အောင်နိုင်သူ(ဇွဲကပင်)

အောက်တိုဘာလ ၂ ရက်က ရခိုင်အခြေစိုက် Western News အွန်လိုင်းမီဒီယာကနေ ULA/AA ကို တရားဝင် အုပ်ချုပ်ရေးအဖွဲ့အဖြစ် အသိအမှတ်ပြုပေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာသံအမတ်များကို ရခိုင်အရပ်ဘက်အဖွဲ့ ၂၀၂ ဖွဲ့က တောင်းဆိုသည်ဆိုသော သတင်းတစ်ပုဒ်တင်ပြလာခဲ့သည်။ ရခိုင်မှာ ပြည်သူက စစ်ကောင်စီကို မယုံကြည်ဘဲ ULA/AA ကိုသာ ယုံကြည်ကြကြောင်း ပြောသည်ဟုလည်း သတင်းခေါင်းစဉ်မှာ ဖော်ပြထားပါသေးသည်။ အဆိုပါသတင်းကို ဆက်လက်ဖတ်ကြည့်သည့်အခါ ULA/AA ကို တရားဝင် အုပ်ချုပ်ရေးအာဏာပိုင်အဖြစ် သတ်မှတ်ပေးရမည့် အကြောင်းနှင့်ပတ်သက်ပြီး Arakan American Community (AAC) မှဥက္ကဋ္ဌ ဦးစောဝေက လက်ရှိရခိုင်ပြည်အတွင်းမှာ အများပြည်သူအတွက် အထူးအရေးပါတဲ့ အုပ်ချုပ်မှု၊ လုံခြုံရေး၊ နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်း ဖွဲ့စည်းရေးတာဝန်တွေကို ULA/AA က သယ်ဆောင် ဖြေရှင်းနေတာကြောင့် ဖြစ်ပါတယ်။ တပ်မတော် (SAC) ရဲ့ အုပ်ချုပ်မှုဟာ မပြည့်စုံနိုင်တဲ့ နေရာတွေ၊ စစ်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ သက်တမ်းအနည်းဆုံး မြောက်နှစ်အထိ ULA/AA အဖွဲ့က မျိုးစုံသောအုပ်ချုပ်ရေးလုပ်ငန်းတွေဖြစ်တဲ့ နယ်မြေအုပ်ချုပ်ရေး၊ တရားမျှတရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖွံ့ဖြိုးရေး စတဲ့တာဝန်တွေကို ထမ်းဆောင်နေတာကြောင့် ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုမှုရရှိဖို့ လိုအပ်လာတာ ဖြစ်ပါတယ်” ဟု ပြောထားပါသည်။

ဤသတင်းကို ပဲ DVB လို ပြည်ပအခြေစိုက်သတင်းဌာနကပါ ဆက်လက်ယူတင်ထားသည်ကို တွေ့လိုက်ရသည်။ အကျယ်တဝင့် ရေးထားသည့် ဤသတင်းကို ပြန်ဆန်းစစ်ကြည့်ရာ သတင်း၏ ရည်ရွယ်ချက်ကတော့ AA ခေါင်းဆောင်ထွန်းမြတ်နိုင် မကြာခဏ ရူးပြီးပြောလေ့ရှိသည့် ခွဲထွက်ခွင့်အတွက် ကြိုတင်နှတ်ကြောင်းပေးသည့် သဘောဖြစ်ပါသည်။

စာရေးသူကတော့ ပွဲထွက်ခွင့်နှင့် ပတ်သက်လာရင် ဆက်ဆက်အထိပခံသည့်အထဲမှာ ပါသလို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို ချစ်ကြသည့် နိုင်ငံသားတိုင်းကလည်း ခွဲထွက်ခွင့်ကို အော့နှလုံးနာကြမည်သာ ဖြစ်ပါသည်။ ယခုလို ခွဲထွက်ခွင့်ဆီကို ဦးတည်စေသည့် သတင်းများ၊ ဆောင်းပါးများကို တွေ့သည့်အခါ ခပ်ထေ့ထေ့ပြုံးမိပါသည်။ စိတ်ထဲမှာလည်း တော်တော်ရူးကြတာပဲဟု တွေးမိပြန်ပါသည်။

