သံခင်းတမန်ခင်းမှာ လက်သွက်လာတဲ့ နစကဟာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တဖြည်းဖြည်းချင်း လက်ရည်တက်လာတာကို တွေ့နေရပါတယ်။
ပြည်ပြေးတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဆို သူပြောနေတဲ့ Federalism နဲ့ Game Theory ဗီဒီယိုလေးကို ကျွန်တော် အမှတ်မထင်ကြည့်လိုက်မိတယ်။ အတော်ဝမ်းနည်းသွားပါတယ်။ ဒီလိုလူတွေအတွက်နဲ့များ လူငယ်တွေ ထောင်ပေါင်းများစွာ အသက်ပေးခဲ့ရသလား။ တကယ်ကို နိုင်ငံသားချင်းစာနာစွာဖြင့် အကြံပေးပါရစေ… အာဏာယူဖို့မပြောနဲ့ ပါးစပ်နဲ့ရွတ်ပြရတဲ့သီအိုရီ တောင် မကျေညက်တဲ့လူတွေအတွက် အသေမခံကြပါနဲ့တော့။ ဒီတော်လှန်ရေးက ပြီးသွားပါပြီ။
နိုင်ငံတော်မှာဖြစ်နေတဲ့ စစ်ပွဲတွေ ဆိုတာ ကလည်းဒီလူတွေရဲ့ သွေးထိုးလှုံ့ ဆော်မှုကြောင့် တောခိုသွားကြတဲ့ လူငယ်တွေ၊ အဲဒီလူသားရင်းမြစ်ကို အမြတ်ထုတ်လိုတဲ့ EAO တွေနဲ့ သူ့ နောက်က ပါဝါနိုင်ငံကြီးရဲ့ ယုတ်မာကောက်ကျစ်မှုတွေ အားလုံးစုံပြီး ဖြစ်သွားရတာဖြစ်တယ်။ အဓိကက “လူအင်အား” ဖန်တီးပေးတဲ့ ပြည်ပြေးတွေမှာ အဓိကတာဝန်ရှိပါတယ်။ သူတို့ဟာ တပ်မတော်ကို တဆုံး ချေမှုန်းသွားတော့မလို “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ”လို့ကြွေးကြော်ခဲ့ပေမဲ့ တကယ်တမ်း သူတို့ဟာ PDF ကို တပ်မတော်အတွက် ဖိအားတစ်ခုဖြစ်ရုံ၊ စစ်ရာဇဝတ်မှုအတွက် ထောင်ချောက်၊ လူထုနဲ့ စစ်တပ်ကြား အမုန်းတရား ရိုက်သွင်းပေးရုံလောက်သာ မျှော်မှန်းထားခဲ့ကြတာပါ။ ဒါကြောင့်လည်း တိကျတဲ့ဖွဲ့စည်းပုံနဲ့ တိကျတဲ့ ထောက်ပံ့အုပ်ချုပ်မှုစနစ် မရှိဘူး။ တာဝန်လည်းမခံဘူး။ စစ်သုံ့ပန်းတွေအပေါ် ကျူးလွန်ခဲ့တဲ့ပြစ်မှုဗီဒီယိုတွေသာ စုစည်း တင်ပြလိုက်ရင် ပြည်ပြေးတွေတောင် PDF ကို အကြောင်းပြုလို့ ခုံရုံးတင်ခံရနိုင်တယ်။ အာဏာ ယူပေးရင်သာ သူရဲကောင်းဖြစ်မှာပါ။ ရှုံးရင်ထိုးကျွေးခံရမယ့် ခါးပိုက်ဆောင်တပ်ဟာ PDF ပဲ။
လက်ရှိဖြစ်နေတဲ့ စစ်ပွဲတွေရဲ့ အုပ်ချုပ်ထောက်ပံ့မှုက တခြားနေရာက လာတာပါ။ သို့သော် ရေဘဝဲခေါင်းအနေနဲ့ ၎င်းဟာ ရေဘဝဲခေါင်းအဖြစ် လူသိမခံနိုင်ဘူး။ လူသိခံလိုက်တာနဲ့ လက်ရှိ ယိုးဒယားနဲ့ ကမ္ဘောဒီးယားစစ်လို “လူမျိုးရေး” ထိ ဆွဲယူခံရလိမ့်မယ်။
