အောင်နိုင်သူ(ဇွဲကပင်)

ကုန်ဈေးနှုန်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုအပေါ် များစွာသက်ရောက်မှုရှိစေပါသည်။ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ကုန်ဈေးနှုန်းကျဆင်းခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်းခြင်းတို့သည် နေ့စဉ်ပြည်သူလူထု၏ လက်တွေ့ဘဝနှင့် တိုက်ရိုက်အချိုးကျနေခြင်းဖြစ်ရာ ကုန်ဈေးနှုန်းနှင့်ပြည်သူလူထု၏ လက်တွေ့ဘဝခွဲခြားမရနိုင်ပေ။

နိုင်ငံတစ်နိုင်ငံသည် အကျပ်အတည်းများနှင့် သောကာလတစ်ခုတွင် နိုင်ငံတော်၏ စီးပွားရေးကို တိုင်းတာသည့် အဓိကစံနှုန်းမှာလည်း “ကုန်ဈေးနှုန်းပင် ဖြစ်ပါသည်။ ထို့ကြောင့် စက်တင်ဘာ ၂၂ ရက်နေ့က နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော လယ်ယာဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား၌ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ကုန်ဈေးနှုန်းကြီး မြင့်မှုနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် ဖိအားပေးကိုင်တွယ်တော့မည့် သဘောထားများကို ထုတ်ဖော်ပြောကြားလာခဲ့ပါသည်။

သမ္မတကြီးဦးမင်းအောင်လှိုင်က အခြေခံစားသောက်ကုန်များ ကြီးမြင့်နေရခြင်း၏ အဓိကအကြောင်းအရင်းနှစ်ရပ်မှာ ထုတ်လုပ်မှုနှင့် စားသုံးမှု မမျှတခြင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်ခြင်းတို့ ဖြစ်ကြပြီး သယ်ယူပို့ဆောင်ရေးနှင့် စရိတ်စကကြီးမြင့်ခြင်းကြောင့်လည်း ပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။ ဤသို့ဆိုလျှင် ကုန်းဈေးနှုန်းကြီးမြင့်နေမှု ပြဿနာ၏ အကြောင်းနှင့်အကျိုးကို သိရှိပြီးဖြစ်ရာ မည်သို့ဆောင်ရွက်ရမည်ဟူသော အဖြေသည်လည်း ပေါ်လာလိမ့်မည်ဟု မျှော်လင့်မိပါသည်။ ကုန်ထုတ်လုပ်မှုနှင့် စားသုံးမှုမညီမျှခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပတ်သက်၍ စာရေးသူလက်လှမ်းမီသလောက် သုံးသပ်ရလျှင် အဓိကအချက် နှစ်ချက်ရှိသည်ဟု ယူဆမိပါသည်။ ပထမအချက်မှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများကြောင့် စားသုံးကုန်ထုတ်လုပ်မှု လုပ်ငန်းများကို နိုင်ငံအနှံ့ အပြည့်အဝ ကွက်ပြည့်နင်း မဆောင်ရွက်နိုင်ခြင်းကြောင့် ဖြစ်ပါသည်။ ဤအချက်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ထိခိုက်ဆုံးရှုံးပြီး လူငယ်လုပ်သားများ ရှားပါးလာခြင်းမှစ၍ ဒေသအချို့တွင် မြေယာများကို စွန့်ပစ်ကာ စစ်ရှောင်ကြရသည့်အထိ သက်ရောက်မှုများစွာရှိနေပေသည်။ ဤသည်မှာ ကုန်ထုတ်လုပ်မှုကို ကျဆင်းစေသည့် အကြောင်းရင်း တစ်ချက် ဖြစ်ပေလိမ့်မည်။

