နိုင်ငံတစ်ဝန်းတွင် ဆူပူသောင်းကျန်းမှုများနှင့် ရင်ဆိုင်နေရသည့် မြန်မာအစိုးရသည် လက်သင့်မခံနိုင်စရာ အကြောင်းမရှိသည့် နိုင်ငံရေးအသွင်ကူးပြောင်းမှုအတွက် စီမံချက်တစ်ရပ် ချပြ ခဲ့ပြီးဖြစ်သည်။ လာမည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပရန် မူအားဖြင့် ဆုံးဖြတ်ထား ပြီးဖြစ်ရာ ဒီမိုကရက်တစ်အရပ်ဖက် အုပ်ချုပ်ရေးအတွက် လင်းဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် လာမည့်နှစ်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်အား ပြည်တွင်းပြည်ပ လေ့လာသူများ၏ စောင့်ကြည့်မှု အောက်တွင် ကျင်းပသွားရန် ရည်မှန်းထားကြောင်း အာဆီယံ(၁၀)နိုင်ငံမှ ကိုယ်စားလှယ်များနှင့် တရုတ်အစိုးရတာဝန်ရှိသူများအား နိုင်ငံတော်စီမံချုပ်ရေးကောင်စီအစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။

ကျန်ကမ္ဘာ့နိုင်ငံများအနေဖြင့် ဗိုလ်ချုပ်မှူးကြီး၏ နိုင်ငံရေးအရွေ့ကို မဖြစ်မနေလက်ခံရမည့် အကြောင်းအချက်သုံးခု ရှိပါသည်။

ပထမတစ်ချက်မှာ ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှု မူလအခြေအနေ အတိုင်း ပြန်လည်ရရှိရန် အများစု၏ ဆန္ဒမဲများအပေါ်တွင် အခြေခံထားခြင်းကြောင့်ဖြစ်သည်။ နိုင်ငံရေးအရ တရားဝင်မှုအပေါ်တွင် အခြေခံသော ငြိမ်းချမ်းသည့် မြန်မာနိုင်ငံသည် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်မှု၏ အင်ဂျင်ပါဝါဖြစ်လာနိုင်ပါသည်။ အမှန်မှာ မြန်မာနိုင်ငံတွင် အပြောင်းအလဲကို ဖန်တီးနိုင်သည့် စီးပွားရေးအသွင်ကူးပြောင်းမှုအား လိုအပ်သလို ထိန်းချုပ်နိုင်သည့် အရင်းအမြစ်များ ရှိထားပြီးဖြစ်ရာ နောက်ထပ်အာရှကျားဟု တင်စားရမည့်နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ပါသည်။

ကနဦးသိထားရမည့်အချက်မှာ မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ် များစွာ ကြွယ်ဝသည့်နိုင်ငံဖြစ်ရာ ထိထိရောက်ရောက်သာ အရှိန်မြှင့်ဆောင်ရွက်နိုင်မည်ဆိုပါက စီးပွားရေး တိုးတက်မှုမှာ ခုန်ပျံကျော်လွှားသွားနိုင်ပါသည်။

မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ရှမ်းကုန်းမြင့်ဒေသတွင် ပတ္တမြား၊ နီလာနှင့်အတူ ငွေ၊ ခဲ၊ သတ္ထုတို့ ပေါများကြွယ်ဝသည်ကို တွေ့ရှိနိုင် ပါသည်။ အဆိုပါတန်ဖိုးကြီးကျောက်များကို မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်ဒေသတွင်လည်း တွေ့နိုင်ပါသည်။ ခဲမဖြူနှင့် အဖြိုက်နက်တို့ကို ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တောင် ထူထပ်သော ဒေသဖြစ်သည့် တနင်္သာရီတိုင်း ဒေသကြီးတွင်လည်း တွေ့နိုင်ပါသည်။

ကြေးနီသတ္ထုကို ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းပေါ်ရှိ မန္တလေး၏ အနောက်မြောက် ၁၃၆ ကီလိုမီတာအကွာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အကြီးဆုံးမြို့ဖြစ်သည့် မုံရွာတွင် တိုးချဲ့ရှာဖွေခဲ့ပါ သည်။ ထို့ပြင် နယ်မြေတည်ငြိမ်မှုမရှိသေးသည့် မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင်လည်း ကျောက်စိမ်း အရန်သိုက်များ ရှိနေကြောင်း ကမ္ဘာ့မြေပုံပေါ်တွင် အမှတ်အသားပြုထားပါသည်။

မြန်မာနိုင်ငံသည် အာရှ၏ စွမ်းအင်သိုက်ကြီးလည်း ဖြစ်ပြီး စည်ပေါင်း ၃.၂ ဘီလျံ ရှိနိုင်သည့် ရေနံအရန်သိုက်များလည်း ရှိပါသည်။ သဘာဝဓာတ်ငွေ့မှာလည်း ပမာဏအားဖြင့် ၁၈ ထရီလီယံ ကုဗပေ ရှိနိုင်ပါသည်။ စွမ်းအင်ရှိရာ နေရာအများစုကို မြန်မာ့ကမ်းလွန်တွင် တွေ့နိုင်ပါသည်။ သို့သော် မကွေးတိုင်းဒေသကြီးတွင် ကုန်းတွင်းပိုင်းရေနံ ထုတ်လုပ်ပေးနိုင်ပါသည်။ စုစုပေါင်း အရန်သိုက်ထဲ တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ပမာဏမှာ ၁၅−၂၀ ရာခိုင်နှုန်း ရှိနေပါသည်။

