ရွေးကောက်ပွဲနီးလာတော့ ပွဲဖျက်မယ့်လူတွေရော ပွဲဝင်ကြမယ့်လူတွေပါ အသံတွေဆူနေတယ်။ တစ်ယောက်ကလည်း ပါတီတွေဖျက်ခံရလို့ ပါတီမစုံရင် ဒီမိုကရေစီမစစ်သလိုပြောတယ်။ ဒီမိုကရက်တစ်ဘိုးအေ အမေရိကန်နိုင်ငံကြီးလို အဓိကပြိုင်ဘက် နှစ်ပါတီသာ ဦးဆောင်မယ်ဆိုရင် သူ ဘယ်လိုများပြောမလဲမသိ။ တော်ရုံကြောင်ကြတာ ကောင်းပါတယ်။

NDF အဖျက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးလည်း UEC က ခပ်မြန်မြန်ပြန်ရှင်းတာတွေ့ရတယ်။ မဲစာရင်းကိစ္စနဲ့ပတ်သက်ပြီး အာဏာထိန်းခဲ့ကြရသူတွေပီပီ အစိုးရဟာ ဒီကိစ္စမှာ Sensitive ဖြစ်နေမယ်လို့ ကျွန်တော်တို့ သဘောပေါက်ကြရပါလိမ့်မယ်။ NLD အစိုးရလက်ထက် ရွေးကောက်ပွဲမှာတော့ ပါတီ ကိုးဆယ်ကျော်ထိ စံချိန်တင်ဖောင်းပွခဲ့တယ်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေနဲ့ပြည့်နေတယ်။ ကျွန်တော်ကတော့ အဲဒီဖြစ်စဉ်ကို ဒီမိုကရေစီဆန်တယ်လို့မမြင်ဘူး။ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဘယ်သူ့မှမကြိုက်ဘဲ ငါ့ပါတီ ငါ့သဘောနဲ့ စုစည်းမရနိုင်တဲ့ နိုင်ငံရေးအိုင်ဒီယော်လော်ဂျီ ပျံ့ကျဲမှုလို့ပဲယူဆတယ်။ တစ်နည်းပြောရရင် ပြိုကွဲနေတယ်ပေါ့။ ပါတီတွေဖောင်းပွနေတဲ့ကြားက မဲရလဒ်တွေအသိအမှတ်ပြုမခံပြန်ဘူး။ အရှုပ်အထွေးများစွာဖြစ်ပေါ်ခဲ့တယ်။ ပါတီများလို့ ဒီမိုကရေစီစစ်တာမဟုတ်ဘူး။ ဥပဒေနဲ့အညီ မှန်ကန်မျှတစွာ ယှဉ်ပြိုင်ပြီး မဲရလဒ်ကို ပွင့်လင်းမြင်သာစွာ အသိအမှတ်ပြုတာကမှ “ဒီမိုကရက်တစ်ရွေးကောက်ပွဲ” ရဲ့ အနှစ်သာရလို့ ကျွန်တော်ယူဆပါတယ်။

