လှတင့်ဆွေ(ပိန်းဇလုပ်)
တတိယအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေးရဲ့ နောက်ဆုံးနေ့လည်းဖြစ်တဲ့ (၂၉)ရက်မြောက်နေ့ကို ၁၆.၁၁.၂၀၂၆ တနင်္လာနေ့ ကျင်းပပြီးစီးခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ခန်းမကြီးမှာ အစီအစဉ်ရှစ်ခုနဲ့ ကျင်းပခဲ့တာဖြစ်ပြီး အစီအစဉ်အမှတ်စဉ်(၇)ကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး တတိယပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယပုံမှန်အစည်းအဝေးကာလအတွင်း ပြုလုပ်ပြီးစီးခဲ့တဲ့ ဆောင်ရွက်ချက်အားလုံးကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်တို့ရဲ့ ၁၇.၁၁.၂၀၂၆ ရက်နေ့ထုတ် သတင်းစာတွေမှာ ပြည့်ပြည့်စုံစုံဖော်ပြပြီးဖြစ်လို့ အကျယ်မရေးတော့ပါဘူး။
အဲဒီနှုတ်ခွန်းဆက်မိန့်ခွန်းထဲက ဆောင်းပါးရှင်ထုတ်နုတ် ရွေးကောက်တင်ပြချင်တဲ့အချက်ကတော့ ပြည်သူ့လွှတ်တော်မှာ ကြယ်ပွင့်နှင့် ကြယ်မှာမပြပေးခွန်းတွေမေးမြန်းခြင်း တင်သွင်းခြင်းမပြုကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးရှိတယ်လို့ စိစစ်တွေ့ရှိရတဲ့အကြောင်း၊ မိမိတာဝန်နဲ့ အခွင့်အရေးကို အမိအရအသုံးချစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဲဒီမေးခွန်းနဲ့ အဆိုမတင်သွင်းတဲ့ ၂၂ ယောက်ကို အွန်လိုင်းမီဒီယာမှာ နင်ပဲငဆ မရိုမသေ ဝိုင်းရိုင်းဝိုင်းဝိုင်း တိရစ္ဆာန်နဲ့နှိုင်းပြီးတောင်မှ ဆဲရေးတိုင်းထွာသူတွေရှိနေပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ရွေးကောက်ပွဲထဲ၀င်မပြိုင်နိုင်၊ လွှတ်တော်ထဲလည်း မရောက်ဖူးဘဲ။ ဟိုလိုလုပ်လိုက်ပါလား၊ ဒီလိုလုပ်လိုက်ပါလား၊ ငါတော့မလုပ်တတ်ဘူးဆိုတဲ့ ကိုယ်နဲ့သဘောမတူရင် ဆဲရေးတိုင်းထွာနေတတ်တဲ့ ဉာဏ်ရည်နိမ့်အကျင့်ရှိသူတွေ သိအောင်ရေးပြချင်တာပါပဲ။ အွန်လိုင်းဆိုတာက လူတန်းစားမရွေး တက်ရေးလို့ရတဲ့ အယ်ဒီတာမရှိ၊ သတ်ပုံမှန်ဖို့မလို၊ ရေးချင်တာရေးလို့ရတဲ့ မီဒီယာပါ။ ဆဲရေးတိုင်းထွာတတ်တယ်ဆိုတဲ့ ‘ဖရုသဝါစာ ရုန့်ရင်းကြမ်းတမ်းသော စကားဆိုတာ တွေးခေါ်အားနည်းပါးပြီး မနာလို၀န်တိုကတ်တဲ့လူတွေရဲ့လုပ်ရပ်ပါ။
အပေါ်မှာရေးပြခဲ့သလို ဟိုလိုလုပ်လိုက်ပါလား၊ ဒီလိုလုပ် လိုက်ပါလား။ ငါတော့ မလုပ်တတ်ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေအတွက် မေးခွန်း သို့မဟုတ် အဆိုတစ်ခု တင်သွင်းမယ်ဆိုရင် လုပ်ငန်း အဆင့်ဆင့်ရှိသင့်ပါတယ်။
ပထမအဆင့်။ အချက်အလက်ရှာဖွေစုဆောင်းခြင်းပါ။ (ပြည်သူတွေအနေနဲ့က စံစားနေရတဲ့ အခက်အခဲတွေ၊ တွေ့ကြုံနေရတဲ့ ပြဿနာတွေကိုသာ အကျဉ်းပြောပြကြတာပါ။ ကိုယ်စားလှယ်တွေက လွှတ်တော်သုတေသနဌာနမှာသော်လည်းကောင်း စာအုပ်စာပေနဲ့ အွန်လိုင်းမီဒီယာများက သော်လည်းကောင်း၊ တတ်သိတဲ့မိတ်ဆွေတွေ၊ ဗဟုသုတပြည့်စုံတဲ့ ပြည်သူတွေထံမှ သော်လည်းကောင်း မေးခွန်းခေါင်းစဉ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရှာဖွေရပါတယ်။ (တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်မှာ ကိုယ်ပိုင်ရုံးခန်း၊ ကားနဲ့ ယာဉ်မောင်း၊ ရုံးအဖွဲ့မှူးတို့ ခန့်ထားပေးနိုင်တယ်လို့ ဆိုပါတယ်။ စာရေးသူတို့ နိုင်ငံက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုတာက ကိုယ်တိုင်ဆရာ၊ ကိုယ်တိုင်တပည့်၊ ကိုယ်တိုင်ယာဉ် မောင်းပါပဲ။)
ဒုတိယအဆင့်၊ မေးလိုတဲ့မေခွေန်း သို့မဟုတ် အဆိုတွေကို ပြည်သူ့လွှတ်တော်က သတ်မှတ်ပေးထားတဲ့ပုံစံအတိုင်း ကွန်ပျူတာဆိုင်ကို ကိုယ်တိုင်သွားပြီး ပြည်ထောင်စုဖောင့်နဲ့ စာမူကြမ်းစီဝိုင်းရပါတယ်။ အသေးစိတ်ရေးပြရရင် မေးခွန်း၊ အဆိုတွေကို ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့လွှတ်တော်ရုံးကို လိပ်မူရပါတယ်။ ပါရမှာတွေက အကြောင်းအရာ၊ တင်သွင်းသူအမည်၊ မဲဆန္ဒနယ်၊ တင်သွင်းသည့်ရက်စွဲ၊ တင်သွင်းသည့်မေးခွန်း (ကြယ်ပွင့်ပြ၊ မပြ) အကျိုးအကြောင်း ဖော်ပြချက်တွေ ရေးပြရပါမယ်။
တတိယအဆင့်။ ကွန်ပျူတာစာမူကြမ်းစီပြီးရင် သတ်ပုံနဲ့ လိုတာတွေပြင်ပြီး တစ်စုံကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အဖွဲ့ဝင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ပေါင်းစပ်ညှိနှိုင်းရေးဆိုတဲ့ အဖွဲ့ဆီကို တစ်စုံပေးရပါတယ်။ (ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွေမှာ အဲသလို ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဆိုဟာမျိုး ဖွဲ့စည်းခဲ့ခြင်းမရှိဘူးလို့ အတွေ့အကြုံ ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။) နောက်တစ်စုံကို မေးခွန်းနဲ့ အဆိုကို လက်ခံတဲ့ကောင်တာကို ကိုယ်တိုင်သွားပေးရပါတယ်။ ကျန်တဲ့တစ်စုံကို လက်ခံထားရပါတယ်။
စတုတ္ထအဆင့်။ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က စိစစ်ပြီးမှ ပြည်သူ့လွှတ်တော်ရုံးကို တင်ပြတယ်လို့ သိရပါတယ်။ မေးခွန်းနဲ့ အဆိုတွေလက်ခံရေးဌာနကလည်း ပြည်သူ့လွှတ်တော်ရုံးကိုပဲ ပို့ပေးပါတယ်။
ပဉ္စမအဆင့်။ ပြည်သူ့လွှတ်တော်ရုံးက စိစစ်ပြီး အစိုးရအဖွဲ့ ရုံးကိုပို့ပေးရတယ်လို့ ဆိုပါတယ်။ အစိုးရအဖွဲ့အနေနဲ့ သက်ဆိုင်ရာ၀န်ကြီးဌာနတွေကို ပြန်ခွဲပို့ပေးပါတယ်။ ဝန်ကြီးဌာနတွေက အချိန်နှစ်ပတ်ယူတယ်လို့ ဆိုပါတယ်။ နှစ်ပတ်ထက်လည်း ပိုတတ်ပါတယ်။
စာရေးသူမေးမြန်းခဲ့တဲ့ လျှပ်စစ်မီတာခတွေအား သုံးစွဲသူအချိန်နဲ့အညီ သိရှိနိုင်ရေးမေးခွန်းဆိုရင် ၈.၆.၂၀၂၆ က မေးထားတာ ၁၀/၂၀၂၆ မှ လာရောက်ဖြေဆိုပါတယ်။
ဆဋ္ဌမအဆင့်။ မေးခွန်းမေးပြီး မေးပြီးရုံနဲ့ မပြီးသေးပါဘူး။ မိမိအလှည့်မရောက်မီ (လျာထားချက်) ‘၅’မိနစ်က ထဗတ်နိုင်ဖို့ အကျယ်ချဲ့ရေးရပါတယ်။ လေ့ကျင့်ရပါတယ်။ ၀န်ကြီးဌာနက ဖြေပြီးပြီးချင်း နောက်ဆက်တွဲမေးခွန်း၊ ဆက်စပ်မေးခွန်းမေးခွင့်ရှိပါတယ်။ ဖြေမယ့်၀န်ကြီးဌာနက တာ၀န်ရှိပုဂ္ဂိုလ်ကဖြေနိုင်ရင်ဖြေပါတယ်။ မဖြေနိုင်ရင်လည်း နောက်မှဖြေလို့ရပါတယ်။ ဒီအဆင့် ၆ ဆင့်ဟာ မေးခွန်းတစ်ခုပေးဖို့ စတင်ပြင်ဆင်ကတည်းကစပြီး မေးခွန်းမေးခွင့်ရတဲ့အထိ လုပ်ငန်းစဉ်ပါ။ အွန်လိုင်းပေါ်မှာ ရေးချင်တာကို၊ ဆဲချင်တာကို ရေးထဲခွင့်ရှိသူတွေ အနေနဲ့ မလေ့လာထားဘဲ မရေးစေချင်ပါဘူး။ လွှတ်တော်အသီးသီးမှာ လေ့လာခွင့်တွေ ပေးထားပါတယ်။ လာရောက်လေ့လာကြည့်စေချင်ပါတယ်။ (အနည်းဆုံးတော့ ရောက်ဖူးသွားတာပေါ့) မိမိတို့မေးရမယ့်ရက်ရောက်ရင် မီဒီယာတွေမေးတာလည်း အစွန်းလွတ်အောင် ဖြေရပါတယ်။
မေးခွန်းမမေး၊ အဆိုမတင်သွင်းရသေးတဲ့ ကိုယ်စားလှယ်တွေဟာ အချို့က မေးခွန်းတွေတင်ထားဆဲ၊ အချို့က အချက်အလက်တွေ စုဆောင်းနေဆဲဖြစ်ပါတယ်။ သင်တန်းသားတစ်ယောက်လို အချိန်ကိုက်လှုပ်ရှားနေရတဲ့ ကိုယ်စားလှယ်တွေဟာ တာဝန်မဲ့လစာ ထုတ်စားနေတာ တစ်ယောက်မှမရှိပါဘူး။ မိမိပေးမယ်လို့ ပြင်ဆင်စုဆောင်းနေတုန်းမှာပဲ။ လုပ်ငန်းပြေလည်သွားတာတွေလည်း ရှိပါတယ်။ အပြားကိုယ်စားလှယ်တစ်ဦးမေးပြီးလို့ ဆောင်ရွက်ပြီးစီး ဖြေရှင်းပြီးပြဿနာတစ်ခုကို ထပ်မေးဖို့မလိုပါဘူး။ မေးဖို့မလိုတဲ့ မေးခွန်းကိုမေးခဲ့မိရင် လွှတ်တော်ဥက္ကဋ္ဌ၊ ကိုယ်စားလှယ်တွေနