အောင်နိုင်သူ(ဇွဲကပင်)
ဇွန်လ ၁၅ ရက်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့ သီးသန့်စကားပြောဆိုမှုအတွင်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အရေးကိုင်တွယ်နေသော အမှတ် ၂ စစ်ဒေသတိုင်းမှူးကို ဝေဖန်သည့်အသံဖိုင် ပျံ့နှံ့ပြီးနောက် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်သည် ဇွန်လ ၂၀ ရက် မွန်းလွဲပိုင်း၌ Ubon Ratchathani ပြည်နယ်ရှိ စစ်တိုင်းမှူးနှင့်အဖွဲ့အား သွားရောက်တွေ့ဆုံခဲ့ပါသည်။ Ubon Ratchathani မြို့ရှိ Wing 21 လေတပ်စခန်းတွင် အမှတ် ၂ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး Boonsin Padklangမှ ဝန်ကြီးချုပ်အား လက်ခံတွေ့ဆုံခဲ့ပြီးနောက် နမ့်ယွမ်ခရိုင်စခန်းသို့ သွားရောက်ခဲ့ကြသည်။ အစိုးရနှင့် တပ်မတော်ကြား စည်းလုံးညီညွတ်မှုကို ပြသရန် ယခုခရီးစဉ်ကို သွားရောက်ခြင်းဖြစ်ပြီး အသံဖိုင်နှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းရေးနည်းဗျူဟာဖြစ်သည်ဟု ဒုတိယဗိုလ်ချုပ်ကြီး Boonsin အား ရှင်းပြခဲ့ပြီးဖြစ် ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါသည်။
ကမ္ဘောဒီးယားနှင့် နယ်စပ်အငြင်းပွားမှုကို ကိုင်တွယ်ရာတွင် အမျိုးသားအကျိုးစီးပွားကို သတိထားရန်နှင့် အမျိုးသားအကျိုးစီးပွားကို အားပေးကူညီရန် ဒုတိယဗိုလ်ချုပ်ကြီး Boonsin Padklangက ဝန်ကြီးချုပ်အား အကြံပြုထားကြောင်း ဘန်ကောက်ပို့စ်မှာ ဆိုထားပါသည်။ ထို့အပြင် ဝန်ကြီးချုပ်အားကူညီရန်နှင့် ထိုင်းနိုင်ငံအပေါ် နိုင်ငံတကာ၏ယုံကြည်မှု ပြန်လည်တည်ဆောက် ရန် အတွေ့ အကြုံရှိသော အကြံပေးအဖွဲ့ ဖွဲ့စည်းရန်လည်း အကြံပြုထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီး Boonsin Padklang က သီးသန့်အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်ကိုလည်း မီဒီယာများက တစ်ဆင့် ဖတ်ရှုခွင့်ရပါသည်။
ဤသတင်းက အစ္စရေး-အီရန် စစ်ပွဲသတင်းပြီးလျှင် ဒေသတွင်းမှာ လူစိတ်ဝင်စားမှုအများဆုံး သတင်းဖြစ်ခဲ့သလို စာရေးသူလည်း ဤသတင်းကို အလွန်စိတ်ဝင်စားမိသည်။ အကြောင်းက တော့ ထိုင်းဝန်ကြီးချုပ်၏ နိုင်ငံရေးပါးနပ်မှုကို အသိမှတ်ပြုမိသလို လေးစားမိ၍ ဖြစ်ပါသည်။ ထိုင်းဝန်ကြီးချုပ်ပေထုန်တန်က သူ့ထက် Protocol အရ အများကြီးနိမ့်သည့် စစ်တိုင်းမှူးတစ်ယောက်ကို သွားတွေ့လိုက်ခြင်းဖြင့် လိပ်ခဲတည်းလဲဖြစ်နေသည့် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကို မြှင့်တင်ခဲ့သည်မှာ လေးစားအတုယူဖွယ်ရာလည်း