ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် အကူးအပြောင်းလို့ ပြောလို့ရတဲ့ ရွေးကောက်ပွဲကတော့ နီးကပ်လာပါပြီ။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိသူတွေရဲ့ အသံတွေကလည်း ပိုဆူလာတယ်။ အမေရိကန် သမ္မတ ထရန့်ကိုယ်တိုင်သော်မှ B2 Bomber ကြီးတွေနဲ့ ကန့်သတ်စစ်ဆင်နေရတဲ့အနေအထားမှာ မြန်မာနိုင်ငံကို နိုင်ငံစုံတပ်တွေဝင်ဖို့ အခုထိမျှော်လင့်နေကြသေးတဲ့လူတွေကို တွေ့တော့ အံ့ဩမိပါတယ်။

မြင်ရသလောက်ကတော့ ဒေါ်စုကြည်ဦးဆောင်တဲ့ NLD အစိုးရကို ဖြုတ်ချလိုက်တဲ့ နစကနဲ့တောင် သံတမန်ဆက်ဆံရေး ဖြတ်တောက်မသွားကြတဲ့ နိုင်ငံတွေဟာ ရွေးကောက်ပွဲကနေ ရလာတဲ့ရလဒ်ကို ဝေဖန်ကြတာကလွဲရင် အသိအမှတ်မပြုဘဲ နေကြမှာမဟုတ်ဘူး။ ဒီတော့ ရွေးကောက်ပွဲက လုပ်ကိုလုပ်ဖြစ်လိမ့်မယ်။ အစိုးရသစ်တစ်ရပ်လည်း ရကိုရလာပါ့ လိမ့်မယ်။ ဒီနေရာမှာ ကျွန်တော် တစ်ခုစိတ်ဝင်စားမိတာက Proxy တွေပါ။

တရုတ်ဩဇာခံ MNDAA ကို ယှဉ်ပြိုင်ဖို့ ကိုးကန့် လက်နက်ကိုင်အဖွဲ့အသစ် တစ်ဖွဲ့တိုးလာပြီး လောက်ကိုင်ကို ပြန်သိမ်းဖို့ ကြိုးစားမယ်ဆိုတဲ့ သတင်းတစ်ပုဒ်တွေ့ လိုက်ရတယ်။ မည်သူ့ Proxy ဖြစ်ဖြစ်ပါ၊ လက်နက်ကိုင် တစ်ဖွဲ့တိုးလာလေ၊ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးက ပိုရှုပ်လေဖြစ်ပြီး တစ်ခုတည်းသော တပ်မတော်ရည်မှန်းချက်နဲ့ Federal အိပ်မက်က ပိုဝေးသွားနိုင်ပါတယ်။ ရေတိုမှာတော့ နိုင်ငံကြီးတွေကြားက Counter Balance ဖြစ်ကောင်းဖြစ်မယ်၊ ရေရှည်မှာတော့ မကောင်းနိုင်ပါဘူး။ နေပြည်တော်မှာ Peace Talk ကျင်းပနေခိုက် မြေပြင်မှာ သူပုန်အဖွဲ့ တွေတိုးလာတာမျိုးမဟုတ်ဖို့ ကြိုးပမ်း ကြရပါလိမ့်မယ်။

နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံထဲက လက်နက်ကိုင်တွေရဲ့ ကံကြမ္မာဟာ တရုတ်ရဲ့ ကုန်သွယ်စီးပွားရေးနဲ့ တိုက်ရိုက်အချိုးကျတယ်။ တရုတ်ရဲ့ ကုန်သွယ်မှုကျဆင်းလို့ ကုန်သွယ်ရေး လမ်းကြောင်းတွေဖွင့်ဖို့ အရေးတကြီး လိုအပ်လာတဲ့အခါ ကျွန်တော်တို့မြန်မာနိုင်ငံရှိ သောင်း ကျန်းသူတွေကို ဖိအားပေးပြီး လမ်းကြောင်းတွေကို ဖွင့်ပါတယ်။ ဒါကြောင့် အရှေ့အလယ်ပိုင်း အခင်းအကျင်းကနေရော တရုတ်ဖိအား တိုးလာနိုင်သလားဆိုတာကို ကျွန်တော် အတော် အာရုံစိုက်ကြည့်ဖြစ်တယ်။ မည်သို့ပင်ဆိုစေကာမူ တရုတ်အတွက် လုံခြုံတဲ့ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်ဖို့ မြန်မာနိုင်ငံမှာ ဒီမိုကရက်တစ်အစိုးရတက်လာဖို့လိုသလို နိုင်ငံရေးတည်ငြိမ်ဖို့လည်း လိုအပ်နေပါတယ်။ ဒီတော့ သူတို့က ဒီ Transition ကို ကညီပါလိမ့်မယ်။

