Thant Nay Soe

စက်တင်ဘာလအတွင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာတော့ အာရှ – ပစိဖိတ်ဒေသအတွင်း အမေရိကန်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေ ခပ်စိပ်စိပ်လုပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှာတော့ Operation Pacific Angel 25-3 ဆိုတဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ ဒေသတွင်း ဩဇာဖြန့်ကျက်လာတဲ့ ပါဝါကြီးတွေကို စိန်ခေါ်တဲ့ လုပ်ရပ်အဖြစ် ရှုမြင်ကြတယ်။ အမေရိကန်သမ္မတထရန့်ရဲ့ အခွန်မူဝါဒတွေကြောင့် အာရှရဲ့ ပါဝါကြီးတွေဟာ မကြုံစဖူး နီးကပ်သွားကြတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

သံတမန်ဆိုင်ရာ အင်အားပြသမှုဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စက်တင်ဘာလ (၃) ရက်၊ အောင်ပွဲနေ့အပြီး အခုလို စစ်ရေးလေ့ကျင့်မှုတွေ ဖြစ်လာခဲ့တာပါ။ အခြားစစ်ရေးလေ့ကျင့်မှုတွေမှာ သိပ်မသိသာပေမဲ့ ပါဝါနိုင်ငံကြီးတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်ကြားက မဟာဗျူဟာမြောက် ဒေသမှာလုပ်သွားတဲ့ Operation Pacific Angel 25-3 ကတော့ စောင့်ကြည့်စရာဖြစ်ခဲ့ပြီး ယူနွတ်အစိုးရအနေနဲ့ အခု လုပ်ရပ်မှာ တစ်ခုခုမှားယွင်းသွားခဲ့ရင် ‌ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်လို့ အိန္ဒိယက ပြောသွားပါတယ်။ China Containment Policy ကို နားလည်တဲ့ တရုတ်ကတော့ တန်ပြန်ဗျူဟာပါ ဆွဲဖို့လိုအပ်လိမ့်မယ်။ ပစ်မှတ်က တရုတ်ဖြစ်နေပါတယ်။

ဒီ စစ်ရေးလေ့ကျင့်မှုမတိုင်မီမှာပဲ မြန်မာဘက်က လက်နက်ကိုင်တွေဘက်မှာလည်း ထူးခြားတာတွေဖြစ်ခဲ့တယ်။ လူမျိုးရေးဝါဒအခြေခံ ရခိုင်သူပုန် ထွန်းမြတ်နိုင်က ဘင်္ဂလီတွေနဲ့ ခါတော်မီ ချစ်ကြည်ရေး တည်ဆောက်ပြီး ဗလီဖွင့်ခွင့်ပေးတာတွေ၊ ဘာသာရေးဆရာတွေနဲ့ ဓာတ်ပုံတွဲရိုက်တာတွေ လုပ်လာတယ်။ ဘင်္ဂလီနဲ့ ရခိုင်သူပုန်ကြား စစ်မဖြစ်အောင် သူက စွမ်းဆောင်နိုင်ပါတယ်ပေါ့။

တစ်ချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ဘက်ကကျ ရခိုင်သူပုန်ဟာ အကြီးစား မူးယစ်ကုန်သည်တွေပါ လို့ လူသိရှင်ကြား ထုတ်ပြောလာတဲ့အထိ ဖြစ်လာတယ်။ ဒါတွေအားလုံးဟာ Operation Pacific Angel 25-3 အကြိုနဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုကနေ ထွက်လာမယ့် လက်နက်တွေ စီးဆင်းသွားမယ့်နေရာတွေအတွက် အကြို ကစားကွက်ခင်းကြတာ လို့ ယူဆနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ရခိုင်သူပုန်ကို လက်နက်ခွဲဝေပေးဖို့ အင်တင်တင်ဖြစ်နေတယ်လို့ ယူဆရတယ်။

ထုံးစံမပျက် အလားအလာတွေကို သုံးသပ်ကြည့်တဲ့အခါ ဖြစ်တန်စွမ်း သုံးချက်တွေ့ပါတယ်။

1. Bangladesh >> AA + ARSA

ဘင်္ဂလားဒေ့ရှ်က လက်နက်တွေဟာ ရခိုင်နဲ့ ဘင်္ဂလီသူပုန်တွေကို မျှဝေထောက်ပံ့မယ်ပေါ့။ ဒါက ထွန်းမြတ်နိုင် မျှော်လင့်တဲ့အရာပါ။ တရုတ်ဆီကနေ လက်နက်ဝေစုမရနိုင်တော့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်က လက်နက်ကိုမျှော်လင့်ပြီး ဘာသာရေးဆရာတွေနဲ့ ဗလီတွေကို ရှေ့ထုတ်ကစားလာပေမဲ့ တကယ်တမ်းမှာ ဘင်္ဂလီ လူ့အဖွဲ့အစည်းက ထွန်းမြတ်နိုင်ဟာ သူတို့အုပ်စုအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ပါတယ်ဆိုပြီး သေဒဏ်ပေးဖို့ထိ တောင်းဆိုထားပါတယ်။ သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာလည်း ‌ရခိုင်သူပုန်နဲ့ ဘင်္ဂလီသူပုန်တွေ နယ်မြေလု တိုက်ပွဲတွေဖြစ်နေပါတယ်။

