ကမ္ဘာ့နိုင်ငံရေးအကြောင်း၊ ဒီမိုကရေစီအကြောင်း၊ လူ့အခွင့်အရေးအကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြောင်း ပြောကြ၊ ရေးကြမယ်ဆိုရင် ပွင့်လင်း လူ့အဖွဲ့အစည်း ဖောင်ဒေးရှင်းလို့ ခေါ်တဲ့ Open Society Foundation ကို တည်ထောင်ခဲ့တဲ့ ဂျော့ဆိုးရော့အကြောင်းကလည်း တစ်ခန်းတစ်ကဏ္ဍအနေနဲ့ မပါလို့မပြီးဘူးလို့ပဲ ဆိုရမှာ ဖြစ် ပါတယ်။  

Open Society Foundation လို့ ဆိုလိုက်တာနဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ပညာရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီးအရေး၊ ကလေးသူငယ်အရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဥ်တွေနဲ့ ဝေဝေဆာဆာ လှုပ်ရှားဆောင်ရွက်နေတဲ့ ပရဟိတ အဖွဲ့အစည်းတစ်ခုအဖြစ် အလွယ်မှတ်ယူနိုင်ပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာတော့ သူ့ရဲ့ အကျိုးစီးပွား၊ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဒီမိုကရက်တစ်ပါတီ အကျိုးစီးပွား အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မျက်နှာဖုံးတပ်ပြီး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တစ်ခုသာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းရဲ့ ခေါင်ကိုင်ဖခင်ဟာ ဂျော့ဆိုးရော့ပဲ ဖြစ်ပါတယ်။

ဂျော့ဆိုးရော့ဟာ ငွေကြေးနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတစ်ဦးလို့ ဆိုကြပါတယ်။ ကမ္ဘာ့ ငွေကြေးဈေးကွက်မှာ ဝင်ရောက်ခြယ်လှယ်တဲ့အတွက်ကြောင့် ငွေကြေးဈေးကွက် ကမောက် ကမ ဖြစ်ခဲ့ရတဲ့သာဓကတွေလည်းရှိခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ဘဏ္ဍာရေး အကျပ်အတည်းကို ဖန်တီးခဲ့သူလို့လည်း မှတ်ယူထားကြပါတယ်။  ထိုင်းဘတ်ငွေအပေါ် ခြယ်လှယ်တာကြောင့် ထိုင်းလုပ်ငန်းရှင်တစ်ချို့ စီးပွားပျက်ခဲ့ရသလို တစ်ချို့ဆိုရင် ကိုယ့်ကိုယ် ကိုယ် အဆုံးစီရင်တဲ့အထိတောင် ဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။  မလေးရှားဝန်ကြီးချုပ် ဟောင်း ဒေါက်တာမဟာသီယာ မိုဟာမက်ဆိုရင် ဂျော့ဆိုးရော့ကို ရာဇဝတ်သား၊ မကောင်း ဆိုးဝါး စတဲ့အသုံးအနှုန်းတွေထိ ခေါ်ဆိုခဲ့တာမျိုးထိ ရှိခဲ့ပါတယ်။

အလားတူပဲ မြန်မာနိုင်ငံဟာလည်း ဂျော့ဆိုးရော့ရဲ့စနက်တွေကနေ မလွတ်ခဲ့ပါဘူး ။ မြန်မာနိုင်ငံက ပါဝင်မယ်လို့ ပြောထားတဲ့ တရုတ်နိုင်ငံရဲ့ Belt and Road Initiative  အစီအစဥ် နှောင့်နှေးစေဖို့အတွက် ရခိုင်ပြည်နယ်မှာ ဘာသာရေး၊ လူမျိုးရေးဆန်ဆန် အဓိကရုဏ်းတွေ ဖြစ်အောင် မီးမွှေးခဲ့သူဟာလည်း ဂျော့ဆိုးရော့ပဲ ဖြစ်တယ်လို့ ယုံကြည်သူတွေ အများအပြား ရှိပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်လာမှုကို ဟန့်တားဖို့ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ Belt and Road Initiative   အောင်မြင်သွားရင် သူ့ရဲ့ငွေရေး ကြေးရေး ရင်းနှီးမြှပ်နှံမှုတွေ ထိခိုက်နစ်နာသွားနိုင်တဲ့အတွက် ရခိုင်ပြည်နယ်မှာ တည်ငြိမ်မှု မရှိအောင် မီးမွှေးနေတာ ဖြစ်တယ် လို့ ယုံကြည်ထားကြပါတယ်။