ဒုတိယအချက်မှာမူ ပညာ ဟု ဆိုရမည့် “ခေတ်မီထုတ်လုပ်မှု အတတ်ပညာ အားနည်းခြင်း” ကြောင့် ဖြစ်ပါသည်။ ကမ္ဘာ့သမိုင်း၊ တစ်လျှောက် ဖြစ်ပေါ်ပြောင်းလဲခဲ့သော စီးပွားရေးကို လေ့လာကြည့်ပါက အဆင့်သုံးဆင့်ရှိသည်ကို တွေ့ရပါသည်။ ပထမအဆင့်မှာ ကမ္ဘာဦးအစကတည်းက တည်ရှိလာခဲ့သော စိုက်ပျိုး ရေးနှင့် မွေးမြူရေးစီးပွားရေး (ယခုထက်တိုင် လက်လွှတ်မရ သေးသော စီးပွားရေး) ဖြစ်ပါသည်။

ဒုတိယအဆင့်မှာ ၁၈ ရာစုတွင် အင်္ဂလန်နိုင်ငံမှ စတင်ခဲ့သည့် စက်မှုတော်လှန်ရေးဖြစ်ပါသည်။ ယခုအချိန်ထိ စက်မှုတော်လှန်ရေး လေးကြိမ်ဖြစ်ခဲ့ပြီးပြီဆိုသော်လည်း စာရေးသူတို့နိုင်ငံဆီသို့ တစ်ကြိမ်တစ်ခါမျှ ယောင်၍ပင် ကပ်မလာခဲ့ဖူးပေ။ ဤစက်မှုတော်လှန်ရေးများကို အခြေခံပြီး ပထမအဆင့်ဖြစ်သော စိုက်၊ ပျိုး၊ မွေးမြူရေးကို ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်နိုင်ခဲ့ကြသဖြင့် အချိန်ကုန်သက်သာပြီး ထုတ်ကုန်မြင့်မားအောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။

တတိယအဆင့်မှာ ယနေ့ခေတ် ဝန်ဆောင်မှုစီးပွားရေးဟု ခေါ်ဆိုကြသည့် ‘ပညာကို ရောင်းစားသည့်စီးပွားရေး” ဖြစ်ပါသည်။ သံယံဇာတကို ကုန်ချောထုတ်ပြီး ရောင်းစားရသည့် စက်မှုနည်းပညာ ကွန်ပျူတာ၊ ဒစ်ဂျစ်တယ်နည်းပညာမှစ၍ ယနေ့ခေတ် AI အထိပညာကို ထုတ်လုပ်ပြီး ရောင်းချကာ ချမ်းသာလာကြသည့် စီးပွားရေး ဖြစ်ပါသည်။ ဥပမာဆိုရလျှင် လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က တက္ကသိုလ်၊ သင်တန်းကျောင်းများမှ စာတမ်းများနှင့် ဘွဲ့ယူကျမ်းအချို့ လာရောက်အကူအညီတောင်း၍ အပ်နှံသဖြင့် စာတမ်းတော်တော်များများကို စာရေးသူ လမ်းညွှန် ပြသပေးခြင်း၊ ဖေးမကူညီရေးသားပြုစုပေးခြင်းတို့ကို လုပ်ပေးခဲ့ဖူး ပါသည်။ ကိုယ်နှင့်ကိုက်ညီပြီး ကိုယ်ကျွမ်းကျင်သည့် ခေါင်းစဉ် ဘာသာရပ်များ ဖြစ်သောကြောင့် ရေးသားနိုင်ခဲ့သလို အထိုက်အလျောက် ဝန်ဆောင်မှုအဖိုးအခကိုလည်း ရရှိခဲ့ပါသည်။ ယခု အခါ AI များ ပေါ်ပေါက်လာသောကြောင့် ယခင်ကကဲ့သို့ ရေးသားခွင့်များစွာ မရရှိတော့ပေ။ AI ကလည်း အလကား ရေးသားပေးခြင်းမရှိဘဲ သာမန်ဘာသာပြန်ဆိုခြင်းမှစ၍ စာတမ်းများနှင့် ဘွဲ့ယူကျမ်းများအထိ အနည်းဆုံး ငွေကျပ် နှစ်သိန်းခွဲမှစတင်ကာ သိန်းဆယ်ဂဏန်းအထိ ၎င်း၏ အပလီကေးရှင်းထဲသို့ ငွေကြေး ထည့်သွင်းဝယ်ယူမှသာ ရေးသားပေးပါသည်။ ဤသို့ဖြင့် Al ကုမ္ပဏီများက ချမ်းသာကြွယ်ဝလာကြသည်။ ဤသည်မှာ Al ၏ ဝန်ဆောင်မှုစီးပွားရေးကို နယ်ပယ်တစ်ခုအနေဖြင့် ဥပမာချပြခြင်းသာဖြစ်ပြီး ထိုထက် ပိုမိုကျယ်ပြန့်သည့် လုပ်ငန်းများ စွာလည်း ရှိပါသည်။

