လတ်တလောမှာ ကျွန်တော်တို့ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်ရှိနေပါတယ်။ ဒီခရီးစဉ်မတိုင်ခင်မှာပဲ အကြမ်းဖက် ပြည်ပြေးတွေက နိုင်ငံတော်သမ္မတရဲ့ တရားဝင်ခရီးစဉ်ကို ကန့်ကွက်ခဲ့ကြသလို အိန္ဒိယဘက်ကလည်း ဆန္ဒပြသူတွေကို ဖမ်းဆီး အရေးယူပေးခဲ့တာတွေရှိတယ်။

Conspiracy Theory လို့ပဲ ဆိုဆိုပါ။ အမေရိကန်အနေနဲ့ အိန္ဒိယကို ခွဲထုတ်ပြီး “ခရစ်ယာန်နိုင်ငံသစ်” တစ်ခုပေါ်ထွန်းလာရေး ကြိုးပမ်းနိုင်တယ်၊ အဲဒီလို ဖန်တီးဖို့ ဘင်္ဂလားဒေ့ရှ်မှာ ခြေကုပ်ယူဖို့ကြိုးစားရင်း ဟာဆီနာအစိုးရကို ကုလားဖန်ထိုးခဲ့တယ်ဆိုတဲ့ အယူအဆတစ်ခုလည်းရှိပါတယ်။ မရှေးမနှောင်းမှာပဲ အစ္စရေးအနေနဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရနဲ့ မီဇိုရမ်ဒေသက “ကူကီးချင်း” မျိုးနွယ်စုတွေကို သမ္မာကျမ်းစာလာ ပျောက်ဆုံးမျိုးနွယ်စု (The Lost Tribe) ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ Bnei Menashe အဖြစ်သတ်မှတ်ပြီး အစ္စရေးမှာ အခြေချဖို့ အသုတ်လိုက် ပြန်လည်ခေါ်ယူခဲ့ပါတယ်။ Bnei Menashe ကို ပျောက်ဆုံးမျိုးနွယ်စုအဖြစ် (၂၀၀၅) ခုနှစ်မှာ စတင် အသိအမှတ်ပြုခဲ့တာဖြစ်ပြီး ပြည်တော်ပြန်ရရေး ဆောင်ရွက်မှုကိုတော့ Operation Wings of Dawn လို့ အမည်ပေးထားပြီး (၂၀၃၀) ပြည့်နှစ်လောက်ထိ ဆက်လက် အသက်ဝင်နေမယ်လို့သိရပါတယ်။

ဘက်မလိုက်တမ်းပြောရရင် အစ္စရေးရဲ့ ပြည်တော်ပြန်ရေး အော်ပရေးရှင်းတွေနောက်မှာ တစ်စုံတစ်ခုအမြဲရှိနေတတ်ပါတယ်။ အခု မီဇိုရမ် ချင်း တွေမတိုင်ခင် ယခင်ကာလများဆီကလည်း အစ္စရေးဟာ အီသီယိုပီယားဂျူးတွေကို အစ္စရေးဆီ ပြည်တော်ပြန်နိုင်ဖို့ကြိုးပမ်းခဲ့ပြီး မော့ဆက်က စီစဉ်ပေးခဲ့တာပါ။ အီသီယိုပီယားဂျူး (Beta Israel) တွေကို Operation Moses (1984) နဲ့ Operation Solomon (1991) ဆိုပြီး Operation နှစ်သုတ်ခွဲပြီး ကယ်ထုတ်ခဲ့ပါတယ်။ အီသီယိုပီယားပြည်တွင်းစစ်ဒဏ်ကြောင့် အငတ်ဘေးဆိုက်ပြီး ဒုက္ခရောက်နေတဲ့ ဂျူးလူမျိုးတွေကို ကယ်တင်ဖို့လို့သိရပါတယ်။ ဒီတော့ ဆက်စပ်တွေးကြည့်လို့ရပါတယ်။

အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ အနေအထားဟာ အတော်ကို သတိထားစရာဖြစ်လာမယ်လို့ မြင်ရတဲ့အတွက် ယခု နိုင်ငံတော်သမ္မတရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်ကနေ ပူးပေါင်းဆောင်ရွက်မှု တစုံတရာ ရရှိလာမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာအခင်းအကျင်းကို နားမလည်တဲ့ ပြည်ဖျက်တွေကတော့ ကျွန်တော်တို့သမ္မတကြီးရဲ့ ခရီးစဉ်ကို ကန့်ကွက်စာပို့ပါတယ်။ ဆန္ဒပြဖို့ လှုံ့ဆော်ပါတယ်။ အိန္ဒိယကလည်း နိုင်ငံကြီးပီသစွာ ဖြေရှင်းပေးပါတယ်။ မည်သို့ပင်ဆိုစေကာမူ မြန်မာ့စင်ပြိုင်အစိုးရဆိုသူတွေရဲ့ နိုင်ငံရေး အသိဉာဏ်ကို မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ များစွာ ရှက်ရပါတယ်။

အိန္ဒိယနိုင်ငံခရီးစဉ်မတိုင်ခင်မှာလည်း မေလ (၂၆) ရက် ရက်စွဲနဲ့ တရုတ်သံရုံးက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းတစ်ခုမှာ တရုတ်နိုင်ငံအနေနဲ့ “ဓမ္မဓိဌာန်ကျကျ မျှတစွာ သတင်းထုတ်ပြန်ရေး၊ သတင်းအချက်အလက်အမှားများ တိုက်ဖျက်ရေး” ကို ထည့်သွင်းဖော်ပြသွားတာတွေ့ရပါတယ်။ ကြိုဆိုပါတယ်။ ကျွန်တော်တို့တွေဟာ ပထဝီနိုင်ငံရေးအရ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မှီခိုနေကြရမှာမို့ အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုကသာ ရေရှည် အကျိုးစီးပွားအတွက် အာမခံချက်ရှိမှာဖြစ်ပါတယ်။ Proxy ဟာ ရေရှည်မှာ အလုပ်မဖြစ်ပါဘူး။

ဆိုကြပါစို့…

သတင်းတွေတက်လာတယ်။ နယ်စပ်ခြံစည်းရိုးကိစ္စကို “ဝ” က အသံစ ထွက်တယ်ပဲဆိုကြပါစို့။ မြေတိုင်းပြီး စည်းရိုးစိုက်တာဟာ တစ်ရက်တစ်မနက်နဲ့ ရုတ်တရက်ပြီးသွားမယ့်ကိစ္စ မဟုတ်တာမို့ ထူးခြားဖြစ်စဉ်ပေါ်ပေါက်တဲ့အခါ မီဒီယာကနေ မအော်ခင် အစိုးရကို အရင် အကြောင်းကြားခဲ့သလား – ဆိုတဲ့ မေးခွန်းမျိုးလည်းရှိပါတယ်။ ဒီနေရာမှာ Proxy တွေရဲ့ သွေးထိုးမှုကို ကျော်လွှားဖို့အတွက် အစိုးရချင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ကလွဲလို့ မရှိပါဘူး။ ပွင့်လင်းမြင်သာမှုရှိဖို့လည်း နှစ်နိုင်ငံကြား ထိရောက်စွာပူးပေါင်းရမှာမို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်ကို ကျွန်တော်ကြိုဆိုပါတယ်။