ဖြစ်ရပါသည်။ ပရိုတိုကောအရ စစ်တိုင်းမှူးနှင့် ဝန်ကြီးချုပ်ဆိုသည်မှာ အလွန်အဆင့်ဝေးကွာလှပါသည်။ ထိုင်း နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အကြီးဆုံး အကြီးအကဲဖြစ်ပါသည်။ စစ်တိုင်းမှူးကမူ စစ်ဘက်ဆိုင်ရာဒေသ စစ်ဘက်အာဏာပိုင် တစ်ဦးသာဖြစ်ပါ သည်။ ဤနေရာ မှာ ရာထူးကြီးခြင်း၊ ငယ်ခြင်းကို ထည့်မတွက်ဘဲ ယခုလိုသွားတွေ့ပြီး ထိုင်းတပ်မတော်ကိုပါ တောင်းပန်ခဲ့ခြင်းဖြင့် ထိုင်းနိုင်ငံမှာ ထိုင်းတပ်မတော်က အာဏာသိမ်းလေဦးမလားဆိုသည့် သံသယ အတွေးများကိုလည်း ရှောင်ကွင်းနိုင်ခဲ့ပါသည်။
ထိုင်းဝန်ကြီးချုပ် ပေထုန်တန်က “ဆော်ရီး၊ ကျွန်မစကားပြောမှားသွားခဲ့တယ်။ အဲဒီအတွက် ထိုင်းတပ်မတော်ကိုရော ထိုင်းပြည်သူတွေကိုပါ တောင်းပန်းပါတယ်” ဟု သတ္တိရှိရှိဖြင့် သူ့အမှားကို ဝန်ချတောင်းပန်းခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ထိုင်းတပ်မတော်နှင့် ထိုင်းပြည်သူများ ကျေနပ်မှုရစေခဲ့ပါသည်။ တကယ်တော့ ထိုင်းဝန်ကြီးချုပ်မှားခဲ့သည့် အမှားမျိုးသည် သာမန် အမှာမျိုးမဟုတ်ခဲ့ပေ။ ပျံ့နှံ့လာသည့် ဖုန်းသံမှတ်တမ်းများမှာ ထိုင်းဝန်ကြီးချုပ်ပေတောင်တန်က ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟောင်း ဟွန်ဆန်ကို ” နယ်စပ်ကိစ္စနဲ့ ပတ်သက်လို့ ကျွန်မတို့ နှစ်ဦးစလုံး ငြိမ်းချမ်းရေးကို လိုလားကြတယ်ဆိုတာ နားလည်ပါတယ်။ ကျွန်မတို့ကို ဆန့်ကျင်သူတွေရဲ့ စကားကို ဦးလေး နားမထောင်ပါနဲ့။ ထိုင်းတပ်မတော်ရဲ့ တပ်မှူးတွေအားလုံးက ကျွန်မတို့နဲ့ ဆန့်ကျင်ဘက်ဘက်က လူတွေချည်းပဲ။
သူတို့စကားကို နားထောင်ပြီးရင် စိတ်မပျော်မရွှင်ဖြစ်တာ၊ ဒေါသထွက်တာမျိုး မဖြစ်စေချင်ပါဘူး။ တကယ်တော့ အဲဒါက ကျွန်မတို့ရဲ့ ရည်ရွယ်ချက် လုံးဝမဟုတ်ပါဘူး။ အခုချိန်မှာ သူတို့က ကောင်းတဲ့ပုံရိပ် ပေါ်ချင်ရုံသက်သက်ပဲ၊ ဒါကြောင့် နိုင်ငံအတွက် အကျိုးမရှိတဲ့ စကားတွေကို ပြောနေကြတာပါ။ နှ ဒါပေမဲ့ အမှန်တရားကတော့ နယ်စပ်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ခဲ့ မဖြစ်ခင် ငြိမ်းချမ်းရေး ဖြစ်စေချင်တာပါ။ ဦးလေး ဟွန်ဆန်၊ တူမလေးကို သနားပေးပါဦး။ ဘာလို့လဲဆိုတော့ လောလောဆယ် ထိုင်းနိုင်ငံက လူတွေက ကျွန်မကို ကမ္ဘောဒီးယားမှာ ဝန်ကြီးချုပ်သွားလုပ်ပါလို့ ပြောနေကြလို့ပါ (ရယ်လျက်)။ ရိုးရိုးသားသားပြောရရင် ဦးလေး လိုချင်တာ တစ်ခုခုရှိရင် ပြောပြလိုက်ပါ။ ကျွန်မဆောင်ရွက်ပေးပါ့မယ်” ဟူ၍ဖြစ်ပါသည်။