မြန်မာနိုင်ငံအကြောင်းကို ပြန်ဆက်ရလျှင် စာရေးသူတို့ နိုင်ငံ သည် တတိယအဆင့်ဖြစ်သော ပညာကို ရောင်းချနိုင်သည့် ဝန်ဆောင်မှုစီးပွားရေးအဆင့်သို့ မရောက်ရှိသေးပေ။ ဆရာကျော်ဝင်း ပြောသလိုပင် “စလောက်ကလေးရယ် ဒိုးဒိုးဒေါင်” အဆင့်ကနေ ကျော်လွှားနိုင်အောင် ကြိုးပမ်းနေရဆဲ ဖြစ်ပါသည်။ စာရေးသူတို့နိုင်ငံသည် ပထမအဆင့် စီးပွားရေးဖြစ်သော စိုက်ပျိုးမွေးပြုရေးကိုပင် ခေတ်မီနည်းပညာနှင့် ပေါင်းစပ်၍ ထုတ်ကုန်မြင့်မားအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးသဖြင့် များစွာနောက် ကျကျန်နေဆဲဖြစ်ပါသည်။

ဤသို့ဖြစ်ရခြင်းမှာ ပညာအားနည်းခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်မိပါသည်။ မည်မျှအထိအားနည်းခဲ့သည်ဟု ဆိုရလျှင် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်အတွင်းရှိ တလုတ်ထော်၊ နိဗ္ဗာန်စသည့်ရွာများသို့ ရဲဘော်သစ်စုဆောင်းရင်း စာရေးသူရောက်ရှိခဲ့ဖူးသည်။ ထိုစဉ်က ထိုဒေသရှိလယ်သမားများသည် ရှေးပဝေသဏီကတည်းက ကျင့်သုံးခဲ့သည့် စိုက်ပျိုးနည်းစနစ်အတိုင်းသာရှိနေသေးသည်ကို တွေ့ရှိခဲ့ရသည်။ မိမိတို့အိပ်မှ ထွက်ရှိလာသည့် ဆန်ဆေးရေမှစ၍ ဟင်းသီးဟင်းရွက် အဆွေးအမြေ့များအထိ EM BOKASHI ကဲ့သို့သော သဘာဝမြေဩဇာအဖြစ် ဖန်တီးပြုလုပ်နိုင်သည်ကိုပင် မသိရှိကြပေ။ ထမင်းရည်မှစ၍ ကြက်ဥခွံများကိုပါ အလဟဿ စွန့်ပစ်နေကြသည်ကို တွေ့ရှိရသဖြင့် ၎င်းတို့အား သဘာဝမြေသြဇာအဖြစ် ဖန်တီးအသုံးပြုနိုင်ပုံကို လက်တွေ့ ရပြ၍ ရှင်းလင်းပြောပြပေးခဲ့ဖူးပါသည်။