မဲမသမာမှုဖြစ်စေတဲ့ အကြောင်းအရင်းခံတွေကို ကျွန်တော်တို့ ‌ရေးကြပြောကြတာ အများကြီးတွေ့ဖူးမှာပါ။ ကျွန်တော့်အမြင်ကတော့ အဲဒီထဲမှာ တစ်ခုက “နှင်းဆီပါတီ” ဖျက်သိမ်းခံရခြင်းပဲ။ နှင်းဆီပါတီဟာ ငွေဖောဖောသီသီသုံးနိုင်တဲ့ ပရဟိတဆန်ဆန် အင်အားကြီးပါတီအဖြစ် ပွဲထွက်လာခဲ့တယ်။ ရွေးကောက်ပွဲမတိုင်မီလေးမှာပဲ ကပ်ပြီးအဖျက်ခံရတဲ့အခါ NLD ကိုစိတ်နာသွားကြတဲ့ နှင်းဆီပါတီ‌ဝင်တွေက USDP ထဲကို အုံနဲ့ကျင်းနဲ့ဝင်ပြီး “နိုင်ငံရေးမဲကို အောထည့်လိုက်ကြမယ့်” အလားအလာတွေ များစွာဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကလည်း NLD ကို Shock ရစေတဲ့ကိစ္စတစ်ခုပဲ။ အဲဒီအဖြစ်အပျက်ကို ထောက်ရှုပြီးရေးရသော် NDF ဖျက်သိမ်းခံရခြင်းဟာ အဆိုပါ ပါတီရဲ့ အားနည်းချက်ကြောင့်သာဖြစ်ပြီး NDF ကို ဖျက်သိမ်းလိုက်လို့ USDP က မဲ လက်ဝါးကြီးအုပ်တော့မလို စွပ်စွဲနေကြတာတွေဟာ အခြေအမြစ်မဲ့လွန်းတယ်။ နှင်းဆီပါတီကို ဖျက်သိမ်းလို့ ပါတီဝင်အင်အားတွေ USDP ကို ရွေ့သွားသလိုမျိုး လက်ရှိပါတီတွေက NDF က အင်အားတွေကို သိမ်းကြုံးစုစည်းနိုင်မလား။ မလုပ်နိုင်ရင်တော့ မိမိတို့ရဲ့ စည်းရုံးရေးစွမ်းရည် ညံ့ဖျင်းမှုသာဖြစ်ပါတယ်။ ဘာမှ ပုတ်ခတ်စရာအကြောင်းမရှိပါဘူး။ Speaker တွေတောင် တစ်သီးပုဂ္ဂလ ရွေးကောက်ပွဲဝင်မယ်လို့ ကြွေးကြော်နေကြတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ရလဒ်ဟာ မိမိတို့ရဲ့ စွမ်းဆောင်ရည်နှင့်သာ ဆိုင်ပါတယ်။

တိုက်ဆိုင်စွာဖြင့်ပဲ လတ်တလောမှာ ဂျန်ဇက်တွေ ဆူပူအုံကြွလို့ နီပေါအစိုးရပြုတ်ကျသွားခဲ့ပါတယ်။ ဂျန်ဇက်ပီပီ သွေးကြွနေတဲ့လူငယ်တွေဟာ အဆောက်အဦတွေ မီးရှို့ဖျက်ဆီး၊ ရသမျှ လုယက်ယူငင်နေကြတဲ့ ဗီဒီယိုတွေတက်လာတယ်။ ဘဏ္ဍာရေးဝန်ကြီးကို အဝတ်အစားချွတ်ပြီး လမ်းမပေါ် ဆွဲခေါ်သွားကြတယ်။ တစ်ရက်တည်းနဲ့ အစိုးရပြုတ်ကျသွားလို့ ဒီဘက်ကလူတွေပါ လိုက်ပြီး Feel တက်မနေကြပါနဲ့။ ခင်ဗျားတို့ဆူပူအုံကြွခဲ့ကြတဲ့ကာလက ပြီးသွားပါပြီ။ (၇၂) နာရီပဲစောင့်၊ R2P လာမှာ၊ UN တပ်တွေချီလာပြီဆိုတာတွေကတစ်မျိုး၊ CDM မှာပါဝင်ပေးကြပါဆိုတဲ့ အနုပညာသည်တွေက တစ်ဖုံ၊ နိုင်ငံတကာက Celebrity တွေရဲ့ Page တကာအောက် အရှက်မရှိ Save Myanmar လို့ Hashtags တွေ တထိုးထိုးသွားလုပ်လို့ ဟိုကလည်း စိတ်ကုန်စွာ Ban ပြီးကြပါပြီ။ ရှက်ဖို့လည်းကောင်း စိတ်ကုန်စရာလည်းကောင်းတဲ့ အရည်မရ အဖတ်မရ အပြုအမူပါပဲ။ အာဏာမက်သလောက် အာဏာရအောင်မယူတတ်ကြတဲ့ လူတန်းစားဟာ လုပ်မိလုပ်ရာတွေနဲ့ အနှောင့်အယှက်ပေးခဲ့ကြတယ်။ နောက်ဆုံး ပဒတ်တွေ ထကြွသောင်းကျန်းရာက သူပုန်တွေ လူအင်အားရပြီး မြို့သိမ်းတိုက်ပွဲတွေလည်း လုပ်ပြီးသွားပါပြီ။ အခုတော့ အဲဒါတွေအားလုံးကိုကျော်ဖြတ်ပြီး တပ်မတော်က ထိုးစစ်ပြန်ဆင်မယ့်အချိန်ရောက်ပြီ။ Smart Power ကလည်း အသက်ဝင်သွားပြီ။ တော်လှန်ရေးအစမှာတော့ (ဦးဆောင်သူတွေ အစွမ်းအစရှိရင်) နီပေါလို အစိုးရပြုတ်ကျနိုင်ပေမဲ့ အခု တပ်မတော်ဦးဆောင်တဲ့အစိုးရ အုပ်ချုပ်လာတာ ဒီမိုကရက်တစ်အစိုးရသက်တမ်းတစ်ခုစာရှိပြီမို့ သဘောပေါက်သင့်ကြပါပြီ။ အသိအမှတ်မပြုလို့ကို မရတော့တဲ့အနေအထားဖြစ်တယ်။

