္ဘာ့ကမဖြစ်မနေ လက်ခံပေးရပါလိမ့်မည်။ Legitimacy အားကောင်းလာမည် ဖြစ်ပါသည်။ နိုင်ငံတကာက ကာလရှည်ကြာစွာ ပိတ်ထားသည့် တံခါးများကို အိန္ဒိယ စတင်ဖွင့်လှစ်ပေးလိုက်ခြင်းကြောင့် ငါးနှစ်ကြာပိတ်ဆို့ခံထားရ၍ အဆက်ပြတ်အထီးကျန်ဖြစ်နေသော မြန်မာနိုင်ငံအတွက် နိုင်ငံတကာ ဆက်ဆံရေးသည် ပြန်လည်အသက်ဝင်လာတော့မည် ဖြစ်ပါသည်။ မြန်မာ့အနာဂတ်အတွက်လည်း ပိုမိုတောက်ပကောင်းမွန်လာမည်ဖြစ်သဖြင့် ဤခရီးစဉ်က စိတ်လှုပ်ရှားဖွယ်ရာများနှင့် ပြည့်နက်နေပြီဖြစ်ပါသည်။

တစ်ဘက်မှာလည်း မြန်မာနိုင်ငံတိုးတက်ကောင်းမွန်လာမည်ကို မနာလိုမရှုစိတ်ကြသော ဆန့်ကျင်ဘက်အဖွဲ့ ၁၂၂ ဖွဲ့က အိန္ဒိယဝန်ကြီးချုပ်န်ဒီထံ ကန့်ကွက်စာပို့ကြကြောင်း မီဒီယာများမှာ ဖော်ပြလာသည်ကို တွေ့ရသည်။ မည်သူတွေ မည်သို့ကန့်ကွက်ကြသည်ဖြစ်စေ အိန္ဒိယ-မြန်မာ ချစ်ကြည်ရင်းနှီးမှုကိုတော့ မည်သို့မျှတားဆီးရမည်မဟုတ်ပါ။ သမိုင်းကို ပြန်ကြည့်လျှင်လည်း အိန္ဒိယ မြန်မာဆက်ဆံရေးသည် အထူးကောင်းမွန်ခဲ့သည်ကို တွေ့ရသည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၅၉ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ၁၁ ကြိမ် သွားရောက်ခဲ့သည်။ အိန္ဒိယသမ္မတ အင်ဒီရာဂန္ဒီသည် ၁၉၆၈ ခုနှစ် နှင့် ၁၉၆၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီသည် ၁၉၈၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တရားဝင်လာရောက်ခဲ့သည်။ ထို့နောက် ၂၀၀၆ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များတွင် အိန္ဒိယဝန်ကြီးချုပ်များနှင့် အိန္ဒိယသမ္မတတို့သည် မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ်များလာရောက်ကြသည်။ မြန်မာနိုင်ငံဘက်ကလည်း ၂၀၀၄ ခုနှစ်၊ ၂၀၀၈ ခုနစ်ခုနှစ်၊ ၂၀၁၀ ခုနှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၈ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်များတွင် နိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သမ္မတများဖြစ်ကြသည့် ဦးသိန်းစိန်၊ ဦးထင်ကျော် ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည်တို့ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်များသွား ရောက်ခဲ့ကြသည်။ ထို့ကြောင့် အိန္ဒိယ၏ ရပ်တည်မှုသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာအရေးပါမှုကြောင့် အလေးထားဆက်ဆံလျက်ရှိသည်ကိုတွေ့ရှိရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ထိစပ်လျက်ရှိသော အိမ်နီးချင်း ငါးနိုင်ငံအနက် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအပေါ် အပြုသဘောဆက်ဆံရေးနည်းဖြင့် နှစ်နိုင်ငံအကျိုးစီးပွားကို မျှော်တွေးပြီး ချစ်ကြည်ရင်းနှီးစွာဆက်ဆံခဲ့သည့် အကောင်းဆုံးအိမ်နီးချင်းနိုင်ငံ ဖြစ်ပါသည်။