တစ်ချိန်တုန်းကတော့ ခွဲထွက်ခွင့်သည် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ တစ်ချိန်လို့သာ ပြောရသော်လည်း ကမ္ဘာ့သမိုင်းကို ပြန်ဆန်းစစ်ကြည့်လျှင် ခွဲထွက်ခွင့် နိုင်ငံရေးအားကောင်းခဲ့သည့် အချိန်က နှစ်ချိန်ရှိခဲ့ဟု ပြောလျှင် ပိုမှန်ပါလိမ့်မည်။

ကမ္ဘာ့မှာ ခွဲထွက်ခွင့် နိုင်ငံရေးအားကောင်းခဲ့သည့် ပထမအကြိမ်က ဒုတိယကမ္ဘာစစ်ပြီးစ အချိန်ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ကိုလိုနီနယ်မြေတွေကို ပြောမနေ စွန်လွှတ်ပေးဖို့ အတ္တလန္တာရာတာအရ သဘောတူညီခဲ့သဖြင့် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံများ ကမ္ဘာအနှံ့မှာ ပေါ်ပေါက်လာခဲ့ကြပါသည်။ ဤနေရာမှာ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နှင့် ဗြိတိန်တို့ ချုပ်ဆိုခဲ့သည့် အတ္တလန္တာချာတာ (Atlantic Charter) အကြောင်းအနည်း ရှင်းပြပြင်ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နှင့် ဗြိတိန်တို့ချုပ်ဆိုခဲ့သည့် အတ္တလန္တာရှာတာ (Atlantic Charter)သည် စစ်ပြီးခေတ် ကမ္ဘာ့အရေးကိစ္စများအတွက် အခြေခံမူများ သတ်မှတ်ပေးခဲ့သည့်အရေးကြီးသော သမိုင်းဝင်စာချုပ်တစ်ခု ဖြစ်ပါသည်။ အတ္တလန္တာရာတာကို ၁၉၄၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် အမေရိကန်သမ္မတ ဖရန်ကလင် ဒီရုစဗဲ့နှင့် ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ တို့က နယူးဖောင်လန်ကမ်းလွန်ရှိ USS Augusta စစ်သင်္ဘောပေါ်၌ လျှို့ဝှက်စွာ ဆွေးနွေးပြီး သဘောတူကြေညာခဲ့ခြင်း ဖြစ်ပါသည်။ ဤစာချုပ်သည် ဒုတိယကမ္ဘာစစ်ပြီးနောက် တည်ငြိမ်သော ကတ္ထကြီးတစ်ခုကို တည်ဆောက်ရန်ရည်ရွယ်ချက်ဖြင့် သတ်မှတ်ထားသည့် အခြေခံမူများ ပါဝင်သည်။

အတ္တလန္တာရာတာ၏ အဓိကရည်ရွယ်ချက်များမှာ နာဇီဂျာမနီ၏ စစ်အတ္တနှင့် ချဲ့ထွင်မှုဝါဒကို ဆန့်ကျင်ရန်၊ စစ်ပြီးကာလ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အာမခံချက်ရရှိစေရန်နှင့် ကိုလိုနီနိုင်ငံများအပါအဝင် လူမျိုးအားလုံးအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စီးပွားရေး အခွင့်အရေးများ သတ်မှတ်ပေးရန်တို့ ပါဝင်ခဲ့သည်။

