အောင်နိုင်သူ(ဇွဲကပင်)

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်မယ်လို့ နိုင်ငံတော်အစိုးရက ကမ္ဘာ့သိကြေညာခဲ့ပြီးဖြစ်ပါတယ်။ ကျင်းပပြုလုပ်တော့မယ့် ရွေးကောက်ပွဲမှာ “မတူကွဲပြားတဲ့ ကိုယ်စားပြုမူတွေရှိပြီး ပါတီတွေ၊ တိုင်းရင်းသားလူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့အတွက် ယခုနှစ်အကုန်ပိုင်းမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ လက်ရှိကျင့်သုံးနေတဲ့ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) အပြင် အချိုးကျကိုယ်စားပြုစနစ် (PR) စနစ်ကိုလည်း ပေါင်းစပ်ကျင့်သုံးသွားမယ်လို့ ကျွန်တော်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် ပြည်သူတွေလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်မနေအကောင်အထည်ဖော်ပေးမှာဖြစ်ပါတယ်။ စတင်တာဝန်ယူကတည်းက ရှေ့လုပ်ငန်းစဉ် အမှတ်စဉ် (၅) မှာလည်း ထည့်သွင်းချမှတ်ထားပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အစိုးရက မူလရည်မှန်းထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်” လို့ ဇွန်လ (၂၅) ရက်နေ့က ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး NUG ပြောခွင့်ဆိုခွင့်ရှိသူ နေဘုန်းလတ်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ကြမယ့် ပါတီ ၁၀ ရာခိုင်နှုန်းလောက်ပဲ မဲမရတဲ့ပါတီတွေဖြစ်ကြောင်း ရွေးကောက်ပွဲဟာ အတုယောင်ဖြစ်ကြောင်း၊ ပြည်သူထောက်ခံတဲ့ ရွေးကောက်ပွဲမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်လာရင် NUG က ကန့်ကွက်ခဲ့တာ အခုမှမဟုတ်ဘူး။ အစဉ်အဆက်ကို ကန့်လန့်တိုက် ကန့်ကွက်ခဲ့ကြတာချည်းပါပဲ။ ရွေးကောက်ပွဲလုပ်ဖြစ်ရင်၊ ရွေးကောက်ပွဲပြီးလို့ အရပ်သားအစိုးရတက်လာရင် နိုင်ငံတကာက ရွေးကောက်ခံအစိုးရအား မဖြစ်မနေ အသိမှတ်ပြုသွားမှာကို NUG က မလိုလားဘူး။ အလှူခံစားမရဖြစ်ပြီး လုပ်စားခွင် ပျောက်ကုန်လိမ့် မယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲဖြစ်လာမှာကို ကြောက်နေရခြင်းဖြစ်သလို ကန့်ကွက်နေရခြင်းလည်း ဖြစ်တယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြုလုပ်တော့မယ့် ရွေးကောက်ပွဲကို NUG က ပြင်းပြင်းထန်ထန်ကန့်ကွက်နေပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကန့်ကွက်တာတော့ မကြားမိသလို ရွေးကောက်ပွဲကို ပျက်အောင်ဖျက်မယ်ဆိုတဲ့ ပြောသံဆိုသံမျိုးလည်း မကြားမိပါဘူး။

ကျွန်တော့်အမြင်ပြောရရင်တော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူတွေက ကျိတ်ပြီးမျှော်နေကြပါလိမ့်မယ်။ ကျိတ်မျှော်ရတဲ့အကြောင်းလည်း ရှိပါတယ်။ လက်ရှိကာလအထိတော့ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူတော်တော်များများက စစ်ရေးရည်မှန်းချက်ပြည့်မီသလောက် ဖြစ်သွားကြပြီလို့ ယူဆထားပုံရပါတယ်။ လက်တလော သူတို့ရဲ့ရည်မှန်းချက်ကတော့ ခေတ္တထိန်းထားနိုင်တဲ့ နယ်မြေတွေ မစွန်လွှတ်ရရေးအတွက် အစွမ်းကုန်ကာကွယ်ဖို့ လုပ်နေတာ တွေ့ရတယ်။ ဒါကလည်း နိုင်ငံတော်အစိုးရက ပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်မီအထိ ထိန်းထားနိုင်ရင်ရပြီလို့ ယူဆ ထားပုံလည်း ရပါတယ်။