မျက်မှောက်ကာလ အိန္ဒိယမြန်မာဆက်ဆံရေး၏ အရေးပါမှုကို ဖော်ဆောင်နေသည့် အဓိကအကြောင်းအချက်များကို ဆန်းစစ်ကြည့်လျှင် အဓိကကျသည့် အချက်လေးချက်ကိုတွေ့ နိုင်ပါသည်။ အဆိုပါလေးချက်မှာ အိန္ဒိယ၏ အရှေ့ပျော်ငါး၊ အင်ဒို-ပစိဖိတ်ဒေသ၏ အရေးပါမှုကြောင့်ဒေသတွင်၊ ပထဝီနိုင်ငံရေး ပြောင်းလဲလာမှုနှင့်အတူ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအချက် အရာကျမှုဒေသတွင်း အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအရေးပါနေမှုနှင့် စီးပွားရေးအခွင့်အလမ်းများ ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံအတွက် မြန်မာသည် တောင်အာရှ အရှေ့တောင်အာရှနှင့် အရှေ့အာရှ သုံးခုလုံးစုဆုံရာ ပထဝီအနေအထားတွင်တည်ရှိနေခြင်း၊ ရှည်လျားသည့် နှစ်နိုင်ငံနယ်နိမိတ်အသီးသီးကို ပိုင်ဆိုင်ထားကြခြင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်သယံဇာတကြွယ်ဝခြင်းနှင့် မဟာဗျူဟာအရ အရေးပါသော ပင်လယ်ထွက်ပေါက်ရှိနေခြင်းတို့ကြောင့် မြန်မာနှင့်ဆက်ဆံခြင်းက အိန္ဒိယ၏ အကျိုးစီးပွားကို များစွာဖြစ်ထွန်းစေမည် ဖြစ်ပါသည်။ ပထဝီနိုင်ငံရေးအရ တရုတ်နှင့် အိန္ဒိယကြားတွင်ရှိနေသော မြန်မာနိုင်ငံသည် အနာဂတ်တွင် ပိုမိုအားကောင်းလာနိုင်သော ဒေသတွင်း တရုတ်-အိန္ဒိယ အားပြိုင်မှု၏ ဗဟိုချက်တစ်ခုအဖြစ် အသွင်ဆောင်လာနိုင်သည်ကိုလည်းမြန်မာနိုင်ငံ သတိပြုရမည်လည်း ဖြစ်ပါသည်။

၂၀၀၄ခုနှစ်က ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ စတင်ကြွေးကြော်ခဲ့သော အိန္ဒိယ၏ အရှေ့မျှော်မူဝါဒ ပိုမိုအသက်ဝင်လာစေရေးအတွက် အဓိကအချက်အချာမြေမှာ မြန်မာနိုင်ငံဖြစ်ပါသည်။ ဤမူဝါးဝရ မြန်မာသည် အိန္ဒိယနိုင်ငံနှင့် ကုန်းနယ်နိမိတ်ရော ရေနယ်နိမိတ်ပါထိစပ်နေသည့် တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံဖြစ်နေရာ အရှေ့တောင်အာရှဒေသနှင့် ကူးလူးဆက်သွယ်မှုမြှင့်တင်လိုသည့် အိန္ဒိယအဖို့ မဟာဗျူဟာအရ ပို၍အရေးပါလာသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကပင် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးအပြီး အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ရာ၌ မိုဒီကအရှေ့မျှော်မူဝါဒနှင့် အိမ်နီးချင်းဦးစားပေးမူဝါဒနှစ်ခုလုံးအရ မြန်မာနိုင်ငံသည် အိန္ဒိယ၏ ဦးစားပေးမိတ်ဆွေတစ်ဦးဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်ကို တွေ့ရသည်။