အတ္တလန္တာရာတာ၏ ရည်ရွယ်ချက်များထဲမှ ကိုလိုနီနိုင်ငံ များအပါအဝင် လူမျိုးအားလုံးအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စီးပွားရေး အခွင့်အရေးများ သတ်မှတ်ပေးရန် ဆိုသည့် အချက်ကြောင့်ပင် ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့နိုင်ငံ အသီးသီးက လွတ်ရေးရကုန်ပါသည်။ ဤစာချုပ်သဘောတူညီမှုက ဘယ်လောက်အထိ ပြင်းရသလဲ ထိုလျှင် မြန်မာနိုင်ငံကဲ့သို့ လက်နက်ကိုင်လမ်းစဉ် လွတ်လပ်ရေးကို တိုက်ယူ၍ ရခဲ့သည့်နိုင်ငံများရှိခဲ့သလို အိန္ဒိယလို လွတ်လပ်ရေးကို တိုက်ယူစရာမလိုဘဲ လွတ်လပ်ရေး ပေးခဲ့ရသည့် နိုင်ငံများလည်း ရှိခဲ့ပါသည်။ တစ်ခါ အရှေ့အလယ်ပိုင်းမှာ နယ်မြေအငြင်းပွားဖွယ်ရာ အစ္စရေးက နိုင်ငံထူထောင်ကြောင်း ကြေညာသည့်အခါ ကမ္ဘာ့နိုင်ငံအသီးသီးက ဗိုင်းအသိမှတ်ပြုကြ၍ နိုင်ငံပေါ်လာခဲ့သည့် နိုင်ငံများလည်းရှိပါသည်။

ဤကဲ့သို့ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ များပေါ်ပေါက်လာခြင်း၊ လွတ်လပ်သော နိုင်ငံများအဖြစ်သို့ ခွဲထွက်ကြေညာခြင်းကာလများကို နိုင်ငံရေး ပညာရှင်များ က ၂၀ ရာစု ၏ အဓိကပြောင်းလဲမှု သုံးချက်ထဲက ပထမအချက် ဟုသတ်မှတ်ကြပါသည်။ ထိုအချိန်က ခွဲထွက်ခွင့်ကို အနောက်နှင့် အရှေ့အုပ်စုများက အပြိုင်အားပေ။ အသိမှတ်ပြုနေသည့် အချိန်ဖြစ်သဖြင့်ခွဲထွက်ခွင့်သည် နိုင်ငံတကာအသိုင်းဝိုင်းအကျိုးစီးပွားနှင့် ဆက်စပ်နေပါသည်။ ထို့ကြောင့် ခွဲထွက်ခွင့်နိုင်ငံရေးသည် ရေပန်းစားခဲ့ဖူးပါသည်။

နောက်ထပ် ခွဲထွက်ခွင့်နိုင်ငံရေး ခေတ်စားခဲ့ချိန်က ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှုနှင့် အတူ စစ်အေးတိုက်ပွဲ ကာလပြီးဆုံးချိန် ဖြစ်ပါသည်။ ဆိုဗီယက်ပြည်ထောင်စုကြီး ၁၅ နိုင်ငံ ကွဲခဲ့သလို ဆိုဗီယက်ကို အင်အားချည့်နဲ့စေချင်သည့်အခါ ကွဲထွက်သွားသည့် နိုင်ငံတွေကို အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုက လျင်လျင်မြန်မြန်ပင် အသိမှတ်ပြုလိုက်ကြသည်။ ကွဲရာကနေခွဲထွက်သွားသည့်အဆင့်ကို ရောက်ခဲ့ရပါသည်။ တစ်ခါဆိုဗီယက်နှင့် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ယူဂိုဆလား ဗီးယား၊ ပြည်ထောင်စုကလည်း ခုနစ်နိုင်ငံကွဲပြန်ပါသည်။ ၄င်းကိုလည်း နိုင်ငံတကာက ဝိုင်းထောက်ခံသဖြင့် ခွဲထွက်နိုင်ငံများသည် နိုင်ငံတကာ စင်မြင့်ပေါ် သို့တမုဟုတ်ချင်း ရောက်သွားကြပါသည်။