နှစ်နိုင်ငံစစ်ဖြစ်လာရင် လူမျိုးမာန်တွေ ရှေ့ထုတ်လာကြပြီ။ ဂုဏ်သိက္ခာအရ ဘယ်သူ ကမှ စစ်ရပ်စဲဖို့ စ ဒူးမထောက်ဘူး။ မဖြစ်မနေ စစ်ပြေငြိမ်းလိုက်ရရင်လည်း ပြည်သူတွေကြားမှာ လိပ်ခဲတည်းလည်း အနေအထားနဲ့ ကျန်ခဲ့တတ်တယ်။ (ဥပမာ အိန္ဒိယ – ပါကစ္စတန်စစ်လိုမျိုး) ဒီတော့ ကြားဝင်စေ့စပ်သူမရှိရင် တိုက်ကြမှာပဲ၊ ဒါထက် တကယ်များ ဒီလိုဖြစ်လာရင် ရေဘဝဲ ခေါင်းကြီးဟာ အင်အားနည်းပါးတဲ့ အိမ်နီးချင်းနိုင်ငံငယ်လေးကို အနိုင်ကျင့်သူအဖြစ် ဂုဏ်သိက္ခာမှန်သမျှ ကျဆင်းရတော့မှာပါ။ စစ်ရေးသက်သက်နဲ့မပြီးတဲ့ အနေအထားတစ်ခုမှာ ရေဘဝဲခေါင်းကြီးလည်း မြန်မာအစိုးရရဲ့ “သံတမန်ရေးနည်း” နဲ့ လှမ်း Checkmate တာ ခံရတော့တာပါပဲ။
ကျွန်တော် မြင်ရသလောက်ကတော့ အမေရိကန်သမ္မတဆီပို့တဲ့ နစကရဲ့ စာလွှာက သံတမန်ရေးမှာ လုံးဝ GM. အဆင့်ရောက်နေ ပြီလို့ဆိုရမှာပါ။ Hard-Power မှာသာ Modern Warfare ကို လိုက်မမီတာရှိမယ်၊ သံရေးတမန်ရေးမှာတော့ တကယ့် GM အဆင့်ပဲ။ အာဆီယံ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူရစဉ်ကလည်း မြန်မာဟာ တောင်တရုတ်ပင်လယ်·ဒေသတွင်း တင်းမာမှုတွေကို အောင်မြင်စွာ ညှိနှိုင်းပေးဖူးတဲ့ သမိုင်းကြောင်းရှိတယ်။ လက်ရှိမှာ မြန်မာကို မဖြစ်မနေ ပယ်ထားကြတဲ့တိုင် မြန်မာဟာ အာဆီယံဒေသတွင်းမှာ စွမ်းဆောင်ရည်မနိမ့်ပါဘူး။
´လက်ရှိမှာ ယခင်က ပြည်ပြေးတွေကို နေရာပေးဆက်ဆံပြီး မြန်မာနိုင်ငံအပေါ် လူပါးဝခဲ့ဖူးတဲ့ အရှေ့တီမောကလည်း အချိုးပြောင်းလာတယ်။ မည်သို့ပင်ဆိုစေကာမူ အာဆီယံထဲ ဝင်ခွင့်ရချင်လို့ အချို့သပ်တာသာဖြစ်ပြီး အာဆီယံထဲရောက်တာနဲ့ မလေးရှား၊ စင်ကာပူနည်းတူ မြန်မာကို ဖိအားပေးမှာပါ။ အခွင့်အရေးရတာနဲ့ ကျောင်းတော်က ရန်စပါပေါင်းပြီး ပိုဖိလာဖို့သာ ရှိပါတယ်။ ယခင် အမေရိကန်လူ၊ တရုတ်လူကွဲပြီး အစေးမကပ်တဲ့ အာဆီယံဟာ ပွဲစားအလုပ်ကို စိုပြီး ပီပီပြင်ပြင်လုပ်လာပါလိမ့်မယ်။ ကျွန် တော်တို့ အစိုးရတွေ အခုထက်ပိုပြီး မာကျောဖို့ လိုပါတယ်။