ထိုင်းနိုင်ငံ၏ အချုပ်အာဏာနှင့် ထိုင်းတပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်စကားများဖြစ်၍ ခွင့်လွှတ်ချင်လည်းရသလို ခွင့်မလွှတ်ချင်လည်းရပါသည်။ သို့သော် ထိုင်းစစ်တပ်နှင့် ထိုင်းပြည်သူများ မဖြစ်မနေ ခွင့်လွှတ်ပေးရလောက်အောင်ကို နိုင်ငံရေးပါးနပ်ပုံက ချီးကျူးစရာကောင်းပါသည်။ အတုယူအားကျ ဖွယ်ရာလည်း ဖြစ်မိသည်။
ဤကဲ့သို့ ထိုင်းဝန်းကြီးချုပ်၏ နိုင်ငံရေးပါးနပ်ပုံကို ကြည့်ပြီး ထိုင်းလူမျိုးများ၏ နိုင်ငံရေး ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားပုံ ကိုအံ့ဩလေးစားမိပါသည်။ ဤနေရာမှာ နှိုင်းယှဉ်စဉ်းစားမိသည် ကမြန်မာပြည်၏ နိုင်ငံရေး အခြေအနေဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသာမှု ၁၀ ဒသမ ၄ သန်းဖြစ်ခဲ့ပါသည်။ (တပ်မတော်က နိုင်ငံတော်တာဝန်လွှဲအပ်ခံ ရပြီးချိန် ထပ်မံစိစစ်ချက်များအရ ၁၁ ဒသမ ၃ သန်း တွေ့ ရှိခဲ့ ရသည်)။ အဆိုပါ မဲမသမာမှုများကို ဖြေရှင်းပေးရန် တပ်မတော်က သတင်းစာရှင်းလင်းပွဲပြုလုပ်၍ အကြိမ်ကြိမ်တောင်းဆိုခဲ့ပါသည်။ တတိယအကြိမ် လွှတ်တော်ခေါ်ယူရေးကို ခေတ္တဆိုင်းငံ့ပြီး ဖြေရှင်းပေးရန်လည်း တောင်းဆိုခဲ့ပါသေးသည်။ နောက်ဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စာရေးပြီးအကြောင်း ကြားခဲ့သော်လည်း လျစ်လျူရှုပြီး မသိချင်ယောင်ခဲ့ကြသည်။
အကျိုးဆက်ကတော့ အားလုံးသိကြသည့်အတိုင်းပဲ ဖြစ်ပါသည်။ တိုင်းပြည်ရောပြည်သူပါ ဒုက္ခမျိုးစုံကြုံတွေ့ခဲ့ကြရပါသည်။ ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံတွင်းပဋိပက္ခများသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲမသမာမှုကို ဖြေရှင်းပေးခဲ့ခြင်းမရှိရာက စခဲ့ခြင်းဖြစ်ပါသည်။ အကြောင်းမဲ့ဖြစ်ခဲ့ခြင်းမဟုတ်ပေ။ နိုင်ငံရေးယဉ်ကျေးမှုမရှိ၊ နိုင်ငံရေးယဉ်ကျေးမှုမသိဘဲ တပ်မတော် နှင့် ထိပ်တိုက်ရင်ဆိုင်ရေးကိုသာ တစ်စိုက်မက်မက် လုပ်ဆောင်ခဲ့ခြင်း၏ အကျိုးဆက်ဖြစ်သည်။ အရပ်ဘက် – စစ်ဘက်ဆက်ဆံရေးကို အောက်ဆုံးရောက်အောင် တစ်ချိန် NLD ပါတီ အာဏာ ရှိစဉ်လုပ်ခဲ့ကြပါသည်။ ထိုင်းဝန်ကြီးချုပ်လို တောင်းပန်ဖို့မလိုသော်လည်း ညှိနှိုင်းဖြေရှင်းဖို့ လိုအပ်ခဲ့ပါသည်။ သို့သော် ထိုအချိန်က NLD ပါတီဝင်တို့ ကိုယ့်နိုင်ငံရေးကို ကိုယ်သေအောင် လုပ်ခဲ့ကြပါသည်။ ဤသို့ ဖြစ်ရခြင်းမှာ NLD ပါတီဝင်တို့ နိုင်ငံရေးမပါးနပ်မှုကြောင့်ဖြစ်ရခြင်း ဖြစ်ပါသည်။
ဆရာဒဂုန်တာရာက ပြောဖူးပါသည်။ နိုင်ငံရေးဆိုသည်မှာ ရန်သူကို မိတ်ဆွေဖွဲ့ခြင်း ဖြစ်ပါသည်။ စာရေးသူတို့ နိုင်ငံမှာတော့ ထိုသို့မဟုတ်ပေ။ မိတ်ဆွေကို ရန်သူဖြစ်အောင် လုပ်လိုက်ကြပါ သည်။ အရပ်ဘက် – စစ်ဘက်ထိပ်တိုက်တွေ့ဆုံမှုကို အမြင့်ဆုံး ပဋိပက္ခဆီသို့ တွန်းပို့ပြီး တိုင်းပြည်ကို အခြေအနေ ရှုပ်ထွေးသွားအောင် လုပ်ခဲ့ကြပါသည်။
အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင် ဟယ်တင်တန် (ဟားဗတ်တက္ကသိုလ်) ၏ ဘာသာပြန် ဒီမိုကရေစီကျမ်းများကို လိုက် လံရှာဖွေ ဖတ်ရှုစေချင်ပါသည်။
အထူးသဖြင့် ပထမလှိုင်း ဒီမိုကရေစီအကူးအပြောင်း၊ ဒုတိယလှိုင်း ဒီမိုကရေစီ အကူးအပြောင်း၊ တတိယ map အကူးအပြောင်း စာအုပ်များကို ဖတ်စေချင်ပါသည်။ မည်သည့် ဒီမိုကရေစီကျမ်းမှာမှ ဒီမိုကရေစီ တည်ဆောက်ဖို့အတွက် တပ်မတော်ကို ရန်ရှာရမည်ဟု ရေးမထားပေ။ တပ်မတော်နှင့် အဆင် ပြေအောင်ပေါင်းရမည်ဟုသာ ရေးသားထားသည်ကိုပဲ တွေ့ရ မည် ဖြစ်ပါသည်။
ဟယ်တင်တန် (ဟားဗတ်တက္ကသိုလ်) က ဒီမိုကရေစီ ခေတ္တရပ်တန့်သွားစေသည့် အကြောင်းရင်းနှစ်ချက်ရှိသည်ဟု ဆိုပါသည်။
ဤ (၂) ချက်က ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြဿနာများကို မဖြေရှင်းဘဲထားလျှင် ခေတ္တရပ်တန့်သွားနိုင်သည်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ (သို့မဟုတ်) ပြည်ပစစ်ကြီး ဖြစ်သည့်အခါ ခေတ္တရပ်တန့်သွားနိုင်သည် ဟု ဆိုပါသည်။
တစ်ခါ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဆိုသည်မှာ အခြားမဟုတ်ပေ။ အရပ်ဘက်နှင့် စစ်ဘက် က လေးစားမှု နားလည်မှုရှိရှိနှင့် အာဏာခွဲဝေကြခြင်းပဲဖြစ်သည်။ ထို့အပြင် တပ်မတော်ကို အာဏာမသိမ်းစေချင်လျှင် အရုပ်ကောင်းကောင်းဝယ်ပေးလိုက်ပါ။ အရုပ်ကောင်းဆိုသည်မှာ အခြားမဟုတ်ပေ။ စစ်လက်နက်ပစ္စည်းကောင်းများကို ဆိုလိုခြင်းဖြစ်သည်။ အရုပ် သုစ်နှင့်တူသည့် စစ်လက်နက်ပစ္စည်းအသစ်များနှင့် ကစားရင်း လေ့ကျင့်ရင်းဖြင့် တပ်မတော်က အချိန်ကုန်နေလိမ့်မည်ဟု ဆိုပါသည်။´
ဤသည်မှာ ဟယ်တင်တန် (ဟားဗတ်တက္ကသိုလ်) ၏ တတိယလှိုင်း ဒီမိုကရေစီ အကူးအပြောင်းကျမ်းထဲက သီအိုရီ များဖြစ်ပါသည်။
တပ်မတော်ကို ရန်ရှာလျှင် နိုင်ငံရေးဖြစ်သည်။ တပ်မတော်ကို တော်လှန်တိုက်ခိုက်လျှင် ဒီမိုကရေစီရမည်ဟု တစ်လုံးတစ်ပါဒမှ ရေးမထားချေ။ ဒီမိုကရေစီဆိုသည်မှာ အလွန်နူးညံ့ သိမ်မွေ့ သည့် နိုင်ငံရေး စနစ်ဖြစ်ပါသည်။ ယနေ့ NUG/PDF များ လုပ်သလို လက်နက်ကိုင်တော်လှန်းရေးနှင့် တိုက်ယူ၍မရသလို အကြမ်းဖက်သတ်ဖြတ်မှုနည်းဖြင့်လည်း ဒီမိုကရေစီရမည်မဟုတ်သည်ကို သိရှိရန်လိုအပ်ပါသည်။