ဒီနေရာမှာ တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ဟာ အုပ်ချုပ်မှုစနစ်ချင်းမတူတာမို့ ချဉ်းကပ်ပုံလည်း ပုံတူကူးလို့မရပါဘူး။ ဥပမာအနေနဲ့ ထောက်ပြရရင် (စက်တင်ဘာ ၁၁၊ ၂၀၂၅) မှာ နာမည်ကျော် တရုတ် ရုပ်ရှင်မင်းသား Yu Menglong ဟာ တိုက်ခန်းတစ်ခုကနေ ပြုတ်ကျတယ်လို့ ယူဆရတဲ့အနေအထားနဲ့ ထူးဆန်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။ ချောမောတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့အပြင် လူချစ်လူခင်လည်းပေါတဲ့အခါ မင်းသားအတွက် ပရိသတ်တွေက Justice for Yu Menglong နာမည်နဲ့ လှုပ်ရှားမှုတွေလုပ်ကြတယ်။ Conspiracy Theories ပေါင်းစုံထွက်တယ်။ မည်သည့်‌အနေအထားမှာမဆို တရုတ်ရဲ့ ပင်မ ဆိုရှယ်ပလက်ဖောင်း (Weibo) လို မီဒီယာ Platform တွေကို ထိန်းချုပ်လိုက်ရုံနဲ့ လူထုရဲ့စိတ်ခံစားမှုကို ထိန်းချုပ်ကောင်း ထိန်းချုပ်လိုက်နိုင်မယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက အဲဒီလို Mainstream Media ကို ထိန်းချုပ်လို့မရပါဘူး။ ကျွန်တော်တို့က “ဒီမိုကရေစီ” ကိုကျင့်သုံးနေတာဖြစ်တဲ့အတွက် Transparency ကလည်း လိုအပ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့နိုင်ငံနဲ့ မဟာဗျူဟာမြောက် ချစ်ကြည်ရင်းနှီးမှုနဲ့ ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်လိုရင် နှစ်နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့ အမျိုးသားအကျိုးစီးပွားတွေကို အပြန်အလှန် လေးစားမှုရှိစွာဖြင့် ကဏ္ဍစုံမှာ အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ ချစ်ကြည်ရင်းနှီးမှု တိုးတက်စေလိုလို့ ထောက်ပြချက်တွေသာဖြစ်တယ်။

တစ်ချိန်တည်းမှာပဲ Pete Hegseth ကလည်း တရုတ်ရဲ့ စစ်အင်အား အလျင်အမြန်ကြီးထွားလာမှုကို စိုးရိမ်ကြောင်း ထုတ်ပြောထားပါတယ်။ အဲဒါက ဘာကိုဆိုလိုတယ်ဆိုတာ ထုတ်မရေးလည်း နားလည်ကြမှာပါ။ မခက်ပါဘူး။

အနှစ်ချုပ်သုံးသပ်ရရင် –

– ကလေးဆန်တဲ့ ပါဝါဂိမ်းတွေကို ခေါက်ထားလိုက်ပါ။ ကျွန်တော်တို့အားလုံးဟာ ပထဝီနိုင်ငံရေးအရ ကျောချင်းကပ်မှဖြစ်မှာပါ။

– အမေရိကန်က မြန်ပါတယ်။ သူ့ရဲ့ ရွှေ့ကွက်တိုင်းဟာ တရုတ်နဲ့ အိန္ဒိယအတွက် သေရေးရှင်ရေးဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ တရုတ်အတွက်ရော အိန္ဒိယအတွက်ပါ မဟာဗျူဟာမြောက် အရေးပါနေတာပါ။ အစိုးရချင်း ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။

– ဒီအခွင့်အရေးမှာ Proxy တွေရဲ့ အခန်းကဏ္ဍကို လျှော့ဖို့ကြိုးစားကြည့်ကြပါ – လို့ မေတ္တာဖြင့် တိုက်တွန်းအပ်ပါတယ်။

– နိုင်ငံတိုင်းဟာ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားကြမှန်း ကျွန်တော်တို့လက်ခံထားပြီးသားပါ။ ကျွန်တော်တို့ဟာ အိမ်နီးချင်းတွေကို လေးစားပါတယ်။ ထို့အတူ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကိုလည်း မဖြစ်မနေ စောင့်ရှောက်ရပါလိမ့်မယ်။

– နိုင်ငံကြီးတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ တည်ငြိမ်အေးချမ်းမှုနဲ့ ပြည်သူတွေရဲ့ ဘဝ လုံခြုံရေးကို အထောက်အကူဖြစ်စေမယ်ဆိုရင်တော့… ကျွန်တော် အာမခံပါတယ်။ ချစ်ကြည်ရင်းနှီးမှုဟာ ကျွဲကူးရေပါ ပါလာမယ့်အရာပါပဲ။

ကံကောင်းပါစေ လို့ ဆုတောင်းပေးပါတယ်။

ဒေသတွင်း ငြိမ်းချမ်းမှု တည်တံ့ပါစေ…

သန့်နေစိုး (30. May. 2026)

#Bullet News Journal