မြန်မာနိုင်ငံမှာ ဂျော့ဆိုးရော့ရဲ့ အထောက်အပံ့ရယူထားတဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ထိတောင် ရှိခဲ့တယ်လို့ လေ့လာသူတွေက ဆိုကြသည်။ Open Society Foundation ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလအတွင်းမှာ မြန်မာနိုင်ငံမှာရှိတဲ့အဖွဲ့အစည်း၊ သတင်း မီဒီယာသမားတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းပေါင်း ၅၀ ခန့်ကို တစ်ဖွဲ့ ဒေါ်လာ ၅ သောင်းကနေ သုံးသိန်းအကြား ထောက်ပံ့ပေးခဲ့တယ်လို့ ၂၀၁၆ ခုနှစ်မှာ hack ခံရမှု ကြောင့် ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေအရ သိရပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာရှိတဲ့ အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ပြီး လိုချင်တဲ့သတင်းရအောင်ယူ လိုသလိုယူတတ်တဲ့ ဂျော့ဆိုးရော့ဟာ မြန်မာနိုင်ငံမှာလည်း အလားတူ လုပ်ခဲ့တဲ့သာဓကတွေ အခိုင်အမာရှိခဲ့ ပါတယ်။  

နိုင်ငံတကာရှိ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း(NGO) ၊ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့ အစည်း (INGO) ၊ မီဒီယာတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့ ဂျော့ဆိုးရော့ဟာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက် မြို့မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ သားဖြစ်သူ အလက်စန္ဒြားဆိုးရော့နဲ့အတူ  နေပြည်တော်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဒုတိယအကြိမ် တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုရဲ့ အသေးစိတ်အချက်အလက်တွေကို မသိနိုင်ပေမယ့် Open Society Foundation ရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ Open Society Myanmar Foundation မြန်မာနိုင်ငံမှာ ဖွင့်လှစ်နိုင်ဖို့အတွက် စတင်ဆောင်ရွက်နိုင်ခဲ့တယ် ဆိုတဲ့သတင်းတွေတော့ ထွက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီအတိုင်းလည်း တကယ် ဖြစ်လာခဲ့ပါတယ်။  

ဂျော့ဆိုးရော့ဟာ ၂၀၁၄ ခုနှစ် မတ်လကနေ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအထိ မြန်မာ နိုင်ငံကို လေးကြိမ်လာရောက်ခဲ့ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ကြိမ်တွေ့ဆုံခဲ့ ပါတယ်။ သားဖြစ်သူ အလက်စန္ဒြား ဆိုးရော့စ်ကတော့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ မြန်မာနိုင်ငံကို ခုနှစ်ကြိမ် လာရောက်ခဲ့ပြီးတော့ ဒေါ်အောင်ဆန်း စုကြည်နဲ့ ခြောက်ကြိမ်အထိ တွေ့ဆုံ ခဲ့တယ်လို့ မှတ်တမ်းမှတ်ရာတွေအရ သိရပါတယ်။ အဖွဲ့အစည်းရဲ့ နာမည်က Open Society Foundation လို့ဆိုပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဥ်မှာ ဘာတွေဆွေးနွေးခဲ့ကြ တယ်ဆိုတာကို မသိခဲ့ကြရသလို ဘယ်လောက်အထိ ရည်မှန်းခဲ့သလဲဆိုတာလည်း မသိခဲ့ရပါဘူး ။