ဒီတော့ Operation Pacific Angel က လက်နက်တွေဟာ ဘင်္ဂလီတွေဆီ စီးဆင်းဖို့များပြီး ရခိုင်သူပုန်ကတော့ စစ်ရေးမှာ များစွာအရေးနိမ့်လာပါလိမ့်မယ်။

2. Bangladesh >> ARSA + (….)

နောက်ထပ် ဖြစ်တန်စွမ်းတစ်ခုက ဘင်္ဂလားဒေ့ရှ်ကနေ စီးဆင်းလာမယ့် လက်နက်တွေဟာ ဘင်္ဂလီသူပုန်‌အဖွဲ့တွေအပြင် တရုတ်နဲ့ အိန္ဒိယကြားက ထိစပ်နေတဲ့ဒေသတစ်ဝိုက်က အစ္စလာမ္မစ် အင်အားစုတွေဆီ ပျံ့ထွက်သွားတာမျိုးပါ။ လက်နက်ထောက်ပံ့ သယ်ပို့ရေးအတွက်ဆိုရင် ထုံးစံမပျက် ပါကစ္စတန် ISI ရဲ့ ကွန်ယက်တွေရှိပါတယ်။ လောလောဆယ်မှာ အစိုးရအတွင်း ဩဇာယှဉ်ပြိုင်မှု ပြင်းထန်နေတဲ့ တရုတ်ရဲ့ ရှင်ကျန်းဒေသဘက်လည်း အလှုပ်အခတ်တွေရှိလာနိုင်ပါတယ်။

ဒီအယူအဆကတော့ Operation Pacific Angel 25-3 ဟာ မြန်မာနဲ့ ရခိုင်ဒေသ၊ တရုတ်ရဲ့ ပင်လယ်ထွက်ပေါက်ကိုပိတ်မယ့် China Containment Policy ထက်ပိုတဲ့ တရုတ်ရဲ့နယ်စပ်တွေမှာပါ စစ်မီးမွှေးမယ့် အနေအထားထိ တွေးထားတာပေါ့။ ဒါဆိုရင်တော့ လက်နက်ဟာ ဘင်္ဂလီသူပုန်နဲ့ အခြား အစ္စလာမ္မစ် အုပ်စုတွေဆီ စီးဆင်းမှာဖြစ်ပြီး ရခိုင်သူပုန်အတွက် ဝေစုမပါ ပါဘူး။ ရခိုင်သူပုန်ဟာ ခံဘက်ကပဲရှိနေလိမ့်မယ်။

3. Bangladesh + ARSA < > Myanmar

တတိယတစ်ချက်ကတော့ အနည်းငယ် ဘောင်ကျော်နေတဲ့ အယူအဆဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရခိုင်သူပုန်နဲ့ ဘင်္ဂလီ‌သူပုန်တို့ စစ်မျက်နှာဖွင့်ကြရာက ဘင်္ဂလီသူပုန်ရဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ်က လူမျိုးတူချင်း ယူနီဖောင်းပြောင်းပြီး ဝင်တိုက်တာ၊ စစ်လက်နက်နဲ့ လူသူရိက္ခာ ထောက်ပံ့တာ (1027 – Variation (1)) ပေါ့ ဖြစ်လာနိုင်ပါတယ်။ အဲဒီကနေ ဘင်္ဂလားဒေ့ရှ်နဲ့ ပေါင်းစည်းပြီး ပြည်ထောင်စုက ခွဲထွက်ဖို့ ကြံစည်တာများဖြစ်လာရင် အဲဒီအနေအထားက

“Bangladesh + ARSA က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်” နဲ့ စစ်ဖြစ်နေတာ ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့… ပြောစရာရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်သည် တရုတ်မဟုတ်ပါဘူး။ ကမ္ဘာ့အဆင့် ပါဝါနိုင်ငံကြီးမဟုတ်ပါဘူး။ ဒါကြောင့် စစ်ဖြစ်လာရင် နေပြည်တော်မှာ လာဆွေးနွေးရတဲ့ဘဝ သေချာပေါက် ရောက်ရပါလိမ့်မယ်။