ဒုတိယအချက်မှာ ဒေသတွင်းပထဝီနိုင်ငံရေးအပြောင်းအလဲ ဖြစ်သည်။ တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံလုံးအတွက် မြန်မာသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှသုံးခုလုံး စုဆုံရာ ပထဝီအနေအထားတွင်ရှိနေခြင်း၊ ရှည်လျားသည့် နှစ်နိုင်ငံ နယ်နိမိတ်အသီးသီးကို ပိုင်ဆိုင်ထားကြခြင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်သယံဇာတကြွယ်ဝခြင်းနှင့် မဟာဗျူဟာအရ အရေးပါသော ပင်လယ်ထွက်ပေါက်ရှိနေခြင်းတို့ကြောင့် တရုတ်နှင့် အိန္ဒိယနစ်နိုင်ငံအကြား မူလကပင် အကျိုးစီးပွားပြိုင်ဆိုင်မှုများ ရှိခဲ့သည်။

နောက်ပိုင်းနှစ်များတွင် ခါးပတ်တစ်ကွင်းလမ်းတစ်စင်းစီမံကိန်း အရှိန်ရလာမှုနှင့်အတူ မူလကအိန္ဒိယလွှမ်းမိုးမှုအားကောင်းခဲ့သော အိမ်နီးချင်းနိုင်ငံများတွင်ပင် တရုတ်အရှိန်အဝါကြီးထွားလာခြင်းက အိန္ဒိယအား နိုင်ငံခြားဆက်ဆံရေးကဏ္ဍတွင် ပိုမိုတက်ကြွလာစေရန် တွန်းအားပေးခဲ့သည်။ အိမ်နီးချင်းသီရိလင်္ကာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ရှိ ဆိပ်ကမ်းများ တရုတ်လက်အောက်သို့ ရောက်ရှိခဲ့ခြင်းက ပုလဲသွယ်စီမံကိန်းပုံစံဖြင့် အိန္ဒိယသည် ရေကြောင်းအရ ဝိုင်းပတ်ပိတ်ဆို့ခံနေရပြီဟူသည့် မလုံခြုံမှုကိုခံစားရစေသည်။ ကျောက်ဖြူဆိပ်ကမ်းကို ခြေကုပ်ယူထားပြီးဖြစ်သော တရုတ်အား အင်အားချိန်ခွင်လျှာပြန်လည်ညှိနိုင်ရန် အိန္ဒိယအတွက် အရေးပါလာပါသည်။ ပထဝီနိုင်ငံရေးအရ တရုတ်နှင့် အိန္ဒိယကြားတွင်ရှိနေသော မြန်မာနိုင်ငံသည် အနာဂတ်တွင် ပိုမိုအားကောင်းလာနိုင်သော ဒေသတွင်း တရုတ်-အိန္ဒိယအားပြိုင်မှု၏ ဗဟိုချက်တစ်ခု ဖြစ်နေသဖြင့် အခွင့်အရေးနှင့်စိန်ခေါ်မှုကို တစ်ပြိုင်တည်းရရှိစေမည် ဖြစ်သည်ကိုလည်း ဂရုပြုရမည်ဖြစ်ပါသည်။