ကမ္ဘာတွင် ဆန်စပါးထုတ်လုပ်မှုအများဆုံး နံပါတ်စဥ်ခုနှစ်နေရာတွင်ရှိနေသည့် မြန်မာနိုင်ငံ သည် ဒေသတွင်းစားနပ်ရိက္ခဖူလုံရေးကို အထောက်အကူဖြစ်စေနိုင်သော အာရှဒေသ၏ အရေးပါ သည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်နိုင်ပါသည်။

ဒုတိယအချက်မှာ အသွင်ကူးပြောင်းရေးဆိုင်ရာ ရွေးကောက်ပွဲများ အောင်အောင်မြင်မြင် ကျင်းပပြီးပါက အာရှဒေသစည်ပင်ဝပြောရေးကိုလည်း အထောက်အကူဖြစ်နိုင်ပါသည်။ ထိုသို ဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ မြန်မာနိုင်ငံသည် လူငယ်ဦးရေအများအပြားရှိခြင်းနှင့် သဘာဝသယံဇာတ ပေါများကြွယ်ဝခြင်းအပြင် ပထဝီစီးပွားရေးအရ အချက်အခြာနေရာတွင် ရှိနေ ခြင်းကြောင့်လည်း ဖြစ်ပါသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံသည် အာရှအင်အားကြီး နှစ်နိုင်ငံ ဖြစ်သည့် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး အဆိုပါနှစ်နိုင်ငံကြား ပေါင်းကူး ပေးသည့် တံတားတစ်စင်းလည်း ဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၏ ထိစပ်မှုသည် မြောက်ပိုင်းတွင် ပိုမိုများပြားပါသည်။ သို့သော် မြန်မာအစိုးရသည် တောင်ပိုင်းတွင် အိန္ဒိယနိုင်ငံနှင့် ခိုင်မာသည့် ဆက်ဆံရေးတစ်ရပ် တည်ဆောက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ကာဇန်မြို့၌ ကျင်းပသည့် BRICS ထိပ်သီးအစည်းအဝေး၏ ဘေးပန်း အစည်းအဝေးတွင် တွေ့ဆုံခဲ့ကြပြီးနောက် အိန္ဒိယ−တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးမှာလည်း တဖြည်းဖြည်း တိုးတက်လာခဲ့ပါသည်။ ယင်းမှာ အနာဂတ်တွင် တရုတ်၊ မြန်မာနှင့် အိန္ဒိယနိုင်ငံတို့ အတွက် အပြန်အလှန်အကျိုးကျေးဇူး ဖြစ်စေသည့်မိတ်ဖက်အဖြစ် ပူးတွဲချိတ်ဆက်ရန် အစပျိုးမှု လည်း ဖြစ်နိုင်ပါသည်။

အကယ်၍ သုံးနိုင်ငံအစီအမံသာ အုတ်မြစ်ချနိုင်မည်ဆိုပါက အိန္ဒိယ၊ မြန်မာနှင့် တရုတ်နိုင်ငံ တို့သည် စီးပွားရေးနယ်ပယ်တွင် အတူတကွ လက်တွဲအလုပ်နိုင်မည့် အခြေအနေမှာ ပထမဆုံးအချိန် မဟုတ်ပါ ။ အမှန်မှာ သုံးနိုင်ငံတို့သည် မြန်မာနိုင်ငံ ကမ်းလွန်ရွှေသဘာဝဓာတ်ငွေ့တွင်းတွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။ တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) အစီအစဥ် မတိုင်မီ ကတည်းက ဘင်္ဂလားဒေ့ရှ်−တရုတ်−အိန္ဒိယ−မြန်မာ(BCIM)စင်္ကြန် ချိတ်ဆက်မည့်အစီအစဥ်မှာ မူကြမ်းရှိထားပြီး ဖြစ်ပါသည်။  အဆိုပါစင်္ကြန်လမ်းမှာ အိန္ဒိယနိုင်ငံ ၊ ကိုးလ်ကတ္တာနှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တို့ကို မဖြစ်မနေချိတ်ဆက်ထားပြီး ဖြစ်ပါသည်။ သို့သော် တရုတ်နိုင်ငံသည် BRI ၏ အစိတ်အပိုင်းအဖြစ် နယ်မြေပိုင်းခြားရခြင်းမရှိသေးသည့် ကက်ရှ်မီးယားဒေသကို ဖြတ်သန်းသွားမည့် တရုတ်−ပါကစ္စတန်စီးပွားရေးစင်္ကြန်လမ်း(CPEC)အစီအစဥ် အဆိုပြုမှုနှင့်အတူ ဘင်္ဂလားဒေ့ရှ်− တရုတ်−အိန္ဒိယ− မြန်မာ စင်္ကြန်ချိတ်ဆက်မည့်အစီအစဥ် (BCIM)မှာ အဆုံးသတ်သွားခဲ့ရပါသည်။