နံပါတ်သုံး ဖြစ်တန်စွမ်းများ အသက်ဝင်လာရင် အခု ဥရောပတိုက်နဲ့ အမေရိကန်မှာ ဂယက်ထနေတဲ့ Clash of Civilizations က မြန်မာကိုပါ ကူးစက်လာပါလိမ့်မယ်။ အရင်ကတော့ မြန်မာကို ဝိုင်းဝန်းဖိနှိပ်ကြပေမဲ့ အခု အခင်းအကျင်းကတော့ ပြောင်းနိုင်ပါတယ်။ ဒီတော့ စစ်ပွဲကို ဘယ်အထိ ဆွဲယူမလဲဆိုတာကို အမေရိကန်အားကိုး ဘင်္ဂလားဒေ့ရှ်က တွေးပေါ့။ အာရပ်နိုင်ငံတွေစုပေါင်းလို့ အမေရိကန်ကို ခွာပြဲတော့မယ့် ကာလမှာမှ အမေရိကန်အားကိုးနဲ့ စစ်ပွဲဖော်ပြီး အနိုင်ရမယ်ထင်ရင် စမ်းကြည့်လို့ရတယ်။ လောလောဆယ် အိန္ဒိယကတော့ ယူနွတ်ကို အတော် မေတ္တာတုံးနေတာ တွေ့နေရတာပါပဲ။

ဒီနေရာမှာ ယူနွတ်ကို Machiavelli အယူအဆလေး နည်းနည်းလောက်ပြောပြချင်တာပါပဲ။ အင်အားကြီး မဟာမိတ်ရဲ့ စစ်တပ်ကိုယူပြီး စစ်တိုက်တယ်ဆိုတာ သူတပါးကိုမှီခိုလိုက်တာပဲ။ စစ်နိုင်လို့ရတဲ့ အကျိုးအမြတ်မှန်သမျှကို မဟာမိတ်ကြီးက ယူသွားလိမ့်မယ်။ ကိုယ်က မဟာမိတ်ကြီးရဲ့ အသုံးချခံသာ ဖြစ်ရလိမ့်မယ်။ ကိုယ့်မဟာမိတ်ကြီးရှုံးရင်တော့ ကိုယ်ပါ နာလံထူနိုင်တော့မှာမဟုတ်ဘူး။ ဒါကြောင့် အသိဉာဏ်ရှိတဲ့မင်းသားဟာ သူတပါးရဲ့စစ်တပ်နဲ့ အနိုင်ရအောင်ယူမယ့်အစား မိမိရဲ့ ကိုယ်ပိုင်စစ်တပ်နဲ့ပဲ အရှုံးခံပါလိမ့်မယ် တဲ့။ ပစိဖိတ် နတ်ကြီးကပဲ ဘင်္ဂလားဒေ့ရှ်ကို မ မလား၊ Machiavelli ကပဲ မှန်မလား… ကြည့်သေးတာပေါ့။

ဒီတော့ Operation Pacific Angel 25-3 ကြောင့် အမှန်တကယ် ဘုရား တ ရမယ့်သူတွေဟာ ပြည်ထောင်စုအပေါ် သစ္စာဖောက်ဖျက်ပုန်ကန်တဲ့ ရခိုင်သူပုန်သာဖြစ်ပါတယ်။ တပ်မတော်ကတော့ ဖြစ်လာတဲ့အခင်းအကျင်းတွေအပေါ် မူတည်ပြီး လိုအပ်သလိုဆောင်ရွက်ရမှာပါ။ ရခိုင်တွေ ငါတို့ တိုင်းရင်းသားတွေဆိုပြီး အူယားဖားယား စစ်ကြောင်းကြီးထိုး ဘင်္ဂလီတွေကို မြေလှန်ရအောင် အခုအချိန်က ကျောက်နီမော်ကျေးရွာက မသီတာထွေးကိစ္စမဟုတ်ပါဘူး။ အိုင်စီဂျေ၊ အိုင်စီစီ ရုံးတကာတက် အမှုရင်ဆိုင်ပေးရအောင် ရခိုင်တွေက အရင်ကလို အကာအကွယ်မဲ့နေတဲ့ သနားစရာ တိုင်းရင်းသားလေးတွေ မဟုတ်ပါဘူး။ သူတို့က ကျောက်တော်မှာ သူတို့ရဲ့ သစ္စာတရားကို ပြခဲ့ပြီးပါပြီ။ သာလီစွပါ…

နိုင်ငံတော်အဆင့်က ပုဂ္ဂိုလ်တွေက ကျွန်တော့်ထက်ပို များများမြင်ကြမယ်ဆိုပေမဲ့ ကျွန်တော်ကတော့ ဖြစ်တန်စွမ်း သုံးချက်ကိုမြင်ပါတယ်။ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ဖြစ်လာမယ့် အခင်းအကျင်း သုံးခုစလုံးအတွက်လည်း စိတ်ကိုပြင်ဆင်ထားတယ်။

တိုင်းပြည်နဲ့ သာသနာရဲ့အထက်မှာ ဘာမှရှိမနေဘူး။

သန့်နေစိုး (26. Sept. 2025)