တတိယတစ်ချက်မှာ လုံခြုံရေးလိုအပ်ချက်ဖြစ်သည်။ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးချိန်မှစ၍ အိန္ဒိယ-မြန်မာ နယ်စပ်သည် အရှေ့မြောက်ပြည်နယ်များမှ ခွဲထွက်ရေးလက်နက်ကိုင်တို့ အခြေချရာ ကွန်းခိုရာဖြစ်လာသည်။ ထိုလက်နက်ကိုင်များသည် မြန်မာ့နယ်နိမိတ်မှနေ၍ အိန္ဒိယနယ်နိမိတ်ထဲသို့ စိမ့်ဝင်ကာ ရံဖန်ရံခါတိုက်ခိုက်မှုများ ပြုလုပ်ကြသည်။ ၁၉၉၅ ခုနှစ် ရွှေငှက်စစ်ဆင်ရေး (Operation Golden Bird)မှစတင်၍ ထိုလက်နက်ကိုင်များကို ချေမှုန်းရန် နှစ်နိုင်ငံပူးတွဲစစ်ဆင်ရေးများအပါအဝင် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုစိတ်လာခဲ့သည်။ မူလကယေဘုယျအားဖြင့် အိန္ဒိယအတွက်သာ အဓိကအရေးပါသော လုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုသည် ယခုနှစ်များ၌ အနောက်တံခါးပြသနာအပြင် (AA) လက်နက်ကိုင်တပ်ဖွဲ့နှင့် တိုက်ပွဲများကြောင့် ပိုပို၍အပြန်အလှန် အသွင်ဆောင်လာသည်ကို တွေ့ရသည်။ ထို့ကြောင့် ယခုခရီးစဉ်တွင် နှစ်နိုင်ငံနယ်စပ်လုံခြုံရေးမှသည် ဒေသတွင်းလုံခြုံရေးအထိ အလေးထားညှိနှိုင်းဆောင်ရွက်လိပ်မည်ဟုယူဆရသလို နှစ်နိုင်ငံတပ်မတော်များ ပူးပေါင်းဆောင်မှုမှသည် မဟာဗျူဟာမြောက် စစ်လက်နက်ရောင်း ဝယ်စာချုပ် ချုပ်ရေးအထိ ဆောင်ရွက်လာ နိုင်သည်ဟု သုံးသပ်ရပါသည်။

နောက်ဆုံးအချက်မှာ စီးပွားရေး အခွင့်အလမ်းများ ဖြစ်ပါသည်။ ၂၀၁၀ နောက်ပိုင်းတွင် အိန္ဒိယ-မြန်မာကုန်သွယ်ရေးသည် သိသိသာသာတိုးတက်လာခဲ့သည်။ အိန္ဒိယအစိုးရ၏ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံများအတွက် ကုန်သွယ်ခွန်ကင်းလွတ်ခံစားခွင့်အစီအစဉ်၌ မြန်မာပါဝင်လာခြင်းနှင့် အာဆီယံ-အိန္ဒိယ လွတ်လပ်စွာကုန်သွယ်ရေးဒေသ အကောင်အထည်ပေါ်လာခြင်းတို့ကလည်း နှစ်နိုင်ငံကုန်သွယ်ရေးကို အားဖြည့်ပေးခဲ့သည်။ ၂၀၁၇ ခုနှစ် စာရင်းဇယားများအရ အိန္ဒိယ-မြန်မာကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၆၀.၃၅ မီလျံ (၁ ဘီလျံကျော်) ရှိပြီး အိန္ဒိယသည် မြန်မာ၏ ကုန်တင်ပို့မှု ပဉ္စမမြောက် အများဆုံးနိုင်ငံ၊ ကုန်တင်သွင်းမှုတွင် ဆဌမမြောက်အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ရင်းနှီးမြုပ်နှံမူကဏ္ဍ၌လည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ကုန်အထိ မြန်မာနိုင်ငံတွင်း၌ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၇၁ သန်း တန်ကြေးရှိသော အိန္ဒိယရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၃၃ ခုရှိပြီဖြစ်ပါသည်။