ဒီမိုကရေစီကို ချစ်မြတ်နိုးသူများသည် လွတ်လပ်သော စိတ်ဆန္ဒနှင့် ပါဝင် ဆောင်ရွက်ခြင်းကို တန်ဖိုး ထားရမည်ဖြစ်သလို ညှိနှိုင်းပူးပေါင်းဖြေရှင်းဆောင်ရွက်ခြင်းသည် ဒီမိုကရေစီ၏အနှစ်သာရ ဖြစ်ပါသည်။ ဒီမိုကရေစီကို လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖိအားပေးခြင်းနှင့် အပြစ်ပေး ခြိမ်းခြောက်ခြင်းတို့သည် ဒီမိုကရေ စီနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ပါသည်။ ဒီမိုကရေစီသည် ဆွဲဆောင်စည်းရုံးခြင်းဖြစ်သဖြင့် အလွန်ခက်ခဲသလို နူးညံ့သိမ်မွေ့ပြီး ပညာမြင့်မားကာ စိတ်ရှည်ရန် လိုအပ်ပါသည်။ လွတ်လပ်သည့် စိတ်ဆန္ဒကို အသိအမှတ်ပြုခြင်းနှင့် ငါ့ကိုမထောက်ခံသူကို ငါ့ရန်သူဟု သဘောထားပြီး ခြိမ်းခြောက်အပြစ်ပေးခြင်းသည် ဒီမိုကရေစီနှင့် လူဆိုးလူညစ်များကို ခွဲခြား ပေးသည့် အရာဖြစ်ပါသည်။
ဤသို့ဆိုလျှင် မဲမသမာမှုကိစ္စကို ဆွေးနွေးညှိနှိုင်း ဖြေရှင်းမှုကင်းမဲ့ခဲ့သော လုပ်ရပ်များသည် ဒီမိုကရေစီဖြစ်သလား၊ NUG၊ PDF များက ငါနှင့်မတူ ငါ့ရန်သူဟု သဘောထားကာ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်နေခြင်းသည် ဒီမိုကရေစီဖြစ်သလား၊ ထိုနည်းတူ တပ်မတော်ကို ရန်ရှာတိုက်ခိုက်နေသည့်လုပ်ရပ်များကလည်း ဒီမိုကရေစီဖြစ်သလား ဆိုသည်ကိုပညာဉာဏ်နှင့်ယှဉ်ပြီး ပြန်ဆန်းစစ်သင့်ပြီဖြစ်ပါသည်။ ဒီမိုကရေစီစနစ်၏ နူးညံ့သိမ့် မွေ့မှုက နိုင်ငံရေးယဉ်ကျေးမှုကို မြင့်မားစေကြောင်း ထိုင်းနိုင်ငံရေး ဖြစ်စဉ်က အကောင်းဆုံး သက်သေပြခဲ့ပြီးဖြစ်ပါသည်။
အချုပ်ဆိုရလျှင် မြန်မာလူမျိုးများအနေဖြင့် ဒီမိုကရေစီလိုချင်လျှင် နိုင်ငံရေးယဉ်ကျေးမှုမြင့်မားရန် လိုမည် ဖြစ်ပါသည်။ တပ်မတော်ကို ရန်ရှာခြင်းနှင့် ရန်ပြုတိုက်ခိုက်ခြင်းသည် ဒီမိုကရေ စီ ဖြစ်သည် ဆိုသည့် နိုင်ငံရေးအယူအဆမျိုး ထိုင်းနိုင်ငံ မှာမရှိသလို ကမ္ဘာမှာလည်း ရှိမနေပေ။ တပ်မတော်နှင့် ပူးပေါင်းဆောင် ရွက်ခြင်း၊ အရပ်ဘက် – စစ်ဘက်ဆက်ဆံရေး ကောင်းမွန်ခြင်းက သာ ဒီမိုကရေစီ တည်တံ့နိုင်မည်ဖြစ်ကြောင်းကို ထိုင်းနိုင်ငံရေး ဖြစ်စဉ်က မြန်မာများကို သာဓက ပြခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီ လိုချင်လျှင် မြန်မာလူမျိုးများအနေဖြင့် ထိုင်းဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံသားများကဲ့သို့ နိုင်ငံရေးယဉ်ကျေးမှုအဆင့်အတန်း မြင့်မားကြစေချင်ပါသည်။ သို့မှသာ မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲမှတစ်ဆင့် ရေရှည်တည်တံ့သည့် ဒီမိုကရေစီစနစ် ဖြစ်အောင်ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ကြနိုင်မည်ဖြစ်ကြောင်း အကြံပြုလိုက်ရပါသည်။