ရွေးကောက်ပွဲပြီးလို့ Mandate ရှိတဲ့ အစိုးရတက်လာတဲ့အခါ ဒီနေ့သူတို့ရယူထားတဲ့ နယ်မြေတွေကို ရတဲ့အပေါက်ကနေ တိုးဝင်ပြီး နိုင်ငံရေးအရ Legitimacy ပေးဖို့ တောင်းဆိုကြပါ လိမ့်မယ်။ ဒါဟာသူတို့ရဲ့ နောက်ဆုံးအန္တိမရန်မှန်းချက် ဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်လာရင် ဝင်ပြိုင်ကြမယ့်ပါတီတွေ လွှတ်တော်ကိုယ်စားလှယ်တွေကို သေသေချာချာ စိစစ်ပြီးမှ ဝင်ပြိုင်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ တော်ကြာ လွှတ်တော်ထဲရောက်မှ သူပုန်ကို နယ်မြေတောင်းပေးတဲ့ ပါတီတွေ၊ ကိုယ်စားလှယ်တွေပါနေရင် တပ်မတော်ရော၊ နောင်တက်လာမယ့် အစိုးရပါ အခက်တွေ့စေလိမ့်မယ်။ လက်ရှိအချိန်ထိတော့ ပါတီပေါင်း ၅၄ ပါတီဝင်ပြိုင်မယ်သိရလို့ ပါတီတွေကိုရော ကိုယ်စားလှယ်တွေ နိုင်ငံတော်နဲ့ တပ်မတော်အပေါ် သစ္စာရှိပြီး နာလည်မှုရှိတဲ့ ပါတီတွေ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

အပြုသဘောဆောင် ပြုလုပ်တဲ့ ငြိမ်ချမ်းရေးဖိုရမ်လို နေရာမျိုးမှာတောင် ရွေးကောက်ပွဲကာလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆိုင်းငံ့ပေးဖို့ တောင်းဆိုရဲတဲ့သူရှိနေသေးရင်၂၀၂၅ အလွန် လွှတ်တော် ထဲမှာအစိုးရနဲ့ တပ်မတော်ကို ကန့်လန့်တိုက်မယ့် ကိုယ်စားလှယ်တွေ မပါဘူးလို့ ဘယ်သူမှ အာမခံနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သေသေချာချာစိစစ်ပြီး နိုင်ငံတော်နဲ့ တပ်မတော် အပေါ်သစ္စာရှိတဲ့ ကိုယ်စားလှယ်တွေ ပါတီတွေကိုသာ ဝင်ပြိုင်ဖို့ ခွင့်ပြုပေးသင့်ပါတယ်။

မြန်မာနိုင်ငံရဲ့ သမိုင်းဖြတ်သန်းမှုအတွေ့အကြုံအရ ကျွန်တော့်အမြင်ကို ပြောရရင် ကျွန်တော်တို့တိုင်းပြည်မှာ ဗဟိုအားကောင်းဖို့ လိုသေးတယ်။ တပ်မတော် အားကောင်းဖို့ နဲ့ တပ်မတော်အင်အားတောင့်တင်းဖို့ လိုပါတယ်။ ဒီနှစ်ချက်ပြည့်စုံပြီးမှသာ တရားမျှတမှုအပိုင်းကို စဉ်းစားပြီး တိုင်းပြည်ကို တည်ဆောက်မှသာ နိုင်ငံတော်ရဲ့အမျိုးသားနိုင်ငံရေးဖြစ်တဲ့ ဒို့တာဝန် အရေးသုံးပါးကို အာမခံနိုင်မှာဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတနိုင်ငံကြီး ကမ္ဘာတည်သရွေ့ တည်တံ့စေဖို့အတွက် ယခုလိုသူတစ်လူ ငါတစ်မင်းနဲ့ စစ်ဘုရင်ဝါဒတွေ ထွန်းကားနေလို့ မရပါဘူး။ ဒါ့ကြောင့် အတိုင်းတာတစ်ခု ၊အချိန်ကာလတစ်ခုအထိတော့ တပ်မတော်ဟာ နိုင်ငံရေးမှာ ပါဝင်နေဖို့ လိုသေးလို့ ရွေးကောက်ပွဲမှာ တပ်နဲ့ သဟဇာတဖြစ်တဲ့ပါတီတွေ မဲနိုင်ဖို့ လိုပါ တယ်။