ထိုအချိန်ကလည်း ခွဲထွက်ခွင့် နိုင်ငံရေးကနိုင်ငံကြီးများ ၊ အထူးသဖြင့် အမေရိကန်၏ အကျိုးစီးပွားနှင့် အချိုးကျနေသဖြင့် ခွဲထွက်ခွင့် နိုင်ငံရေးက မျက်နှာပန်း ပွင့်ခဲ့ဖူးပါသည်။ ဒါကိုလည်း ထိုရှယ်လစ် ကွန်မြူနစ်ဝါဒကျဆုံးခြင်း အဖြစ်၂၀ ရာစု ၏ ဒုတိယ အဓိက အထင်ကရ ပညာရှင်များက သတ်မှတ်ကြပြန်ပါသည်။ ထို့ကြောင့် ကမ္ဘာကြီးတွင် အကျိုးစီးပွားနှင့် ဆိုင်သည့် ခွဲထွက်ခွင့်နိုင်ငံရေးက နိဂုံးချုပ်သလောက် ဖြစ်သွားခဲ့ပြီး ဖြစ်ပါသည်။

မဖြစ်နိုင်တော့ဘူးလားဟုမေးလျှင် ဖြစ်နိုင်ချေ တစ်ခုပဲရှိပါသည်။ ထိုအရာက ကမ္ဘာ့အင်အားကြီး အစ္စလာမ်ဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များ၏ အကျိုးစီးပွား၊ အထူးသဖြင့် ၄င်းအဖွဲ့အစည်းများနှင့် ပတ်သက်ပြီး Genocideလို ပြဿနာဖြစ်လာခဲ့လျှင် ဖြစ်ကောင်းဖြစ်လာနိုင်ပါသည်။ ကျန်သော လူ့အဖွဲ့အစည်းအတွက်တော့ ကမ္ဘာကြီးမှာ ခွဲထွက်ခွင့်နိုင်ငံရေးက နေရာမရှိပေ။ ထိုကဲ့သို့ ဘာကြောင့် ပြောနိုင်သလဲဆိုလျှင် ယခုအခါ AA သည် စစ်ရေးအရ ဘယ်လောက်ပဲနယ်မြေရထားပါစေ၊ ဘယ်သူမှ စိတ်မဝင်စားကြသလို လူရာလည်း မသွင်းကြဘူးဆိုသည် ကိုတွေ့မြင်ပါလိမ့်မည်။ AA ဟု ဆိုလိုက်သည်နှင့် -နိုင်ငံတကာက မူးယစ်ရာဇာဂိုဏ်းအဖွဲ့ ဟု သာ ရှုမြင်ကြပါသည်။ AA ကို လူရာမသွင်းသော်လည်း ထိုနယ်မြေများတွင် AA ပဲ လှုပ် လှုပ်၊ အစိုးရ တပ်မတော် ကပဲလှုပ်လှုပ်၊ လှုပ်လိုက်သည်နှင့် Genocide ခေါင်းစဉ်ထဲ ဆွဲဆွဲ ထည့်နေသည်မှာ အကြောင်းမဲ့မဟုတ်ပါ၊ လုံလောက်သည့် လူဦးရေနှင့် လုံလောက်သည့် အကျယ်အဝန်းထိကို မချဲ့ထုတ်နိုင်သေး၍ဖြစ်ပါသည်။ ချဲ့ထုတ်နိုင်ခဲ့မည်ဆိုလျှင် AA ရခိုင်ထက် ဘင်္ဂါလီက ပိုပြီးမျှော်လင့်ချက်ထားကြသည်ကို သဘောပေါက်ဖို့လိုပါသည်။