ထို့ပြင် အိန္ဒိယ-မြန်မာဆက်ဆံရေး၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည့် ကုလားတန်စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း၊ သုံးနိုင်ငံအဝေးပြေးလမ်းမစီမံကိန်းကဲ့သို့ စီမံကိန်း ကြီးများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယစီမံကိန်းများအနက် အရေးပါဆုံးတစ်ခုဖြစ်သော ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းသည် ကုလားတန်မြစ်ကြောင်း တစ်လျှောက် စစ်တွေဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသမီဇိုရမ်ပြည်နယ်အထိ ဆက်သွယ်စေမည် ဖြစ်သည်။ ကုလားတန်စီမံကိန်းတွင် ပါဝင်သော စစ်တွေဆိပ်ကမ်းကိုအခြေပြု၍ စစ်တွေအထူးစီးပွါးရေးဇုန်တစ်ခု ပေါ်ပေါက်လာရန်လည်းအလား အလာရှိသည်။ နောက်ထပ်အရေးပါသောစီမံကိန်းတစ်ခုမှာ အိန္ဒိယ- မြန်မာ-ထိုင်းသုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းဖြစ်သည်။ ကီလိုမီတာ ၁,၄၀၀ ထိ ရှည်လျားမည်ဖြစ်သော ဤအဝေးပြေးလမ်းသည် အိန္ဒိယအရှေ့ပိုင်း မိုရေးမှ မြန်မာနိုင်ငံ ဗာမူ၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံမဲဆောက်သို့ ဆက်သွယ်မည်ဖြစ်ပြီး အိန္ဒိယနှင့်အရှေ့တောင်အာရှဒေသကို ပထမဆုံး ဆက်သွယ်ပေးမည့် စီမံကိန်းကြီးလည်း ဖြစ်သည်။ အိန္ဒိယ၏အရှေ့လှမ်းမှုဝါဒအတွက် နမူနာဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ကိုယ်တိုင်က မှတ်ချက်ပေးခဲ့ပါသည်။ ထို့ကြောင့် ယခုနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ခရီးစဉ်သည် မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းများပွင့်လန်းလာစေမည် ဖြစ်ပါသည်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယက မြန်မာနိုင်ငံတော်သမ္မတအား ဖိတ်ကြားခဲ့ခြင်းသည် စိတ်ဝင်စားစရာများစွာပြည့်နှက်၍ နေပါသည်။ အထူးသဖြင့် မြန်မာ့အနာဂတ် အလားကို ကမ္ဘာ့နိုင်ငံများက အာရုံစူးစိုက်လာကြမည်က မလွဲမသွေဖြစ်ပါသည်။ သံတမန်ရေးကဏ္ဍ တရားဝင်မှုနှင့်အတူ နိုင်ငံတကာဆက်ဆံရေးကျယ်ပြန့်လာမှု၊ အနာဂတ်စီးပွားရေး အခွင့်အလမ်း၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာများအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးသွားမည်ဆိုသည့် နိုင်ငံပိုင်းသတင်းစာများ၏ ထုတ်ပြန်ချက်ကိုကြည့်လျှင် မြန်မာ့အနာဂတ်အတွက် အားရကျေနပ်ဖွယ်ရာကောင်းလှပါသည်။

