လက်ရှိနိုင်ငံရေးအခင်းအကျင်းရဲ့ ပြုံးချင်စရာနောက်ဆက်တွဲတွေကတော့ သံရုံးပေ့ဂ်ျတွေအောက်က ကော်မန့်တကျီကျီ ကဏ္ဍပဲဖြစ်ပါတယ်။ သခွပ်ပင်က မီးတကျီကျီဆိုသလို ဦးဝင်းမြင့်ကို (သမ္မတ) လို့ မသုံးပေးတဲ့အပေါ် ခံစားနေကြတဲ့ လူအုပ်ကြီးကိုတွေ့ရတာကလည်း ပြုံးချင်စရာပါပဲ။ အဖြစ်မှန်ကိုလက်ခံပါ။ ပြည်ပြေးအစိုးရဆိုသူတွေရဲ့ တရားဝင်မှုကို မိမိတို့ဘာသာ ပြန်သုံးသပ်ပါ – လို့ပဲ ပြောရမှာပါ။
ထူးခြားတာက ဦးဝင်းမြင့်ပြန်လွတ်လာတဲ့အပေါ် အမေရိကန်သံရုံးက ကြိုဆိုကြောင်းပြောပေမဲ့ ဒေါ်စုကြည်ရဲ့နာမည်ကို ထုတ်မရေးသွားဘူး။ အရမ်းကို သာမန်ဆန်တဲ့ ထုတ်ပြန်ချက်လို့ဆိုရမယ်။ ဒီလိုဆိုလို့ (ဘယ်လိုပဲ နိုင်ငံရေးရေချိန် နိမ့်တယ်ပြောပါစေ) အနီထောက်ခံသူတွေကို အားပေးစကားပြောရရင် “အမေရိကန်သံရုံးပေ့ဂ်ျ” က ကော်မန့်ဖတ်လေ့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် (၂၀၂၀) ရွေးကောက်ပွဲ အကြိုကာလဆီက အမေရိကန်သံရုံးရဲ့ ရွေးကောက်ပွဲထောက်ပံ့ငွေကိစ္စပို့စ်မှာ အပြည့်အစုံ ဘာသာမပြန်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး သံရုံးကို ကန့်ကွက်ကြောင်း (အင်္ဂလိပ်လို) ကော်မန့်ရေးဖူးပါတယ်။ အခြား မိတ်ဆွေတွေလည်း ဝင်ရေးကြပါတယ်။ သံရုံးက သူတို့ရဲ့အမှားကြောင့်စိတ်အနှောက်အယှက်ဖြစ်စေမိတဲ့အပေါ် (တောင်းပန်ကြောင်း) ပို့စ် ပြန်တင်ပေးခဲ့ရဖူးပါတယ်။ ဒီတော့ ကြိုးစားကြည့်ကြပေါ့။ အနီတွေဝိုင်းရေးလို့ အမေရိကန်သံရုံးက ဦးဝင်းမြင့်ကို သမ္မတပြန်တင်ပေးမလားဆိုတာ…။
အစိုးရက ဦးဝင်းမြင့်ကို ပြန်လွှတ်လိုက်တာသည် သာမန်အပေါ်ယံအမြင်အားဖြင့် ရိုးရှင်းပေမဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်စုကြည်နာမည်ကို ကာဗာယူထားကြသူတွေအတွက် Legitimacy Crisis လေးဖြစ်အောင် ပါးပါးလေးပုတ်ပေးလိုက်တာလို့ မြင်နေရပါတယ်။ နောက်တစ်ခုက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို လာလိမ့်မယ်။ ထိုခရီးစဉ်အတွင်းမှာ ဒေါ်စုကြည်နဲ့ ဝမ်ယိကို ပေးတွေ့ခဲ့သည်ရှိသော်… (တွေ့ခဲ့ရတယ်လို့ သတင်းထွက်ခဲ့သည်ရှိသော်) မေမေ သေပြီလားမသိဘူး – ဆိုသူတွေ ဘာဆက်ပြောကြမယ်ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ထူးခြားတာက နိုင်ငံရေးအတွက် ဘာတန်ဖိုးမှမရှိတဲ့ လူတစ်စုကသာ ဒေါ်စုကြည် အသက်ရှင်နေကြောင်း သက်သေပြခိုင်းနေတာပါ။ ဘယ်သံရုံးကမှ ဒေါ်စုကြည် သေပြီလားမသိဘူး လို့ အသံမထွက်ကြပါဘူး။ ဒီတော့ တစ်ခုပဲ ပြောစရာရှိပါတယ်။ သိချင်ရင် စုံစမ်းပါ။ လွတ်စေချင်ရင် ကယ်ထုတ်ပါ။ လွန်ခဲ့တဲ့ ငါးနှစ် အာဏာထိန်းစကလည်း ဒေါ်စုကြည်ကို ပြန်လွှတ်ပေးဖို့တောင်းဆို၊ စိတ်တိုင်းကျသောင်းကျန်းခဲ့ကြပြီး (မဆိုင်တဲ့လူတွေ အများကြီးသေခဲ့ကြပြီးမှ) အခုလည်း ဒေါ်စုကြည်ကို ပြန်လွှတ်ဖို့ ထပ်အော်နေကြတော့… တဆိတ် ကျက်သရေမတုံးလွန်းဘူးလား။ မော့ဂ်ျတာဘာ ခါမေနီလို Supreme Leader အသစ်တောင် အသက်ရှင်ကြောင်း ထူးပြီးသက်သေပြစရာမလိုတာ အကျဉ်းသူက ဘာမို့လို့လဲ။ သိချင်ရင်… စုံစမ်းပါ။
လက်ရှိအခင်းအကျင်းတွေမှာ မြန်မာဟာ ယေဘုယျအားဖြင့် အမေရိကန်၊ ရုရှား၊ တရုတ် ပါဝါသုံးနိုင်ငံစလုံးနဲ့ မျှခြေရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားသော်ငြား စိတ်မကောင်းစွာဖြင့် တရုတ်က (The Least Favourable) အနေအထားကို ရောက်နေတယ်။ အစိုးရချင်း မိတ်ဝတ်မပျက်ဆက်ဆံရေး ရှိနိုင်သော်ငြား ပြည်သူတွေကြားထဲမှာတော့ မယုံသင်္ကာအဖြစ်ဆုံးဟာ တရုတ်ပဲ။ (၁၀၂၇) ကြောင့်လည်း ပြည်သူတွေကြားက ယုံကြည်မှုဟာ အောက်ဆုံးထိ ထိုးကျသွားခဲ့ပါတယ်။ ဒီလိုဆိုလို့ မြန်မာပြည်သူတွေကြား တရုတ်မုန်းတီးရေးလှုံ့ဆော်နေတာလားဆိုတော့လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ တရုတ်တွေရဲ့ မြန်မာအခြေပြု ကျားဖြန့်ရုပ်ရှင်တွေလိုမျိုး တရုတ်လူမျိုးတွေကို ဗီလိန်အဖြစ်၊ လောဘကြီးတဲ့လူလိမ်တွေအဖြစ်၊ ကျားဖြန့်လုပ်စားနေကြသူတွေအဖြစ် ပုံဖော်တာမျိုးမရှိပါဘူး။ ကျွန်တော်တို့မြင်နေရတာက (Zhuge Yue) လိုနူးညံ့အေးဆေးတဲ့ နှစ်သက်စရာ အနုပညာဖန်တီးမှုမျှသာဖြစ်ပါတယ်။ သို့သော် (၁၀၂၇) မှာ နေရာတကာ မြန်မာ့မြေပေါ် တရုတ်စာကြီးတွေ ပြူးတူးပြဲတဲရေးပြီး နာမည်ပြောင်း အလံစိုက်နေတာက ဆိုးပါတယ်။ ဘယ်လိုမှ ဖန်တီးမထားတဲ့ အဖြစ်မှန်စစ်စစ်ကို ရင်ဆိုင်နေကြရတာမို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာလူမျိုးတွေရဲ့ အမှန်တကယ် ချစ်ခင်ရင်းနှီးမှုကို ရယူလိုရင် Reality ကို ပြောင်းလဲပေးဖို့သာရှိပါတယ်။