ဂျော့ဆိုးရော့ဟာ သူ့ရဲ့အဖွဲ့အစည်းဖြစ်တဲ့ Open Society Foundation ကို ကောင်းမွန်တဲ့စီမံခန့်ခွဲမှု (Good Governance)မြှင့်တင်ရေး၊ လစ်ဘရယ်ဆန်တဲ့ အများပြည်သူ ဆိုင်ရာမူဝါဒများ ချမှတ်နိုင်ရေးနဲ့ ဒီမိုကရေစီထွန်းကား ပြန့်ပွားရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် လည်း ဂျော့ဆိုးရော့ ကိုယ်တိုင်ရော သူ့ရဲ့ အဖွဲ့အစည်း ဖြစ်တဲ့ Open Society Foundation ဟာ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု၊ လူမှုရေးအရ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှု၊ ရွေးကောက်ပွဲကာလအတွင်းမှာ သူလိုလားတဲ့ နိုင်ငံရေးပါတီတွေကို ငွေကြေး ထောက်ပံ့ပေးတာတွေ ရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးအမျိုးသား လုံခြုံရေး အကြံပေးအဖြစ် ဦးသောင်းထွန်းကို ခန့်အပ်ခဲ့တာ၊ နောက်ပိုင်းမှာ ရင်းနှီးမြှပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ တာနဲ့ပတ်သက်လို့ လွှတ်တော်အတွင်းမှာရော၊ လွှတ်တော်ပြင်ပမှာပါ ဝေဖန်မှုတွေ အတော်လေးရှိခဲ့ပါတယ်။ ဦးသောင်းထွန်းဟာ ဂျော့ဆိုးရော့ဆီမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ လူရင်း တစ်ယောက်ဖြစ်ပေမယ့် ကိုယ်ရေးရာဇဝင် တင်ပြတဲ့အခါမှာတော့ ဂျော့ဆိုးရော့ဆီမှာ အလုပ်လုပ်ခဲ့ဖူးတယ်ဆိုတာကို ဖုံးကွယ်ထားတာဟာ မရိုးသားမှု ဖြစ်ပါတယ်၊ ဒါဟာ တစ်ချိန် မှာ နိုင်ငံတော်လုံခြုံရေးနဲ့ တရုတ်−မြန်မာ ဆက်ဆံရေးအပေါ် ထိခိုက်လာနိုင်တယ်လို့ အဲဒီအချိန်က လွှတ်တော် အမတ်တစ်ဦးက ထောက်ပြခဲ့တာလည်း တွေ့ရပါတယ်။ ဒါပေမယ့် လည်း အဲဒီအချိန်က တာဝန်ရှိတဲ့အစိုးရဖြစ်တဲ့ NLD အစိုးရက အမျိုးသားလုံခြုံရေးအတွက် ထည့်သွင်းစဥ်းစားခြင်းမရှိဘဲ လစ်လျူရှုခဲ့တာ တွေ့ရပါတယ်။

ဂျော့ဆိုးရော့ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတဲ့ ခေါင်းစဥ် အောက်ကနေ နှစ်စဥ်ဒေါ်လာ ဘီလျံပေါင်းများစွာ သုံးစွဲနေတာဖြစ်ပါတယ်။ Open Society Foundation ဟာ မြန်မာအရေးမှာလည်း ငွေကြေးများစွာ ထောက်ပံ့သုံးစွဲပြီး အဖွဲ့အစည်းတစ်ချို့၊ နိုင်ငံရေးပါတီအချို့ကို ခါးပိုက်ဆောင် Proxy မွေးထုတ်ရေး အစဥ်တစိုက် ကြိုးပမ်းခဲ့တာလည်း တွေ့ရပါတယ်။ သူရည်မှန်းတဲ့အတိုင်း အောင်မြင်ခဲ့တာ ရှိသလို ထင်တိုင်း မပေါက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ နယ်စပ်ဒေသတွေမှာ တပ်မတော်ရဲ့ နယ်မြေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးဆောင်ရွက်ချက်တွေအပေါ် စစ်ပွဲတွေချက်ချင်းရပ်ဆိုတဲ့ ငြိမ်းချမ်းရေး လိုချင်သယောင် NGO အမည်ခံ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမည်ခံတစ်ချို့ရဲ့ ကြွေးကြော်သံတွေဟာ Open Society Foundation(OSF) ရဲ့အာဂျင်ဒါတွေ၊ မူဝါဒတွေနဲ့ မလွတ်ကင်းဘူးဆိုတာ မြန်မာနိုင်ငံရဲ့ ပကတိအရှိတရားအပေါ် ရိုးသားတဲ့စိတ်နဲ့ကြည့်သူတိုင်း မြင်နိုင်တွေ့နိုင်တဲ့အရာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းတို့မှာ ထိခိုက်ပျက်စီးမှုတွေ အတော်ကြီးမားခဲ့တယ်။ ဒီအချိန်မှာ နိုင်ငံရေးတောကြောင်တွေဟာ သဘာဝဘေးအန္တရာယ်ကို အခွင့်ကောင်းယူပြီး လက်ခမောင်းခတ်ဖို့ ကြိုးပမ်းခဲ့ကြတယ်။ ဒါပေမယ့် အခြေအနေတွေဟာ သူတို့ထင်သလို ဖြစ်မလာခဲ့ကြပါဘူး။ အစိုးရနဲ့ ပြည်သူဟာ အခြေအနေအရပ်ရပ်ကို ကြံ့ကြံ့ခံနိုင်စွမ်း ရှိ ကြောင်း ပြသခဲ့ကြတာ၊ ပြသနေကြတာ တွေ့နိုင်ပါတယ်။

