ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ ရန်သူတွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ တရစပ်ပြိုဆင်းလာကြတာတွေမြင်နေရတယ်။ အမြင်သာဆုံးကတော့ ဗိုလ်နဂါးတစ်ယောက် တပ်မတော်ထံ အလင်းဝင်မယ်ဆိုတဲ့ ဗီဒီယိုတစ်ခုပျံ့လာတာပဲ။ ပြန်လှည့်ရမလွယ်တဲ့ ရွေးချယ်မှုထဲမှာ သူပုန်ထခြင်းလည်း ပါဝင်ပါတယ်။ သူပုန်ထမှုကို အလွယ်တကူ ခွင့်လွှတ်တဲ့ အစိုးရလည်း မရှိသလောက်ပါပဲ။

ဗိုလ်နဂါးကလည်း အဲဒီ ဗီဒီယိုဟာ အတုဖြစ်ကြောင်း ပြန်ရှင်းတယ်။ သူတို့ဘက်ကလူတွေက သူ့ကိုပြန်လုပ်ကြံတာ ပြန်စွပ်စွဲဝေဖန်ကြတာကို အတော်ထိသွားပုံရတယ်။ ဒါဟာ Scapegoating ပဲ။ တစ်နည်း ကိုယ့်ဘက်က အရှုံးသိပ်များလာတဲ့အခါ အဲဒီအရှုံးတွေကို ကိုယ်တိုင် သတ္တိရှိရှိ တာဝန်ခံမယ့်အစား တစ်စုံတစ်ယောက်ကို အပြစ်တွေပုံချပြီး ထိုးကျွေးလိုက်တာပဲ။

အခုလို ဗိုလ်နဂါးကို ဗီဒီယိုအတု ဖန်တီးခြင်းဟာ နုဂျီကို မယုံကြည်လို့ စင်ပြိုင်တွေထောင်လာကြတဲ့၊ အုပ်စုဖွဲ့ဖို့ကြိုးစားလာကြတဲ့ ပဒတ်တွေကို ကြိုတင်ဖြိုခွဲတာလို့ ယူဆနိုင်တယ်။ အချင်းချင်းကြား ယုန်ထင်ကြောင်ထင်တွေဖြစ်လာအောင် တမင်လုပ်တာပေါ့။ ပြိုကွဲလာတဲ့ တော်လှန်ရေးမှာ ဗိုလ်နဂါးကို သစ္စာဖောက်ဇာတ်သွင်းချင်ပုံပါပဲ။ မအူမလည်ဆိုရင်တော့ ခံကြရဦးမှာပါ။ ကမ္ဘာ့သမိုင်းမှာလည်း ပြင်သစ်ဘုရင့်မိသားစုရဲ့ မျိုးဆက်နဲ့ချီ သုံးဖြုန်းလာလို့ တိုင်းပြည်ကြီး ချွတ်ခြုံလည်းကျရော မိဖုရား Mary Antoinette က ‌တရားခံဇာတ်အသွင်းခံလိုက်တာမျိုးပေါ့။ တော်လှန်ရေးဟာ ကျဆုံးခါနီးလေ တရားခံရှာပွဲတွေများလေ ဖြစ်လာလိမ့်မယ်။

နောက်ထပ်တစ်ခုက တပ်မတော်ဘက်က နေ့စားခ (၆၈၀၀) နဲ့ Comment ရေးတဲ့ အင်အားစုတွေ ဖွဲ့စည်းထားတယ်ဆိုတာပါ။ ဘယ်လောက်တောင် စိတ်ကူးယဉ်ဖန်တီးထားတဲ့ Fabricated Story တွေလဲဆိုတာ…

NLD သည်သာလျှင် ဒီမိုကရက်တစ် ရွေးကောက်ခံအစိုးရအမျိုးအစားဖြစ်တဲ့အတွက် “လူထုထောက်ခံမှု” ကို ပြဖို့လိုအပ်တာပါ။ တပ်မတော်ဦးဆောင်တဲ့ ကောင်စီဖြစ်စေ၊ ကော်မရှင်ဖြစ်စေ အခြားအစိုးရတွေက ဒီလိုလုပ်ပြဖို့ မလိုအပ်ဘူး။

