အောင်နိုင်သူ(ဇွဲကပင်)

ကျွန်တော်တို့ငယ်ငယ်က ဖက်ဒရယ်ကို ခွဲထွက်ခွင့်ဆိုတဲ့အသိနဲ့ ကြီးပြင်းလာခဲ့ရတယ်။ ကျွန်တော် တို့လို အသက် ၄၀ ဝန်းကျင်းလောက်တော့ မဆိုနဲ့ဦး။ ဒီအချိန် အသက် ၆၀ ဝန်းကျင် အရွယ်တွေလည်း သူတို့ငယ်ငယ်က ဖက်ဒရယ်ဟာ ခွဲထွက်ခွင့်ဆိုတဲ့အသိနဲ့ ဖြတ်သန်းရတဲ့အကြောင်း ရေးကြတာ ဖတ်ဖူးသလို ပြောတဲ့သူတွေကိုလည်း တွေ့ဖူးပါတယ်။ အဝေးသင်တက္ကသိုလ်တတ်တဲ့အထိ ဖက်ဒရယ်ဟာ ခွဲထွက်ခွင့်ပဲ ထင်ခဲ့သေးတယ်။ နောက်မှ စာအုပ်တွေ လိုက်ဖတ်ရင်း ဖက်ဒရယ်ဟာ ခွဲထွက်ခွင့် မဟုတ်ဘူးဆိုတာ သိလာရတယ်။

ဖက်ဒရယ်လို့ပြောရင် အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေးနဲ့ အခွန်ဘဏ္ဍာခွဲဝေရေးကိစ္စရပ်တွေကို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြား ခွဲဝေသုံးစွဲတဲ့ နိုင်ငံရေးစနစ်တစ်ခုလို့ လေ့လာရင်း နားလည်လာခဲ့တယ်။ ဒီလိုအာဏာခွဲဝေမှုနဲ့ သယံဇာတခွဲဝေသုံးစွဲမှုတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ခွဲဝေကြရတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရတွေဟာ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာပြီး ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြား အာဏာခွဲဝေကျင့်သုံးကြရပါတယ်။

ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရအအကြား အာဏာခွဲဝေမှု၊ သံဃံဇာတခွဲဝေမှုနဲ့ အခွန်ဘဏ္ဍာခွဲဝေမှုတွေကို ပြဌာန်းတဲ့နေရာမှာ အဲ့နေရာမှာ တန်းတူညီမျှမှုရှိဖို့၊ တရားမျှတမှုရှိဖို့နဲ့ လွတ်လပ်မှုရှိဖို့ဆိုတဲ့ အခြေခံမူတွေအပေါ်မှာ အုတ်မြစ်တည်ပြီး ပြဋ္ဌာန်းကြရပါတယ်။

နိုင်ငံတွေဟာ ပြည်တွင်းက နိုင်ငံရေးပဋိပက္ခတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ လူမျိုးစုပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဖက်ဒရယ်စနစ်ကို ကျင့်သုံးဖို့ ကြိုးစားကြတယ်ဆိုတဲ့ အသိကိုလည်း လေ့လာဖတ်ရှုခွင့်ရခဲ့တယ်။

ဖက်ဒရယ်စနစ်ရဲ့ ဝိသေသလက္ခဏာတွေဖြစ်တဲ့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရထားရှိမှုနဲ့ အစိုးရ နှစ်ရပ်ရဲ့ လုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ တိတိကျကျ ပြဌာန်းထား မှုတွေက တရားမျှတမှုကို ထင်ဟပ်စေတာမို့ ဖက်ဒရယ်ဟာ လူမျိုးနွယ်စု များပြားတဲ့ နိုင်ငံတွေနဲ့ ကျယ်ဝန်းတဲ့နိုင်ငံတွေအတွက်တော့ အသုံးပြုသင့်တဲ့ နိုင်ငံရေးစနစ်ဖြစ်တာကို လေ့လာရင်း သိလိုက်ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းအတွက်တော့ ဖယ်ဒရယ်ဟာ ဦးသိန်းစိန်ခေတ်မတိုင်မီအထိတော့ အသံတောင် ထွက်ခွင့်မရခဲ့ကြပါဘူး။ ဒါနဲ့ ကျွန်တော်တို့ဒီလို ဘာကြောင့်ဖြစ်ရသလဲဆိုပြီး ရှာဖွေလေ့လာ ဆန်းစစ်ကြည့်မိပါတယ်။

ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာတွေပီပီ အကြောင်းအကျိုးကို သိဖို့လိုတာကိုး။ ဒါမှသာ ဖက်ဒရယ်ကို ခွဲထွက်ခွင့်လို့ သိခဲ့ရတဲ့ အသိကို ရှာနိုင် ပြင်နိုင်မှာမို့လို့ပါ။ ဒီမှာတင် ကျွန်တော်အချက် နှစ်ချက်ကို လေ့လာတွေ့ ရှိမိပါတယ်။

ပထမအချက်က ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ခွဲထွက်ဒေဝေါကြီးက စခဲ့တာ တွေ့ရတယ်။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၀) ပုဒ်မ ၂၀၁ ၊ ၂၀၂၊ ၂၀၃ (၁) (၂) ၊၂၀၄ ၊ ၂၀၅ ၊ ၂၀၆ တို့မှာ ခွဲထွက်နိုင်သော အခွင့်အရေးဆိုပြီး ထည့်သွင်းပြဌာန်းပေးထားတယ်။ ဒါပေမယ့် ဒီအခန်း မထည့်ရင် ပြဿနာရှာမယ့် တိုင်းရင်းသားခေါင်းဆောင်အချို့ကြောင့် ထည့်ထားရတယ်ဆိုပေမယ့် အလွယ်တကူ ခွဲထွက်ခွင့် ပေးထားတာမျိုး မတွေ့ရဘူး။

ဥပဒေပုဒ်မ ၂၀၂ မှာ ဤဥပဒေ အာဏာတည်သည့်နေ့မှ ၁၀ နှစ်အတွင်း ခွဲထွက်နိုင်သော အခွင့်အရေး အသုံးမပြုရ၊ ပုဒ်မ ၂၀၃ (၁) မှာဆိုရင်လည်း ပြည်နယ်ကောင်စီရှိ အမတ်စုစုပေါင်း သုံးပုံ နှစ်ပုံအောက် မလျော့သောအမတ်များက ထောက်ခံခြင်းမပြုလျှင် အတည်ပြုသည်ဟု မမှတ်ယူရ၊ ပုဒ်မ ၂၀၃ (၂) ဆိုရင်လည်း သက်ဆိုင်ရာ ပြည်နယ်၏ဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီ၏ ဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ အကြောင်းကြားရမည်။ ထို့ပြင် အတည်ပြုလိုက်သော ပြည်နယ်ကောင်စီ၏ သဘာပတိက ဟုတ်မှန်ကြောင်း လက်မှတ်ရေးထိုးသော ဆုံးဖြတ်ချက်မိတ္တူ တစ်စောင်ကို နိုင်ငံတော်သမ္မတထံသို့ ပြည်နယ်ဥက္ကဋ္ဌက တင်ပြရမည်။

ပုဒ်မ ၂၀၄ မှာ ဆိုရင်လည်း သက်ဆိုင်ရာပြည်နယ်တွေရှိ လူထုဆန္ဒကို ခံယူရမည်ဆိုတာမျိုးကို ထည့်သွင်းရေး ဆွဲထားတာတို့ကိုကြည့်ရင် ခွဲထွက်ခွင့်မပေးချင်လို့ပဲ ခက်ခက်ခဲခဲနဲ့ ကန့် သတ်ထားတာ တွေ့ရတယ်။ ဒါပေမယ့် ပြည်ထောင်စုအပေါ် သစ္စာမရှိ၊ စေတနာမမှန်တဲ့သူများဟာ အလွယ်တကူပဲ ခွဲထွက်ခွင့်ပေးထားသလိုနဲ့ အခွင့်အရေးကို ကျားချောင်းချောင်းခဲ့ကြတယ်။