တိုင်းပြည်ကို ဦးဆောင်မယ့် အစိုးရအဖွဲ့နဲ့ နိုင်ငံရေးသမားတွေထဲမှာ (ယခင် ဒေါ်စုကြည်လိုမျိုး) လူထုကြားက အကွဲအပြဲကို အမြတ်ထုတ်လုပ်စားမယ့်လူတွေ ပါမလာဖို့လိုတယ်။ Proxy တွေ သုံးလို့ရလောက်မယ့် လက်နက်ကိုင်တွေကိုလည်း ကျွန်တော်တို့ ဘယ်နည်းနဲ့မဆို လျှော့ချ ပစ်ဖို့လိုတယ်။
မည်သို့ပင်ဆိုစေကာမူ
Federalism တောင် ရှင်းရှင်းလင်းလင်း မပြောပြတတ်သူတွေက လက်နက်ကိုယ်စီနဲ့ စစ်ဘုရင်စိတ်ပေါက်နေတဲ့. တိုင်းရင်းသားသူပုန်တွေကို “ဖက်ဒရယ်နိုင်ငံသစ်တစ်ခု” မပေးနိုင်ပါဘူး။
ရောင်တော်ပြန်ပြီး သူပုန်သိမ်းနယ်တွေကို သူတို့သိမ်းပိုက်သလို အသံလွှင့်ကြပေမယ့် ထိုနယ်တွေမှာ “ဒီမိုကရက်တစ် ရွေးကောက်ပွဲ” ကျင်းပပေးနိုင်လောက်တဲ့အရည်အချင်းမရှိသလို သူပုန်ကလည်း သူတို့ကို “အစိုးရအဖြစ်” အသိအမှတ်ပြုမနေပါဘူး။ သူတို့ကို လူရာသွင်းခဲ့တဲ့ အရှေ့တီမော အစိုးရတောင် နစကကို ခြေသလုံး ပြေးဖက်ရတဲ့ အနေအထား ရောက်နေတာပါ။
စစ်ရေးတွေ မငြိမ်သက်မှုတွေရှိနေပေမယ့် Main Sponsor ကြီးကို လှမ်း Checkmate ထားရင် အားလုံးက ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေပါလိမ့်မယ်။ ရေရှည်မှာ အကြမ်းဖက်တွေအတွက် လူသူ လက်နက်ရိက္ခာ လိုအပ်ချက်ကြီး လာတော့မှာပါ။ စစ်တုရင်စကားနဲ့ ပြောရရင် တောင်ခမ်းဟာ Promote လုပ်ခံလိုက်ရတဲ့ Pawn ပဲ။ သူဟာ ဘုရင်မလို အာဏာစက်-ဖြန့်ကျက်ပါလိမ့်မယ်။ တကယ့်စစ်ရေးဖိအားက အခုထိ မလာသေးပါဘူး။
ကျွန်တော်တို့နိုင်ငံတော်ရဲ့ မျိုးဆက်သစ် တွေကိုရော့ ယဉ်ကျေးမှု့ ဓလေ့ထုံးတမ်းတွေ ကိုသာ မက အကျင့်စာရိတ္တတွေကိုပါ ဖျက်ဆီးခဲ့ တဲ့ ပြည်ပြေးတို့ရဲ့ တော်လှန်ရေးကတော့ ရွေး ကောက်ပွဲနဲ့အတူ အဆုံးသတ်ပါလိမ့်မယ်။
နိုင်ငံရေးရေချိန် နိမ့်ပါးသူတို့ရဲ့ False Hope အပေါ် ယုံကြည်မှုလွန်ကဲခြင်းကြောင့် သာမဟုတ်ရင် ဒီတော်လှန်ရေးသမားတွေဟာ ဘယ်တုန်းကမှ အစိုးရရဲ့ပြိုင်ဖက်မဟုတ်ခဲ့ပါဘူး။ ဝိတ်တန်း ကိုမတူတာပါ။ ရှုံးနေတာကြာပြီ။ ဝန်မခံလို့ လူ မသိတာ။
အရာအားလုံး ပြီးသွားရင်တော့ ငြိမ်းချမ်းတဲ့ ပြည်တော်သစ်မှာ ကော်ဖီပူပူသောက်ရင်း Noob တွေနဲ့ စစ်တုရင်တစ်ပွဲအကြောင်း ကျွန်တော်တို့ ပြန်ပြောဖြစ်ကြမယ်ထင်ရဲ့ ။
သန့်နေစိုး