နိုင်ငံရေးတောကြောင်တွေရဲ့ ရည်မှန်းချက်က လက်ရှိတည်ဆဲအစိုးရဖြစ်တဲ့ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီကို ရွေးကောက်ပွဲ မကျင်းပနိုင်အောင် တားဆီးဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရကတော့ ရှေ့လုပ်ငန်းစဥ်တွေနဲ့ ဦးတည်ချက်တွေအတိုင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပ သွားမယ်လို့ ထပ်မံအတည်ပြု ကြေညာခဲ့တာတွေ့ရပါတယ်။ ဒီအတည်ပြုချက်ဟာ ငလျင် ကြောင့် ထိခိုက်ခံစားတဲ့ ပြည်သူတွေအခက် နိုင်ငံရေးတောကြောင်တွေအတွက် အချက်ဆိုပြီး အသုံးချလိုသူတွေအတွက်တော့ အရှိုက်ကို အထိုးခံရသလို နာကျင်ခံခက် ဖြစ်စေမှာသေချာပါ တယ်။  

ချုပ်ပြီးပြောရရင် မန္တလေးငလျင်ကြီးအလွန် ပြန်လည်ထူထောင်ရေး၊ ပြန်လည် တည်ဆောက်ရေးနဲ့အတူ ဒီနှစ်ကုန်မှာ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ ဒီရွေးကောက်ပွဲကြီးဟာ နိုင်ငံရေးအပြောင်းအလဲ ငလျင်ကြီးလှုပ်ခတ်အပြီးမှာ နိုင်ငံပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး အတွက် အရေးကြီးတဲ့ လုပ်ငန်းစဥ်ကြီး တစ်ခု ဖြစ်ပါတယ်။ ရွေးကောက်ပွဲလွန်ကာလမှာလည်း ဆောင်ရွက်စရာတွေ အများကြီးရှိနေပါသေးတယ်။ ဒီကာလဟာ ငလျင်ကြောင့် ထိခိုက်ခဲ့ရတဲ့ ဒေသတွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးကို ဖြတ်သန်းနေရတဲ့ ကာလဖြစ်သလို နိုင်ငံရေးအရလည်း အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် အရေးကြီးတဲ့အလှည့်အပြောင်း ကာလတစ်ခုကို ဖြတ်သန်းနေရချိန်လည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ နိုင်ငံရေးတောကြောင်တွေကလည်း တောမီးလောင်ဦးမလား စောင်ကြည့်နေကြဦးမှာ သေချာပါတယ်။ သတိဆိုတာ ပိုတယ်မရှိ ဆိုတဲ့အတိုင်း အစိုးရရော၊ ပြည်သူပါ သတိရှိရှိ၊ နိုးနိုးကြားကြားနဲ့ ဖြတ်သန်းကြရမယ့်ကာလတစ်ခုလည်း ဖြစ်ပါတယ်။ ဂျော့ဆိုးရော့နဲ့ အလက်စန္ဒြားဆိုးရော့တို့ရဲ့ ခြေတံလက်တံ တွေဟာလည်း နေရာအမျိုးမျိုးမှာ ပုံစံအမျိုးမျိုး၊ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ရှိနေနေပြီး ရွေးကောက်ပွဲကျင်းပရေးလုပ်ငန်းစဥ် အပေါ် အနှောင့်အယှက်ပေးနိုင်ပါတယ်။ ပွင့်လင်းလူ့အဖွဲ့အစည်းနောက်ကွယ်က မပွင့်လင်းတဲ့ အာဂျင်ဒါတွေ၊ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးထောင်ချောက်ဆင်သူတွေကို သတိပြုကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ နိုင်ငံရေးရာသီဥတုနဲ့ နိုင်ငံတကာအခင်းအကျင်းတွေက ကိုယ့်ဘက်မှာ ရှိနေပြီဖြစ်လို့ ကြုံတွေ့လာရမယ့် အခက်အခဲတွေကိုလည်း တည်တည်ငြိမ်ငြိမ် နဲ့ ရင်ဆိုင်ဖြတ်သန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။

ကိုပြည်