အစိုးရအနေနဲ့ အိမ်နီးချင်းပါဝါတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ထားသလို အမေရိကန်ကလည်း အပြုသဘောဆောင်တဲ့ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ ကြိုးပမ်းလာတာတွေ့ရတယ်။ လိုအပ်တာကတော့ “ဒီမိုကရက်တစ် အစိုးရသစ်တစ်ရပ်” ပဲ လိုပါတော့တယ်။ အတ္တတွေ မာနတွေနဲ့ ငါနဲ့ ငါ့အုပ်စု အာဏာရ ရမှ ဆိုတဲ့ စိတ်မျိုးမရှိဘဲ တိုင်းပြည်ကိုသာ မျက်နှာမူကြရကောင်းမှန်း သိရင်ဖြင့် နိုင်ငံတော်အကျိုးအတွက် ရွေးကောက်ပွဲကြီး အောင်မြင်အောင် ဝိုင်းပံ့ပိုးကြရမှာဖြစ်ပါတယ်။

လောလောဆယ်ကတော့ အသံပေါင်းစုံနဲ့ ပွက်လောညံနေပါတယ်။ ဒီကြားထဲ မြန်မာစကားမပြောတတ်တဲ့ လက်သမားဆရာက “မေမေ့ကို ပြန်လွှတ်ပေး” လို့ ဆံပင်ဖြူကြီးနဲ့ ဂျီကျတာက ရှိသေးတယ်။ မြန်မာ့နိုင်ငံရေးကို အပြုသဘောဆောင်တဲ့ဖက် ဦးတည်စေမယ်ဆိုရင်၊ စင်ပြိုင်အစိုးရဖွဲ့ပြီး နိုင်ငံတော်ကို ပုန်ကန် သစ္စာဖောက်ဖျက်တဲ့ NLD ပါတီဝင်ဟောင်းတွေကို အသိအမှတ်မပြုကြောင်း တရားဝင်ကြေညာပေးမယ်ဆိုရင်၊ အကြမ်းဖက် ပဒတ်တွေဟာ သူ့ရဲ့ အကြမ်းမဖက်မူဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြောင်း တရားဝင်ထွက်ပြောပြီး အကြမ်းဖက်တွေရဲ့ ဒလံအမည်တပ်မှုနဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် (လူသားပီသစွာ) ဝမ်းနည်းကြောင်းပြောပေးမယ်ဆိုရင် သက်ကြီးရွယ်အို မြန်မာအမျိုးသမီးကြီးကို သူ့မိသားစုနဲ့ အတူနေခွင့်ပေးရင်လည်း ပေးသင့်မှာပေါ့လေ။ သဘောတူညီချက်တစ်ခုတော့ လိုတာပေါ့။

မည်သို့ပင်ဆိုစေကာမူ ကျွန်တော်ဟာ ငြိမ်းချမ်းခြင်းနဲ့ ဒီမိုကရေစီကို နှစ်သက်လက်ခံတဲ့ မြန်မာနိုင်ငံသားဖြစ်တာမို့ (သေနတ်သံ ကျည်သံ ငိုသံတွေအစား) ပါတီတွေ နိုင်ငံရေးသမားတွေ ကိုယ်စားလှယ်လောင်းတွေ ပွက်ပွက်ညံ ငြင်းခုန်နေကြတာကို သဘောကျပါတယ်။

တိုင်းကျိုးပြည်ကျိုးကို စေတနာရိုးရိုးဖြင့် ဆထက်တန်ပိုးဆောင်နိုင်ကြပါစေ…

သန့်နေစိုး (13. Sept. 2025)

#BulletNewsJournal