ရံဖန်ရံခါမှာတော့ တရုတ်နဲ့ ရုရှားဟာမူအရ မိတ်ဖက် ဆက်ဆံရေးမျိုးရှိပေမယ့် အမှန်တကယ် မျှတတဲ့ မိတ်ဖက်ဟုတ်၊ မဟုတ်ကလည်း စိတ်ဝင်စားစရာပါပဲ။ ပြိုင်ဖက်ဖြစ်နေနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကံကြမ္မာက သူတို့ရဲ့ ဆက်ဆံရေးအပေါ် မူတည်နေသေးတယ်။ (၁၀၂၇) ကို မူတည်ပြီးပဲ တွေးရင်တောင် တွေးစရာများတယ်။ ကျွန်တော်တို့ရဲ့အစိုးရသစ်က အဲဒီအနေအထားကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မယ်ဆိုရင်တော့ အလားအလာကောင်းနိုင်ပါတယ်။ ဒေါ်စုကြည်နဲ့ ပတ်သက်လို့ကတော့ အခုတလော လူထုအာရုံကို သွေးတိုးစမ်းတဲ့ကိစ္စတွေ အတော်ဖြစ်လာပါတယ်။ NUG/CRPH နဲ့ PDF တို့ဟာ NLD နဲ့ ဆိုင်/ မဆိုင်ဆိုတဲ့ကိစ္စတွေ၊ အဲဒီ စင်ပြိုင်အစိုးရနဲ့ ခါးပိုက်ဆောင် အကြမ်းဖက်တွေအပေါ် ဒေါ်စုကြည်ရဲ့အမြင်က ဘယ်လိုရှိမလဲဆိုတာကို အနည်းငယ် တီးခေါက် ကြည့်ချင်လာကြတယ်။ ကျွန်တော့်တစ်ယောက်အမြင်ကတော့ ဒေါ်စုကြည်အပေါ် အကောင်းမြင်ချင်မြင်လို့ရပါတယ်။ သို့သော် သူ့ကိုယုံပြီး ထပ်မပုံ သင့်ဘူး။ အခုချိန်မှာလည်း “နိုင်ငံတော်အာဏာကို အဓမ္မရယူရန်ကြိုးပမ်းမှု” လို အမှုကြီးတွေ တပ်မထားတဲ့အတူတူ အပြင်ပြန်ထွက်လာရင်လည်း ထွက်လာမှာပါ။ အပြင်ပြန်ထုတ်ရင်တောင် နိုင်ငံရေးနဲ့ ခပ်ဝေးဝေးမှာထားတာက အသင့်တော်ဆုံးပါ။ Transition မှာ ရုပ်ပြကောင်းချင်လို့ဖြစ်စေ၊ သက်ကြီးရွယ်အို မြန်မာအဖွားအိုကြီးကို စာနာထောက်ထားလို့ဖြစ်စေ ပြန်လွှတ်ရင်တောင်မှ ရွေးကောက်ပွဲအပြီး အစိုးရအခြေကျမှ လွှတ်ပေးသင့်တယ်လို့ မြင်ပါတယ်။ ဒါတောင်မှ မီဒီယာကိုပေးတဲ့ သူမရဲ့မှတ်ချက်တစ်ခုဟာ အစိုးရသစ်အတွက် သက်ရောက်မှု ကြီးနိုင်တာကို သတိထားစေလိုပါတယ်။