နောက်တစ်ချက်ကတော့ ကျားချောင်းချောင်းသူတွေဟာ လွတ်လပ်ရေးရပြီး ၁၀ နှစ်ကျော် ၁၉၆၁ ခုနှစ် တောင်ကြီး ညီလာခံမှာ ပြန်အသက်သွင်းလာလို့ ဖြစ်ရတဲ့ ပြဿနာ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှာ ရှမ်းပြည်နယ် ပြည်လုံးကျွတ်ညီလာခံကြီးကို ကျင်းပပြီးနောက်၊ ၁၉၆၁ခုနှစ် ဇွန်လ (၈) ရက်မှ (၁၆) ရက်အထိ ကျင်းပခဲ့တဲ့ “ပြည်နယ်ပေါင်းစုံညီလာခံကြီး’’ ကို “တောင်ကြီးညီလာခံ” လို့ ခေါ်ခဲ့ကြတယ်။ ဒီညီလာခံမှာ ဆုံးဖြတ်ချက် ငါးချက်ချမှတ်ပြီး တောင်းဆိုခဲ့ကြတာက ရှမ်းမူ၊ ရှစ်ပြည်နယ်မူလို့ လူသိများတဲ့ ဗမာတစ်ပြည်နယ်ဖွဲ့စည်းရန်၊ (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းဆိုတဲ့ လူမျိုးနွယ်စုကို အခြေခံထားတဲ့မူ)၊ လူမျိုးစုလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့ကို အာဏာတူပေးရန်၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တိုင်းက လူမျိုးစုလွှတ်တော်သို့ တူညီသော လွှတ်တော်အမတ်ဦးရေ စေလွှတ်ရန်၊ ပြည်ထောင်စုမှာ ထားရှိရမယ့် (နိုင်ငံခြားရေး၊ ပြည်ထောင်စုကာကွယ်ရေးတပ်ဖွဲ့၊ ပြည်ထောင်စု ဆိုင်ရာဘဏ္ဍာငွေများ၊ ငွေဒင်္ဂါးနှင့် ငွေကြေးထုတ်လုပ်ရေး၊ စာတိုက်နှင့် ကြေးနန်းဆိုင်ရာကိစ္စရပ်များ၊ ရထား၊ လေကြောင်းနှင့် ရေကြောင်းဆိုင်ရာကိစ္စများ၊ ပြည်ထောင်စုတရားစီရင်ရေးစနစ်၊ ပင်လယ်ရေကြောင်းဆိုင်ရာ၊ အခွန်စီးကြပ်ခြင်းအာဏာများမှအပ ကျန်အာဏာများကို ပြည်နယ်အစိုးရသို့ပေးရန်၊ ပြည်ထောင်စုရဲ့ ဘဏ္ဍာရင်းမြစ်များကို အဖွဲ့ဝင်ပြည်နယ်များသို့ တရားမျှတစွာဖြင့် အညီအမျှ ခွဲဝေပေးရန်ဆိုပြီး ဆုံးဖြတ်ချက်ချ တောင်းဆိုခဲ့ကြတယ်။

ဒီတောင်းဆိုချက်တွေကိုကြည့်ရင် တရားမျှတမှုလို့ ဘယ်လိုပဲပြောနေပါစေ၊ အဲဒီခေတ်က တိုင်းပြည်လူဦးရေ (၇၅ ရာခိုင်နှုန်း) ရှိတဲ့ ဗမာလူမျိုးဟာ တိုင်းပြည်လူဦးရေ ၂ ရာခိုင်နှုန်း ၊ ၅ ရာခိုင်နှုန်းလောက်ရှိတဲ့ လူမျိုးတွေနဲ့အတူ တစ်ပြည်နယ်ပဲ ရမယ်ဆိုပြီး တောင်းဆိုထားတာ တွေ့ရသလို ပြည်နယ်တိုင်းဟာ လူမျိုးစုလွှတ်တော်သို့ တူညီတဲ့ လွှတ်တော်အမတ်စေလွှတ်ရန် ဆိုတဲ့ တောင်းဆိုချက်တွေဟာ ဘယ်လိုမှ တရားမျှတမှု ဖြစ်မနေဘူး။ တရားမျှတမှုဆိုတာ လူမျိုးနွယ်စုကို အခြေခံပြီး တောင်းဆိုလို့မရဘူး။ လူတစ်ဦးချင်းစီရဲ့ တရားမျှတမှုကိုသာ တန်းတူညီမျှရအောင် လုပ်ပေးလို့ရနိုင်မှာ ဖြစ်ပါတယ်။ လူနည်းစုက လူများစုကို လွှမ်းမိုး ချုပ်ကိုင်ဖို့ လုပ်ဆောင်လာတာမျိုးကိုတော့ ဘယ်သူမှလက်ခံမှာ မဟုတ်ပါဘူး။

ဥပမာ ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ်ဆိုရာမှာ ကရင် (၁၀) ယောက် တစ်ကျပ်၊ ဗမာ (၁၀၀) ယောက် တစ်ကျပ်မဟုတ်ဘဲ ကရင်တစ်ယောက် တစ်ကျပ်၊ ဗမာတစ်ယောက် တစ်ကျပ်ဖြစ်မှသာ တန်းတူညီမျှ တရားမျှတမှုရှိပါလိမ့်မယ်။