အားမနာတမ်းပြောရလျှင် မိမိတို့နိုင်ငံသည် ခေတ်မီစိုက်ပျိုး မွေးမြူရေးစနစ်ကိုပင် ခေတ်မီအတတ်ပညာများဖြင့် ပေါင်းစပ်၍ ထုတ်လုပ်နိုင်စွမ်း အားနည်းနေခြင်းကြောင့် စားသုံးမှုနှင့် ယုတ်လုပ်မှုမညီမမျှဖြစ်ကာ နိုင်ငံခြားမှ ဝယ်ယူစားသုံးနေကြရပေသည်။ အသီးအနှံများတွင် MADE IN THAILAND ၊ MADE IN CHINA ဟု တံဆိပ်မတပ်ထားကြ၍ ကံကောင်းသည်ဟု ဆိုနိုင်ပါသည်။ တံဆိပ်သာတပ်၍ ဝယ်ယူစားသုံးရမည်ဆိုလျှင် ရှက်စရာ အလွန်ကောင်းမည် ဖြစ်ပါသည်။ သွားကြားထိုးတံမှစ၍ တူ အထိ ပြည်ပမှ ဝယ်ယူသုံးစွဲနေကြရပေသည်။ ဤသို့ဖြစ်ရခြင်းမှာ ခေတ်မီထုတ်လုပ်မှုအတတ်ပညာရပ်များကို မတတ်ကျွမ်းကြခြင်း၊ ကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ခေတ်မီထုတ်လုပ်မှု အတတ်ပညာဖြင့် နိုင်ငံတော် ကုန်ထုတ်စွမ်းအား မြင့်မားအောင် ဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်ပါသည်။

ခေတ်မီ ကုန်ထုတ်လုပ်မှု အတတ်ပညာများ တတ်မြောက်လာစေရန်အတွက် စာရေးသူက အဓိကအချက်နှစ်ချက်ဖြင့် ထောက်ပြလိုပါသည်။ ၄င်းတို့မှာ —-

(၁)ပညာသင်ကြားနေသည့်ပုံစံနှင့်ပညာရေးအိုင်ဒီယိုလော်ဂျီ ခံယူချက်ကို ပြောင်းလဲဖို့ လိုအပ်ခြင်း။ အလွတ်ကျက်မှတ်သည့် ပညာရေးစနစ်မှသည် လက်တွေ့ကျကျ တီထွင်ဖန်တီးနိုင်စွမ်းရှိသော ပညာရေးစနစ်သို့ ပြောင်းလဲကျင့်သုံးသင့်ပေသည်။ တစ်ချိန်တည်းမှာပင် မိမိတို့၏ လူ့အဖွဲ့အစည်းတွင် ပညာသင်ကြားသည်ဟု ဆိုလိုက်သည်နှင့် ဆရာဝန်လုပ်မည်၊ အင်ဂျင်နီယာ လုပ်မည်၊ စစ်ဗိုလ်လုပ်မည်၊ နိုင်ငံခြားသို့ ထွက်ခွာမည်ဟူသော CULTURE IDEOLOGY များ လွှမ်းမိုးနေသည်ကို တွေ့ရသည်။

အမှန်စင်စစ် ပညာသင်ကြားခြင်းသည် အစိုးရဝန်ထမ်းလုပ်ရန် သို့မဟုတ် နိုင်ငံခြားထွက်ရန်သက်သက်ထက် ပိုမိုကောင်းမွန်သော လူမှုပတ်ဝန်းကျင်နှင့် လူနေမှုစနစ်ကို ဖန်တီးတည်ဆောက်နိုင်ရမည်ဟူသော အသိတရားကို ကလေးသူငယ်များ၏ စိတ်ထဲသို့ သွတ်သွင်းပေးရန် လိုအပ်ပေသည်။ ဥပမာအားဖြင့် အဖိုးလယ်သမားလက်ထက်က လယ်တစ်ဧကလျှင် စပါးတင်း ၅၀ ထွက်ရှိခဲ့ရာမှ ဖခင်လက်ထက်တွင် တင်း ၈၀၊ မြေးလက်ထက်တွင် တင်း ၁၃၀ စသည်ဖြင့် ပိုမိုမြင့်မားလာသော ခေတ်မီအတတ်ပညာများကို တတ်ကျွမ်းစေရန် ပညာသင်ကြားခြင်းဖြစ်ကြောင်း ကလေးများ နားလည်သဘောပေါက်အောင် ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ပါသည်။