မြန်မာနှင့် အိန္ဒိယဆက်ဆံရေးသည် မြန်မာနှင့်တရုတ် ဆက်ဆံရေးကဲ့သို့ပင် နှစ်ထောင်ချီသက်တမ်းရှိခဲ့ပြီဖြစ်သဖြင့် အလွန်အရေးပါသည့်ခရီးစဉ်ဟု ဆိုကြခြင်းဖြစ်ပါသည်။ ပထဝီ နိုင်ငံရေးအရ အင်ဒို-ပစိဖိတ်ဒေသ၊ Bay of Bangal .. တောင်အာရှဒေသနှင့် ASEAN အကြား Buffer land bridge အဖြစ် မြန်မာသည် အိန္ဒိယ၏ Look & Act East policy အရ အထူး အရေးပေးဆက်ဆံရမည့်နိုင်ငံဖြစ်ပါသည်။ အိန္ဒိယဘက်၏ စဉ်းစားချက်က Bay of Bangal နိုင်ငံ ၃ နိုင်ငံ (အိန္ဒိယ ၊ ဘင်္ဂလား ဒေ့ရှ်၊ မြန်မာ)ကို အိန္ဒိယဘက်က အမြဲတမ်းမဟာမိတ်အဖြစ် စုစည်းထားချင်ပါသည်။ အထူးသဖြင့် တောင်အာရှနှင့် အာဆီယံကြား ကြားခံမြေ မြန်မာသည် မဟာဗျူဟာကျမှုကို လုံးဝလက်လွှတ်ခံ၍ မရံခြင်းသည် အိန္ဒိယ၏ အမျိုးသားအကျိုး စီးပွားတစ်ခုလည်း ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်၏ Matarbari ရေနက်ဆိပ်ကမ်းကို အမေရိကန်တို့ဝင်လာပြီးနောက် ကုန်းတွင်းပိတ် ဖြစ်နေသည့် အိန္ဒိယ၏ အရှေ့မြောက် ရှစ်ပြည်နယ်ရေလမ်းကြောင်းပွင့်မည့် ကုန်သွယ်ရေးကို စစ်တွေ ပလက်ဝ – ဘက်စုံစီမံကိန်း အပြိုင်ဖွင့်ထားရန် အရေးကြီးပါသည်။ ဤစီမံကိန်းကို ၂၀၂၇ မှာအပြီး လုပ်ရန်ရှိနေသဖြင့် ရခိုင် AA၊ ချင်း CNF တို့နှင့် စစ်ရေးအခြေအနေတွေ အပြီးသတ်နိုင်ရန်နှင့် လိုအပ်သည်များကို ကူညီပေးရန်လည်း ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ရပါသည်။ ပလက်ဝကနေ ပန်ဆောင်အထိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန် အိန္ဒိယ၏ ပူးပေါင်းဆောက်ရွက်နိုင်မှုများအတွက် ဆွေးနွေးလာနိုင်ပါသည်။

လွန်ခဲ့သော နှစ်လလောက်က ဖမ်းမိသွားသည့် အသေခံဒရုန်းနည်းပညာသင်တန်းပေးသွားသော အမေရိကန်နိုင်ငံသား Mathew Vandike နှင့် ယူကရိန်းကြေးစားများ နယူးဒေလီမှာ ဖမ်းမိသလို နယ်စပ်လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း အထူးအလေးပေးဆွေးနွေးနိုင်ပါသည်။ထို့ကြောင့် ဤခရီးစဉ်အပြီးတွင် နှစ်နိုင်ငံနယ်စပ်လုံခြုံရေးအတွက် ပိုမိုထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်လိမ့်မည်ဟုလည်း ယူဆရပါသည်။

အချုပ်ဆိုရလျှင် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးဗဟိုချက်မ အချက်အချာကျမှုကိုအခြေတည်ပြီး နှစ်နိုင်ငံအကျိုးစီးပွားအတွက် ပေါ်ပေါက်လာသည့် ဤခရီးစဉ်ကိုကြည့်ပြီး ပထဝီနိုင်ငံရေးပညာရှင် ပထဝီနိုင်ငံရေးပညာရှင် အက်ဝပ်အေယာ(Edward LAyers) ပြောသည့် စကားသတိရမိသည်။ သူက “ပဋိညာဉ်တွေ ပျက်ပြယ်ကောင်း ပျက်ပြယ်မည်။ စာချုပ်တွေတစ်ဘက်သက် ရုပ်သိမ်းကောင်းရုပ်သိမ်းမည်၊ ပထဝီကတော့ သူ့သားကောင်ကို ဆုပ်ကိုင်ထားမည် ဆိုသည့်အတိုင်း မိမိတို့နိုင်ငံ၏ အခွင့်အရေးကိုအဖိအရ ဆုပ်ကိုင်ပြီး နိုင်ငံ့အကျိုးစီးပွားကို ဖော်ဆောင်ကြရမည်ဖြစ်ပါသည်။ သို့မှသာ မြန်မာ့အနာဂတ်သည် သားရွှေအိုးထမ်းလာသည်ကို ပြင်ရသကဲ့သို့ တောက်ပသာယာလာမည်ဖြစ်ကြောင်း အကြံပြုလိုက်ရပါသည်။

ထောင်နိုင်သူ (ဇွဲကပင်)

#BulletNewsJournal