အမှန်စင်စစ် တောင်ကြီးညီလာခံရဲ့ ဆုံးဖြတ်ချက်၊ တောင်းဆိုချက်တွေဟာ ဗဟိုအစိုးရ အာဏာလျှော့ချရေး၊ ဗမာလူများစု အားနည်းသွားရေး၊ လူနည်းစုအားကောင်းလာရေးတို့ ပါဝင်နေ သလို ပြည်နယ်အစိုးရတွေ အားကောင်းလာစေပြီး ဗဟိုအစိုးရအာဏာသက်ရောက်မှု ယုတ်လျော့လာပြီး နောက်ဆုံးခွဲထွက်ခွင့်ကို ဦးတည်သွားနိုင်တဲ့အထိ အန္တရာယ်ကြီးခဲ့တာကို တွေ့ရမှာ ဖြစ်တယ်။

ဒီတောင်းဆိုချက်တွေက ဖက်ဒရယ်လို့ ခေါင်းစဉ်တပ်ထားပေမယ့် ပြည်နယ်က ဗဟိုနဲ့ အာဏာပြိုင် တည်ဆောက်ကာ ကွန်ဖက်ဒရိတ်ပုံစံလည်း သက်ရောက်နေပါတယ်။ ဒီကြားထဲ ထိုအချိန်က ထောက်လှမ်းရေးအစီရင်ခံစာတွေမှာ တိုင်းရင်းသားခေါင်းဆောင်အချို့ဟာ ပြည်ပနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး ပြည်ထောင်စုကနေ ခွဲထွက်ဖို့ ကြံစည်ခဲ့ကြတယ်လို့ လျှို့ဝှက်တင်ပြလာကြတယ်လို့ ဆိုပါတယ်။

အကျိုးဆက်ကတော့ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်မှာ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီအစိုးရ တတ်လာပါတော့တယ်။ အဲဒီကစလို့ ဖက်ဒရယ်ဆိုတဲ့ အသံတိတ် ခဲ့ရတယ်။ ဖက်ဒရယ်ခေါင်းစဉ်တပ်ပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ခွဲထွက်ခွင့်ကို အခြေခံကာ တောင်ကြီးညီလာခံ ထပ်မံအကောင်ထည်ဖော်ဖို့ လုပ်လာခဲ့ကြတဲ့ သူတွေကို ဗိုလ်ချ ကြီးနေဝင်းလည်း နာကျည်းသွားပုံရပါတယ်။ ဖက်ဒရယ်ဆိုရင် ခွဲထွက်ခွင့်ဖြစ်တယ်ဆိုတဲ့အသိကိုပါ ရိုက်သွင်းခံခဲ့ရတာ ဦးသိန်းစိန်ခေတ်မှပဲ ပြန်လည်ခေါင်းထောင်ခွင့်ရတော့တယ်။

ချုပ်ပြောရရင်တော့ လူမျိုးစုကို အခြေခံတဲ့ မဆင်မခြင်တောင်းဆိုမှုတွေဟာ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အခွင့်အရေးမဖြစ်လို့ တရားမျှတမှု မဖြစ်ခဲ့ဘူး။ ဖက်ဒရယ်အကြောင်းပြပြီး ပြည်ထောင်စု အားနည်းသွားအောင်နဲ့ အခြေအနေပေးရင် ခွဲထွက်မယ်ဆိုတဲ့ ကြံစည်တောင်းဆိုမှုတွေကို သမိုင်းသင်ခန်းစာအဖြစ် ယူစေချင်ပါတယ်။ နှစ်ကာလရှည်ကြာစွာ ဖက်ဒရယ်ဒေဝါကြီးအဖြစ်နဲ့ ခြိမ်းခြောက်ခံခဲ့ရတာက ဦးနေဝင်း အပြစ်ဆိုတာထက် ပြည်ထောင်စုအပေါ် စေတနာမမှန်တဲ့ သူတွေရဲ့အပြစ်က ပိုများပါတယ်။

ဒီနေ့ကာလမှာ နိုင်ငံတော်အစိုးရက စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ကို တည်ဆောက်မယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။ ဒီလိုကြေညာထားပါလျက်နဲ့ အချို့သော EAOs ခေါင်းဆောင်တွေဟာ ကွန်ဖက်ဒရိတ် လိုချင်တယ်ဆိုပြီး တောင်းဆိုမှုမှုတွေ ရှိလာနေပြီ ဖြစ်ပါတယ်။ ဒါဟာ အလွန်အန္တရာယ်ကြီးတဲ့ တောင်းဆိုမှုမျိုးဖြစ်လို့ ဖက်ဒရယ်ဒေဝေါကြီးကို သင်ခန်းစာယူပြီး ပြည်ထောင်စုအပေါ် သစ္စာရှိရှိ စေတနာမှန်မှန်နဲ့ ပြင်ဆင်ဆောင်ရွက်သွားကြပါလို့ အကြံပြုတိုက်တွန်းချင်ပါတယ်။