(၂) ပြည်သူလူထုအနေဖြင့် ခေတ်မီစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်တတ်လာစေရန် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများက စနစ်တကျ လမ်းညွှန်ပြသပေးခြင်း။ တောင်သူလယ်သမားများသည် ခေတ်မီစိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များကို တတ်ကျွမ်းမှု အလွန်အားနည်းကြပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများရှိ ဝန်ထမ်းများအနေဖြင့် ဗျူရိုကရက်ယန္တရားများ၏ ရုံးခန်းများအတွင်း၌သာ နစ်မွန်းမနေဘဲ မြေပြင်သို့ ကွင်းဆင်းလေ့လာ ပြီး စိုက်ပျိုး/မွေးမြူရေးပညာရှင်များနှင့်ပေါင်းစပ်ကာ တောင်သူလယ်သမားများအား လက်တွေ့ကျကျ သင်ကြားပြသပေးရန် လိုအပ်ပါသည်။ စိုက်ပျိုးရေးဇုန်များနှင့် မွေးမြူရေးဇုန်များကို တည်ထောင်ရန် မဖြစ်နိုင်သေးလျှင်တောင် မြို့နယ်တိုင်းတွင် သက်ဆိုင်ရာ ဝန်ထမ်းများနှင့် ပညာရှင်များ ဦးဆောင်စိုက်ပျိုးမွေးမြူထားသော ခေတ်မီစံပြုစိုက်ခင်းများနှင့် စံပြုမွေးမြူရေးခြံများကို တောင်သူလယ်သမားများ လေ့လာကြည့်ရှုနိုင်ရန် စီစဉ်ပြသပေးထားသင့်သည်။ သဘာဝမြေဩဇာ ထုတ်လုပ်ခြင်းမှစ၍ ပိုးမွှားအန္တရာယ် ကာကွယ်ရေးနည်းလမ်းများနှင့် ခေတ်မီစိုက်ပျိုးမွေးမြူရေး သင်တန်းများကို အလျဉ်းသင့်သလို ဖွင့်လှစ်သင်ကြားပေးရန်လည်း လိုအပ်ပေသည်။ ဤသို့ဆောင်ရွက်ပေးနိုင်မှ သာလျှင် ခေတ်မီပညာရပ်များကို တတ်ကျွမ်းနားလည်ကြသည့် တောင်သူလယ်သမားများ ပေါ်ထွက်လာမည်ဖြစ်ပြီး အခြေခံစားကုန် ထုတ်လုပ်မှုကဏ္ဍသည်လည်း တစ်စထက်တစ်စ တိုးတက်မြင့်မားလာမည် ဖြစ်ပေသည်။