ယင်းအစား တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် လက်ရှိအနေအထားအရ ဆူပူးသောင်းကျန်းမှု များဖြင့် ခြိမ်းခြောက်ခံနေရသည့် တရုတ်−မြန်မာစီးပွားရေးစင်္ကြန်လမ်း(CMEC)အစီအစဥ်ဖြင့် ရှေ့ဆောင်ခဲ့ပါသည်။ သို့သော် အနာဂတ်တွင် အိန္ဒိယ−တရုတ် နှစ်နိုင်ငံဆက်ဆံရေး ဆက်လက် နွေးထွေးလာပါက CMEC ကို အိန္ဒိယနိုင်ငံအထိ ချဲ့ထွင်ရန် စဥ်းစားပါက သဘာဝကျပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် အထူးစီးပွားရေးဇုန်များ ၊ ခရီးသွားလုပ်ငန်းဗဟိုချက်များ ၊ မြို့ပြဖြစ်ထွန်းမှု လှိုင်းသစ်များနှင့်အတူ အခြား အခြားသောပိုမိုကောင်းမွန်သည့်အခြေအနေများ ပေါ်ပေါက်လာပြီး ကြွယ်ဝချမ်းသာမှုဆီ တွန်းပို့ပေး နိုင်ပါသည်။

အရှေ့တောင်အာရှ၏ ဝင်ပေါက်ဖြစ်သည့် မြန်မာနိုင်ငံသည်လည်း အာဆီယံနှင့် တောင်အာရှ ဒေသကို ချိတ်ဆက်ပေးနိုင်သည့် စင်္ကြန်လမ်းမကြီးဖြစ်သည့် အာရှအဝေးပြေးလမ်းမကြီး စီမံချက်၏ ဗဟိုချက်တွင်ရှိနေပါသည်။ ဆက်၍စိတ်ကူးပုံဖော်ကြည့်ရာ ဗီယက်နမ်နိုင်ငံ၏ ကမ်းခြေဗဟိုချက် ဖြစ်သည့် (Danang)နှင့် Himalayan Bhutan တို့နှင့်ပါ ချိတ်ဆက်နိုင်ပါသည်။ အဆိုပါစင်္ကြန်လမ်း ချိတ်ဆက်မှုပြီးစီးသွားပါက ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နောက်ထပ်အင်ဂျင်တစ်လုံး ထပ်မံ ရရှိနိုင်မည် ဖြစ်ပါသည်။

တတိယအချက်မှာ ရွေးကောက်ပွဲများဖြင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုပြီးဆုံးသွားချိန်တွင် မြန်မာနိုင်ငံသည် တည်ငြိမ်သော ဆင့်ကဲပြောင်းလဲမှု ကြုံတွေ့နေသည့် ဗဟုဝင်ရိုးကမ္ဘာ့အထိုင်အား ခိုင်မာအောင်ဆောင်ရွက်ရာ၌ အဓိကအခန်းကဏ္ဍမှပါဝင်နိုင်ပါသည်။ ရွေးကောက်ပွဲအပြီးတွင် ပြင်ပ စွက်ဖက်မှုဖြင့်အစိုးရအပြောင်းအလဲ(regime change) ပြုလုပ်မည့်ခြိမ်းခြောက်မှုမှ လွတ်မြောက်လာ သည့် မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ်၊ ရုရှား၊ အာဆီယံနှင့် အမေရိကန် စသည့် ဗဟုဝင်ရိုးကမ္ဘာ၏ အဓိကကျသည့်ဝင်ရိုးများနှင့် တစ်ပြိုင်တည်းအစီးကပ်သွားနိုင်ပါသည်။ မြန်မာ နိုင်ငံသည်လည်း အနောက်ကမ္ဘာလွှမ်းမိုးသည့်ကမ္ဘာ့စနစ်ကို ကျော်လွန်ပြီး အခြားသော ရွေးချယ်စရာများ ရှာနေကြ သည့် Global South  နိုင်ငံများနည်းတူ BRICS-Plus သို့ ဝင်ရောက်ရန် စိတ်ဝင်စားကြောင်း ပြသထားပြီးဖြစ်ပါသည်။ နက်ရှိုင်းပြီး စိတ်ဝင်စားဖွယ်ရာများပြည့်နေသည့် ယဥ်ကျေးမှုသမိုင်း ကြောင်း နောက်ခံများရှိသော မြန်မာနိုင်ငံသည်လည်း ဗဟုဝင်ရိုးကမ္ဘာပေါ်ပေါက်လာမှုကို ကျောက်ချ ပေးသည့် အိန္ဒိယ၊ တရုတ်နှင့် ရုရှားနိုင်ငံတို့ကဲ့သို့သော civilizational states တို့၏ အဝန်းအဝိုင်းနှင့် ချိတ်ဆက်နိုင်ပါသည်။

Atul Aneja ၏ Why transitional elections in Myanmar would be good for Asia and the World ဆောင်းပါးအား အလွတ်သဘော ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။