ယခုအခါ မြန်မာ့လူ့အဖွဲ့အစည်းတွင် ခွဲထွက်ပေးနိုင် လောက်သည့် နိုင်ငံတကာ အကျိုးစီးပွားနှင့် ဆက်စပ်နေတာ – မရှိသလို မက်လောက်စရာ မဟာဗျူဟာအရ အရေးပါသည့် သံယံဇာတ များလည်း ပိုင်ဆိုင်ထားခြင်းမရှိပါ။ ထို့ကြောင့် မြန်မာ့လူ့အဖွဲ့အစည်း ရှိလူမျိုးနွယ်စု လက်နက်ကိုင် အဖွဲ့အတွက်တော့ ခွဲထွက်ခွင့်သည် အနူလက်နဲ့ရွှေခွက်နိုက်သလို ဖြစ်နေပါသည်။ အထူးသဖြင့် AA ခေါင်းဆောင် ထွန်းမြတ်နိုင်က အနူလက်နှင့် ရွှေခွက်နိုက်ချင်နေပါသည်။မည်သိုမျှ မဖြစ်နိုင်ပါးခွဲထွက်ခွင့် မဖြစ်နိုင်သည့် အကြောင်းကိုလည်း ဒေါက်တာမင်းဇော်ဦးက BBC အင်တာဗျူးမှာ ဖြေထားဖူးပါသည်။ ထို့ကြောင့် ခွဲထွက်ခွင့် မျှော်လင့်ချက်နှင့် လက်နက်ကိုင်တော်လှန်ခြင်းက ကိုယ့်ဒေသကို စစ်ပွဲများနှင့်ဖျက်ဆီးသလို ဖြစ်နေတာကို သဘောပေါက်ရန် လိုပါသည်။

အချုပ်ဆိုရလျှင် မြန်မာ့နိုင်ငံရေးတွင် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥအဒေ အခန်း(၁၀) ပါ ခွဲထွက်ခွင့် ပြဌာန်းချက်များကြောင့် လွတ်လပ်ရေးရပြီး ၁၀ နှစ်ကျော် အကြာ ၁၉၆ဝ၊ ၁၉၆၂ခုနှစ်မှာ ခွဲထွက်ခွင့်က တစ်ကြိမ်ခေတ်စားခဲ့ဖူးသေးသည်။ ထိုအချိန်က ခွဲထွက်ခွင့်အားသန်ကြသူများမှာ ရှမ်းလူမျိုး ခေါင်းဆောင်များဖြစ်ပါသည်။ သို့သော် ရှမ်းခေါင်းဆောင်များနှင့် ရှမ်းပြည်သူ လူထုက ယခုအခါတွင် ပြည်ထောင်စုနှင့်သဟဇာတ ဖြစ်လာသလောက် ရခိုင်ပြည်နယ်တွင် AA ပေါ်လာပြီး နောက်ပိုင်း ခွဲထွက်ခွင့်က တစ်ကျော့ပြန် အသံကြားလာခဲ့ရသည်။ ယခုအခါတွင် AA ရခိုင်က လွဲ၍ ကျန်သောမည်သည့် လူ့အဖွဲ့အစည်းဆီမှ မကြားရတော့ပေ။ ပြည်ထောင်စုကို သစ္စာရှိသည့် မည်သည့်လူမျိုး၊ မည်သည့် အဖွဲ့အစည်းမဆို နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း၍ ရနိုင်ပါသည်။ သို့သော် AA ကမူ အခြားလက်နက်ကိုင်အဖွဲ့ အစည်းများထက်ပို၍ အန္တရာယ်ကြီး၊ လှသလို ပြည်ထောင်စုသစ္စာဖောက် အဖြစ်သတ်မှတ်ရမည် ဖြစ်ပါသည်။ ထို့ကြောင့် AA အကြမ်းဖက်အဖွဲ့ကို တိုင်းရင်သား ပြည်သူအားလုံး၏ ဘုံရန်သူ အဖြစ် သတ်မှတ်ချေမှုန်းကာ ခွဲထွက်ခွင့်အန္တရာယ်မှ ကာကွယ်ရန် လိုသလို AA ခေါင်းဆောင်များ အနေဖြင့်လည်း ခွဲထွက်ခွင့်သည်မည်သို့မျှ မဖြစ်နိုင်ကြောင်း သိရှိနားလည်ရန်လိုမည် ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံရေး အခြေ အနေမှန်ကို မသိရှိ၊ မသုံးသပ်တတ်ဘဲ ခွဲထွက်ခွင့်ကို ဆက်ရှူးနေဦးမည်ဆိုလျှင် ရခိုင်ပြည်နယ်ပျက်စီး ရခိုင်ပြည်သူလူထုသာ ဒုက္ခရောက်ကြရမည်သာ ဖြစ်ပါသည်။

အောင်နိုင်သူ (ဇွဲကပင်)

#Bullet News Journal