စင်စစ်အားဖြင့် မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း မှတဆင့် ကုန်ထုတ်စွမ်းအားတိုးတက်မြင့်မားအောင် ဆောင်ရွက်ရန် ခက်ခဲသည့်ကိစ္စတော့ မဟုတ်ပေ။ အကြောင်းကတော့ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ နွေ၊ မိုး၊ ဆောင်းဟူသော သမမျှတသော ရာသီဥတုကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။ ခေတ်မီ ထုတ်လုပ်မှု အတတ်ပညာ အားနည်းနေ ကြခြင်းကြောင့်သာ ယခုကဲ့သို့ စုံစားနေကြရခြင်းဖြစ်ပါသည်။ ခေတ်မီစိုက်ပျိုးမွေးမြူရေး အတတ်ပညာများကို သေချာစွာ တတ်ကျွမ်းနားလည်မည်ဆိုပါက လျင်မြန်စွာပင် တိုးတက်ပြောင်းလဲသွား နိုင်ပါသည်။ ထို့ကြောင့် စိုက်ပျိုးရေး အောင်မြင်တိုးတက်စေရန်အတွက် အဓိကကျသော လိုအပ်ချက် (၄) မျိုးဖြစ်သောမျိုး (SEED/VARIETY) (TECHNOLOGY/METHOD)၊ မြေ(SOIL/LAND)၊ ရေ (WATER/IRRIGATION)၊ နည်း (TECHNOLOGY/METHOD) ဆိုသည့် နည်းလမ်းလေးသွယ်ကို တာဝန်ရှိသူများက ဦးဆောင်ကြပ်မတ် စီမံခန့်ခွဲပေးရမည်။ ထိုနည်းတူ မွေးမြုရေးလုပ်ငန်းများ ဖြစ်ထွန်း အောင်မြင်စေရန်အတွက်လည်း စနစ်တကျ ရေးဆွဲထားသော စီးပွားရေးအစီအစဉ်၊ အရည်အသွေးပြည့်ဝပြီးကုန်ကျစရိတ် သက်သာသည့် အစာအာဟာရ၊ ရောဂါကာကွယ် တားဆီးရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို အဓိကထား လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးသာမက ကုန်ထုတ်လုပ်မှု မြင့်မားစေမည့် မည်သည့်ကဏ္ဍမျိုးကိုမဆို စနစ်တကျစီမံခန့်ခွဲပေးခြင်း နိုင်ငံတစ်ဝန်းထုတ်ကုန်များ တိုးတက်မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

အနှစ်ချုပ်ဆိုလျှင်

– ထုတ်လုပ်မှုကဏ္ဍကို အဓိကထိခိုက်စေနေသော စစ်ရေးပဋိပက္ခများကို တတ်နိုင်သမျှ အမြန်ဆုံးလျှော့ချကြရန် လိုအပ်ပါသည်။

– ထုတ်လုပ်မှုစွမ်းအား မြင့်မားလာစေရန်အတွက် တောင်သူလယ်သမားများအနေဖြင့် ဆော်ပီစိုက်ပျိုးမွေးမြူရေးအတတ်ပညာများကို စနစ်တကျ တတ်ကျွမ်းနားလည်ကြရန်လည်း လိုအပ်ပါသည်။

– ထိုသို့ ကျွမ်းကျင်လာစေရန်အတွက် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများက ရှေ့မှဦးဆောင်၍ မြေပြင်အထိ လက်တွေ့ကျကျ လမ်းညွှန်ပြသပေးကြရန် လိုအပ်မည် ဖြစ်ပါသည်။

ရေရှည်တည်တံ့ခိုင်မြဲသော ထုတ်လုပ်မှုစနစ်တစ်ခု ဖြစ်ပေါ်လာစေရန်အတွက် ပညာရေးစနစ်သာမက လူ့အဖွဲ့အစည်း၏ ပညာရေးဆိုင်ရာ ခံယူချက် CULTURE ကိုပါ အခြေခံမှစ၍ ပြုပြင်ပြောင်းလဲကြရမည် ဖြစ်ပါသည်။

– ဤကဲ့သို့သော မဟာဗျူဟာမြောက် အချက်များကို မှန်ကန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် မိမိတို့နိုင်ငံသည် ကုန်ထုတ်လုပ်မှု ကဏ္ဍတိုးတက်မြင့်မားလာမည်ဖြစ်ပါ သည်။ ကုန်ထုတ်လုပ်မှု စွမ်းအား တိုးတက်မြင့်မားလာမှသာ ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ အနာဂတ်ခရီးလမ်းသည်လည်း တောက်ပဝင်းပလာမည် ဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

အောင်နိုင်သူ (ဇွဲကပင်)

#Bullet News Journal