ကျွန်တော်တို့ တရုတ်ကို မမုန်းပါဘူး။ တရုတ်ကလည်း ကျွန်တော်တို့ မုန်းလောက်စရာ အပြုအမူတွေ လာမလုပ်မိရင်တော့ဖြင့် အကောင်းဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ နိုင်ငံတော်နဲ့ အမျိုးသားအကျိုးစီးပွားအတွက် စောင့်ကြည့်နေကြမှာပဲဖြစ်တယ်။
နောက်တစ်ခုက လက်ရှိဖြစ်နေတဲ့ အီရန်အခင်းအကျင်းကနေ သင်ခန်းစာယူစောင့်ကြည့်ရင်း ကျွန်တော် သတိထားမိလာတာရှိပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ “စစ်တပ်” ဟာ အခရာကျပါတယ်။ Abbas Araghchi တို့၊ Ghalibaf တို့ မည်မျှပင် ဆွေးနွေးစေကာမူ IRGC ကို မကျော်နိုင်ပါဘူး။ IRGC နဲ့ သဘောထားတူမျှသူမှသာ အီရန်မှာ ရေရှည်အုပ်ချုပ်လို့ရပါလိမ့်မယ်။ အမှန်တကယ် Regime Change လိုလားရင် အီရန်တော်လှန်ရေးအစောင့်တပ်ကို ဖြိုခွဲမှဖြစ်ပါလိမ့်မယ်။ မြန်မာမှာလည်း ဒီသဘောပါပဲ။ ပြီးပြည့်စုံတဲ့လက်ဝေခံအစိုးရတင်ဖို့ စစ်တပ်ကိုဖြိုခွဲရပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံရဲ့ စစ်တပ်မုန်းတီးရေးဝါဒမှိုင်းတွေကိုလည်း နားမလည်နိုင်စရာတော့မရှိပါဘူး။ ဒီတော့ တပ်မတော်ဟာ ပိုမိုကျစ်လျစ်ဖို့လိုတယ်။ အကြိမ်ကြိမ် အာဏာမထိန်းချင်ရင် တပ်မတော်ကို အကြိမ်ကြိမ် စိန်မခေါ်တဲ့၊ နိုင်ငံရေးရင့်ကျက်တဲ့ အစိုးရတစ်ရပ်လိုအပ်ပါတယ်။ အမှန်တရားက ခါးပါတယ်။
ဒီလိုပဲ အမှန်တရားကို လက်မခံနိုင်ဘဲ (သမ္မတရာထူးကို မဖော်ပြပေးလို့) သံရုံးတွေအောက်မှာ ကော်မန့်တကျီကျီ သွားလုပ်ကြတဲ့ မြန်မာတွေအတွက်လည်း များစွာရှက်ရွံ့ အားနာရပါတယ်။ သူတို့ဟာ အမှန်တရားကို နားမလည်ပါဘူး။ အစိုးရတစ်ရပ်ရဲ့ သက်တမ်းကိုလည်း မသိပါဘူး။ ရွေးကောက်ပွဲတစ်ရပ်ရဲ့ တန်ဖိုးကိုလည်း နားမလည်သလို လုပ်ထုံးလုပ်နည်းကိုလည်း ဝေးကြတာမို့ နိုင်ငံကြီးတွေကလည်း နားလည်ပေးမယ်လို့ မျှော်လင့်ရပါတယ်။
ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုကို အသိအမှတ်ပြု၊ ကြိုဆိုပေးကြတဲ့အတွက်လည်း ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာလည်း ရက်စက်တဲ့ Geopolitics ကစားပွဲကြီးမှာ ဖြူခါပြာခါကျပြီးပြီမို့ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် တည်ငြိမ်အေးချမ်းရေးကိုသာ လိုလားပါတယ်။
ကော်မန့်တကျီကျီကိုတော့…
ပြုံးပြီးတော့သာ ဖတ်ကြစေလိုပါတယ်။
သန့်နေစိုး (22. Apr. 2026)