ဒီတော့ ခြုံပြီး ပြောရရင် …

ရွေးကောက်ပွဲကတော့ လုပ်ဖြစ်ပါလိမ့်မယ်။ တရားမဝင်ဘူးလို့ အော်နေကြတဲ့တိုင်.အောင် သူတို့ဟာ မြန်မာပြည်ကို အုပ်ချုပ်ခွင့်ရှိတဲ့လူတွေမဟုတ်သလို မြန်မာနိုင်ငံသားတွေ လည်း မဟုတ်တာမို့ အရေးမပါပါဘူး။ ကုလသမဂ္ဂဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုရဲ့ ရွေးကောက်ခံအစိုးရကို Legitimacy ပေးရတဲ့နေရာမဟုတ်ဘူး။ ကုလသမဂ္ဂကျောထောက်နောက်ခံနဲ့ (အိုဘားမားလက်ထက်မှာ) ပါလက်စတိုင်းကို နိုင်ငံတစ်ခုဖြစ်လာဖို့၊ ပါလက်စတိုင်း အစိုးရကို အသိအမှတ်ပြုဖို့ ကြိုးပမ်းခဲ့ကြတာပဲ။ ဘာဆက်ဖြစ်လာသလဲ။

ကျော်မိုးထွန်းက R2P ဝင်ဖို့ပြောပါတယ်။ ဘယ်နိုင်ငံက ဘယ်တပ်ပေါင်းစုကြီး ချီပြီး စစ်စရိတ်ခံ၊ အသေခံဝင်လာမှာလဲ။ သူ့ကိုယ်သူ Jared Kushiner ထင်နေပုံရတယ်။ တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်သူတွေကမှ သူတို့တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေအပေါ် အကြမ်းဖက်မှုတွေ၊ ကျောင်းတွေ သာသနိကအဆောက်အဦတွေကို အလွဲသုံးစား လုပ်မှုတွေ အပါအဝင် Geneva Conventions ကို တစ်ထောကြီး ချိုးဖောက်ထားတာတွေ အတွက် စာရင်းရှင်းဖို့ လိုအပ်နေတာပါ။

စစ်ရေးအရ ဖိအားပေးထားနိုင်ဖို့လည်း လိုပါသေးတယ်။ အရှေ့အလယ်ပိုင်း အီရန် – အစ္စရေး စစ်ကနေ လူကြီးမင်းတို့ ပညာအတော် ရလိုက်မယ်လို့ မျှော်လင့်ပါတယ်။

ပါဝါတွေနဲ့ ပတ်သက်ရင်လည်း တရုတ်နဲ့ ရုရှားကို အရှေ့အုပ်စုက မဟာမိတ် ပါဝါတွေ´ ဆိုတဲ့ အယူအဆအစား သူတို့လည်း သူတို့ရဲ့ အမျိုးသား အကျိုးစီးပွားတွေနဲ့ ပတ်သက်လာရင် “ပြိုင်ဖက်” တွေ ဖြစ်နေနိုင်သေးတယ်ဆိုတဲ့ အယူအဆကိုလည်း ထည့်စဉ်းစားကြည့်စေချင်ပါသေးတယ်။

အကယ်၍များ ဒုတိယမြောက် Transition မှာ ဒေါ်စုကြည်ကို ထုတ်သုံးချင်သေးတယ် ဆို ရင်တောင် ရွေးကောက်ခံအစိုးရသစ်အခြေကျပြီးမှပဲ ဖြစ်သင့်တယ်လို့ ယူဆပါတယ်။ Timing ကိုတော့ သေချာတွက်ရမှာပေါ့။

မည်သို့ပင်ဆိုစေကာမူ ရွှေးကောက်ခံအစိုးရတစ်ရပ်ကို ကူးပြောင်းလိုက်ပြီဆိုတာနဲ့ ယခင်က အာဏာရှင် Vs. တော်လှန်ရေးသမားဆိုတဲ့ ပုံရိပ်အစား ရွေးကောက်ခံပိုင်ခွင့်ရှိသူ vs. ရွေးကောက်ခံပိုင်ခွင့်မရှိသူများဆိုတဲ့ ပုံရိပ်ဆီကို ရွေ့သွားမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ အာဏာဟာ ပြည်သူဆီက ဆင်းသက်ပါတယ်။ မြန်မာပြည်သူမဟုတ်တဲ့ မည်သူမဆို အာဏာရ ပိုင်ခွင့်မရှိသလို အာဏာနဲ့လည်း မသက်ဆိုင်တော့တာမို့ ဒီ Transition က ဖားလား ငါးလား ကွဲပြားသွားစေမယ့်ပွဲပါပဲ။

သမိုင်းသစ်တစ်ခုရေးထိုးနိုင်ကြပါစေ။

သန့်နေစိုး