အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်တို့သည် လိင်မှုဆိုင်ရာ ပြစ်မှုကျူးလွန်သူ Jeffrey Epstein နှင့် ပတ်သက်၍ အောက်လွှတ်တော်စောင့်ကြည့်ရေးကော်မတီတွင် ကြားနာရန် သဘော တူညီလိုက်ကြောင်း ၎င်းတို့၏ လက်ထောက်ဖြစ်သူက ဖေဖော်ဝါရီ ၂ ရက်က ပြောကြားခဲ့သည်။ ထိုသဘောတူညီချက်ကြောင့် ကလင်တန်ဇနှီးမောင်နှံအား လွှတ်တော်ကို မထီမဲ့မြင်ပြုမှု (Contempt of Congress) ဖြင့် စွဲချက်တင်ရန် ပြင်ဆင်နေမှုကို ခေတ္တဆိုင်းငံ့သွားစေသည်။
ကလင်တန် ဇနီးမောင်နှံ၏ ဒုတိယအမှုဆောင်အရာရှိချုပ် Angel Ureña က လူမှုကွန်ရက် X ပေါ်တွင် ကြေညာချက်ထုတ်ပြန်ရာတွင် “သမ္မတကလင်တန်နှင့်ဇနီးတို့က ကော်မတီ ရှေ့မှောက်သို့ လာရောက်ပြီး မေးခွန်းများကို ဖြေကြားမည်ဖြစ်ကြောင်း” အတည်ပြုခဲ့သည်။ ဆက်လက်၍ “အဆိုပါဇနှီးမောင်နှံသည် အမြဲတမ်း ပွင့်လင်းမြင်သာမှုရှိခဲ့ပြီး အမှန်တရားကို ဖော်ထုတ်ရန် အဆင်သင့် ရှိနေကြောင်း” ပြောသည်။
ထိုဆုံးဖြတ်ချက်သည် ရီပတ်ဘလစ်ကန်များ ဦးဆောင်သော အောက်လွှတ်တော်က ကလင်တန်ဇနီးမောင်နှံအား ကွန်ဂရက်လွှတ်တော်ဆင့်ခေါ်စာကို ငြင်းပယ်မှုဖြင့် ပြစ်ဒဏ် ခတ်နိုင်ကြောင်း မဲခွဲဆုံးဖြတ်မှုမတိုင်မီ နာရီပိုင်းအလိုတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယခင်က ကလင်တန်တို့၏ ရှေ့နေများသည် စုံစမ်းစစ်ဆေးမှုကို နိုင်ငံရေးအရ ပစ်မှတ်ထား ခြင်းဖြစ်သည်ဟု စွပ်စွဲကာ ဆင့်ခေါ်စာများကို ပယ်ချခဲ့သည်။ ဘီလ်ကလင်တန်သည် ကန့်သတ်ချက်များဖြင့် ၄ နာရီကြာ တွေ့ဆုံမေးမြန်းမှုကိုသာ လက်ခံခဲ့ပြီး၊ ဟီလာရီ ကလင်တန်က စာဖြင့်သာ ဖြေကြားရန် ကမ်းလှမ်းခဲ့သည်။ သို့သော် ကော်မတီဥက္ကဋ္ဌ James Comer က ထိုကမ်းလှမ်းချက်များကို ပယ်ချခဲ့ပြီး လူကိုယ်တိုင် လာရောက်ထွက်ဆိုရန် အလေးအနက် တောင်းဆိုခဲ့သည်။
ဥက္ကဋ္ဌ Comer က “ဒါဟာ ဥပဒေစိုးမိုးရေးအတွက် အောင်ပွဲတစ်ခုပါ။ ဘယ်သူမှ ဥပဒေ အထက်မှာ မရှိဘူးဆိုတာကို ပြသလိုက်တာပဲ” ဟု ပြောကြားသည်။ သို့သော် ကလင်တန် တို့ဘက်မှ တရားဝင်သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခြင်း မပြုရသေးသရွေ့ လွှတ်တော်ကို မထီမဲ့မြင်ပြုမှုဆိုင်ရာ လုပ်ငန်းစဉ်များကို အပြီးတိုင်ရုပ်သိမ်းမည် မဟုတ် ကြောင်း သတိပေးထားသည်။
အောက်လွှတ်တော်စောင့်ကြည့်ရေးကော်မတီသည် ဂျက်ဖရီအက်ပ်စတိန်း၏ ရာဇဝတ်မှု ကွန်ရက်တွင် ပါဝင်ပတ်သက်နေသူများ၊ အထူးသဖြင့် ကမ္ဘာ့အဆင့်မြင့် အရာရှိကြီးများနှင့် ဆက်နွှယ်မှုများကို စုံစမ်းနေခြင်းဖြစ်သည်။ ဘီလ်ကလင်တန်သည် အက်ပ်စတိန်း၏ ကိုယ်ပိုင် လေယာဉ်ကို အကြိမ်ပေါင်းများစွာ စီးနင်းခဲ့ဖူးကြောင်း မှတ်တမ်းများအရ သိရသော်လည်း၊ အက်ပ်စတိန်း၏ ကြောက်မက်ဖွယ် ရာဇဝတ်မှုများကို လုံးဝမသိရှိကြောင်း ၎င်းက ငြင်းဆိုထားသည်။
ယခုအချိန်အထိ ကြားနာမည့် ရက်စွဲကို အတိအကျ မသတ်မှတ်ရသေးသော်လည်း လာမည့် သီတင်းပတ်များအတွင်း ဖြစ်နိုင်သည်။ ယင်းဖြစ်စဉ်မှာ အမေရိကန်သမိုင်းတွင် သမ္မတဟောင်းတစ်ဦး လွှတ်တော်ကော်မတီ၏ ဖိအားပေးဆင့်ခေါ်မှုအောက်တွင် လာရောက် ထွက်ဆိုရမည့် ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။
Reuters
