အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဝန်ကြီးချုပ်မိုဒီတို့၏ ဆွေးနွေးမှုရလဒ်အရ အိန္ဒိယ ကုန်စည်များအပေါ် စည်းကြပ်သည့် အခွန်နှုန်းထားကို ၁၈% သို့ လျှော့ချပေးလိုက်ကြောင်း ကြေညာသည်။
ကုန်သွယ်ရေးသဘောတူညီချက်၏ အဓိကအကျိုးကျေးဇူးများအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ပြန်လည်ဝင်ရောက်လာခြင်း၊ ရူပီးငွေတန်ဖိုး ပြန်လည် အားကောင်းလာခြင်း၊ အိန္ဒိယရှယ်ယာများအပေါ် ယုံကြည်မှုမြင့်တက်လာခြင်းနှင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ဝင်ရောက်လာခြင်းတို့ ဖြစ်သည်။
ထိုသတင်းကြောင့် အိန္ဒိယရှယ်ယာဈေးကွက် (BSE Sensex နှင့် Nifty50) သည် တစ်ရှိန်ထိုး မြင့်တက်သွားခဲ့သည်။ Motilal Oswal Financial Services (MOFSL) ၏ အစီရင်ခံစာအရ အိန္ဒိယ၏ စီးပွားရေးတိုးတက်မှု ပြန်လည်အရှိန်ရလာပြီ ဖြစ်သည်။
MOFSL ၏ အဆိုအရ အဆိုပါဖွံ့ဖြိုးတိုးတက်မှုသည် အိန္ဒိယစီးပွားရေးနှင့် အမေရိကန်သို့ ကုန်စည်တင်ပို့နေသည့် ကဏ္ဍများအပေါ် သက်ရောက်မှု များစွာရှိပြီး အကျိုးကျေးဇူးများစွာ ရရှိစေမည် ဖြစ်သည်။
အဓိကကဏ္ဍများမှာ မော်တော်ယာဉ် အပိုပစ္စည်းထုတ်လုပ်ရေး ၊ ကာကွယ်ရေးပစ္စည်း ၊ လူသုံးကုန် ၊ အထည်အလိပ် ၊ အီလက်ထရွန်နစ် ထုတ်လုပ်မှု (EMS)၊ အိုင်တီဝန်ဆောင်မှု (IT Services) ၊ ဘဏ္ဍာရေးကဏ္ဍ (Financials) များအပြင် ဒုတိယအဆင့်အနေဖြင့် အခြေခံအဆောက်အအုံနှင့် အသုံးဆောင် လုပ်ငန်းများ အကျိုးရလဒ်ခံစားရမည်ဖြစ်သည်။
လွန်ခဲ့သည့် တစ်နှစ်အတွင်း အိန္ဒိယ-အမေရိကန် ကုန်သွယ်ရေး မရေရာမှုများကြောင့် ဈေးကွက်အပေါ် သက်ရောက်မှုများ ရှိခဲ့သည်။ ယခုသဘောတူညီချက်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ အိန္ဒိယဈေးကွက်မှ နစ်နာသွားခဲ့သည့် ဒေါ်လာ ၂၂ ဘီလီယံခန့် ပြန်လည်ဝင်ရောက်လာဖွယ်ရှိသည်။
ပြီးခဲ့သည့်ကာလများအတွင်း ဒေါ်လာနှင့်လဲလှယ်ရာတွင် ၆% ခန့် ကျဆင်းခဲ့သော အိန္ဒိယရူပီးငွေတန်ဖိုးသည် ယခုအခါ ပြန်လည်တည်ငြိမ် အားကောင်းလာမည် ဖြစ်သည်။
နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းအနေဖြင့်လည်း ဆွစ်ဇာလန်၊ အီးယူ၊ ယူကေ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် အိန္ဒိယထက် အခွန်နှုန်းထား ပိုမိုသက်သာနေသေးသော်လည်း၊ အိန္ဒိယ၏ တိုက်ရိုက် ပြိုင်ဘက်များဖြစ်သော တရုတ်၊ ဗီယက်နမ်၊ ဘရာဇီး၊ ထိုင်းနှင့် တောင်အာဖရိကနိုင်ငံတို့မှာမူ အိန္ဒိယထက် ပိုမိုမြင့်မားသော အခွန်နှုန်းထားများကို ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် အမေရိကန်ဈေးကွက်တွင် အိန္ဒိယကုန်စည်များ၏ ယှဉ်ပြိုင်နိုင်စွမ်း သိသိသာသာ တိုးတက်လာမည်။
ထို့ကြောင့် ရှယ်ယာဈေးကွက်အတွင်းရှိ ကုမ္ပဏီများ၏ အမြတ်အစွန်း တိုးတက်မှုနှုန်းမှာ ၁၂% ခန့် ရှိလာနိုင်ကြောင်းနှင့် လက်ရှိ ရှယ်ယာတန်ဖိုး (Valuation) များသည်လည်း ရင်းနှီးမြှုပ်နှံရန် သင့်တော်သော အခြေအနေတွင် ရှိနေကြောင်း ဖော်ပြထားသည်။
အဆိုပါကုန်သွယ်ရေးသဘောတူညီချက်သည် ရေတိုတွင် ဈေးကွက်ကို လှုံ့ဆော်ပေးရုံ သာမက၊ ရေရှည်အတွက်လည်း အိန္ဒိယစီးပွားရေး၏ အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာစေမည် ဖြစ်သည်။
The Times of India (TOI)