ဆက်ပြောရရင် တပ်မတော်ရဲ့ စစ်ရေးအရ အသာစီးရမှုတွေကြောင့် အပစ်အခတ်ရပ်ချင်တဲ့အခါ သူပုန်ဟာ မြေပြင်ဆွေးနွေးပွဲတွေလုပ်ဖို့ ကမ်းလှမ်းလာတယ်။ ဆွေးနွေးပွဲကိုများလက်ခံရင် သူတို့ရဲ့ လူမျိုးစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းဆိုသူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ အသင်းတွေနဲ့ “စစ်ပွဲတွေရပ်” လို့ ဆန္ဒထုတ်ဖော်ကြမယ်။ Media Campaign/PR Campaign တွေလုပ်မယ်၊ “ငြိမ်းချမ်းရေး” ကို ရှေ့တင်လာပြီး တပ်မတော်ရဲ့ ထိုးစစ်အဟုန်ကို လူထုအားနဲ့ တားဖို့ ကြိုးစားကြပါလိမ့်မယ်။

ဒီတော့ NLD လို ဒီမိုကရက် အရေခြုံတွေနဲ့ သူပုန်တွေသာ အခြေအနေမလှရင် လူထုထောက်ခံမှုပြဖို့ လိုအပ်တာပါ။ တပ်မတော်က မလိုဘူး။ လက်ရှိအစိုးရကလည်း မလိုဘူး။ စစ်နဲ့ သူပုန်အကြောင်း ကောင်းကောင်းသိသွားတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ဘယ်သူမှ (၆၈၀၀) ပေးပြီး Comment ရေးခိုင်းစရာကိုမလိုပါဘူး။ မနေနိုင်တဲ့လူတွေက ဝင်ကို ရေးကြပါလိမ့်မယ်။

ဒါတောင် ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်ဘက်က သူပုန်တွေကြုံနေရတဲ့ ဖိအားတွေ၊ ကချင်သူပုန်ရဲ့ ဘေးကြပ်နံကြပ်အနေအထားတွေ စသည်ဖြင့် ထည့်မပြောထားသေးပါဘူး။

မြင်သာတာကတော့ ရန်သူဟာ Scapegoating လုပ်နေပြီ။ အချင်းချင်း လုပ်ကြံဇာတ်လမ်းဖန်တီးပြီး အာရုံလွှဲဖို့ကြိုးစားနေကြပြီ။ သူတို့ကြားကယုံကြည်မှုဟာ အောက်ဆုံးထိ ထိုးကျနေပြီ။

ဒီလိုအချိန်ဟာ ထိုးစစ်ဖြစ်စေ၊ နိုင်ငံရေးအရွေ့တစ်ခုဖြစ်စေ လုပ်လို့အကောင်းဆုံးအချိန်ပါပဲ။ ဘယ်တစ်ခုလုပ်လုပ် ကျွန်တော်တို့ဘက်က အသာရပါလိမ့်မယ်။ သူတို့အခက်အခဲကို မြင်အောင်ကြည့်ပြီး ကိုယ့်ဘက်က ဖိထိုးဖို့လိုပါတယ်။ အရေးကြီးတာက ရန်သူဟာ Blunder Moves တွေ တန်းစီလုပ်လာတော့မှာမို့ ကျွန်တော်တို့က သူတို့တောင်းဆိုသမျှတွေ သူတို့ရဲ့စည်းချက်တွေကို လျစ်လျူရှုပြီး “ကိုယ့်ဆိုင်းချက်” စ တီးဖို့ လိုအပ်နေတာပါ။ ကျွန်တော်တို့ရဲ့ ဆိုင်းချက်နောက် ရန်သူက လိုက်ပါလိမ့်မယ်။

ပိုပြီး ပြည့်စုံအောင်ပြောရရင်တော့…

ဒီလောက် တိုင်းပြည်အပေါ် စေတနာမွဲပြီး ဉာဏ်နည်းတဲ့အုပ်စုနဲ့ ကျွန်တော်တို့တွေ အရွေ့တစ်ခုမှာ ယှဉ်ပြိုင်ခဲ့ကြဖူးတယ်ဆိုတာကို… တကယ် မယုံနိုင်ပါဘူး။

သန့်နေစိုး (17. Aug. 2025)