ဒီလိုအခင်းအကျင်း ဒီလိုပြဿနာတွေ ဖြစ်လာနိုင်လို့လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်နဲ့ သဟဇာတဖြစ်တဲ့ ပါတီတွေနိုင်ဖို့လိုတယ်လို့ ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် မဲမသမာမှု (၁၁.၃) သန်းပြုလုပ်ပြီး မနိုင်နိုင်အောင် လုပ်ယူခဲ့တဲ့ အကျိုးဆက်ဂ အခုခါမှာ ခါးစည်းခံနေရတာမို့ လာမယ့် ရွေးကောက်ပွဲအတွက်လည်း တပ်မတော်နဲ့ သဟဇာတဖြစ်တဲ့ ပါတီတွေ နိုင်ဖို့လိုကြောင်း ထပ်ပြော ထပ်ရေးချင်ပါတယ်။ ဒီလိုပြောလို့လည်း တပ်မတော်ဟာ နိုင်ငံရေးမှာ ထာဝရရှိနေရမယ်၊ တပ်မတော်ကပဲ နိုင်ငံတော်အရေးရာမှန်သမျှကို အမြဲတမ်း စီမံခန့်ခွဲအုပ်ချုပ်နေရမယ်ဆိုလိုတာ မဟုတ်ပါဘူး။ လက်ရှိအခြေအနေအရတော့ ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်လည်ရယူဖို့ ၊အမျိုးသားစည်းလုံးညီညွတ်မှု ပြန်လည်အားကောင်းလာအောင်လုပ်ဖို့နဲ့ နိုင်ငံရေး တည်ငြိမ်အောင်လုပ်ဖို့ ဆိုတဲ့အချက် (၃) ချက်ပြည့်စုံတဲ့ အထိတော့ တပ်မတော်ဟာ ၂၀၀၈ခြေဥက ပေးထားချက်နဲ့အညီ နိုင်ငံရေးမှာ ရှိနေပေးရဦးမှာ ဖြစ်ပါတယ်။

ဒီကာလတွေ လွန်မြောက်သွားရင်၊ ပြည်ထောင်စုအတွက် လုံခြုံစိတ်ချရတဲ့ အချိန်ကျရင် တပ်မတော် ဟာလည်း နိုင်ငံရေးကနေ တဖြည်းဖြည်း ဆုတ်ခွာသွားပါလိမ့်မယ်။ အောင်မြင်တဲ့ နိုင်ငံရေး ခွာစစ်ဆိုတာ နိုင်ငံတော်ရဲ့အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးအတွက် ကမ္ဘာတည်သရွေ့ စိတ်ချလုံခြုံပြီး စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုစနစ် အကောင်အထည်ဖော်နိုင်ခြင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲဟာ တပ်မတော်ရဲ့နိုင်ငံရေး ခွာစစ်ပထမ ခြေလှမ်းဆိုရင် လည်းမမှားပါဘူး။

အနှစ်ချုပ်ဆိုရရင်တော့ ရွေးကောက်ပွဲကတော့ နိုင်ငံတော်ရဲ့ နိုင်ငံရေး ရည်မှန်းချက်ဖြစ်တာနဲ့ အညီ မဖြစ်မနေအောင်မြင် အောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲအကြိုကာလ နိုင်ငံရေး ခရီးစဉ်က အနှောင့်ယှက်အဟန့်အတားတွေနဲ့ ဖျက်လို ဖျက်ဆီးလုပ်ကြမဲ့ NUG CRPH PDF တို့ရဲ့ ရန်ကို သတိပြုရမှာဖြစ်သလို ရွေးကောက်ပွဲကာလမှာ တရားမျှတမှုရှိရှိ၊ မှန်မှန်ကန်ကန်နဲ့ အောင်မြင်ပြီးမြောက်အောင် အလေးထားဆောင်ရွက်ရမှာကလည်း နိုင်ငံသားတိုင်းရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ထိုနည်းတူ ရွေးကောက်ပွဲအလွန်မှာ တက်လာမယ့် အစိုးရလက်ထက်ကျရင် ပြည်ထောင်စုကို အန္တရာယ်ပေးမယ့် တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းများရဲ့ ရန်ကိုလည်း ပိုပြီးသတိထားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဘောင်ကို ကျော်လွန်ပြီး ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ တောင်းဆိုမှုမျိုးကို အခုကတည်းက ကြိုတင်မျှော်တွေးစဉ်းစားကာ ပြင်ဆင်ထားသင့်ပြီဖြစ်ကြောင်း အကြံပြုလိုက်ရပါတယ်။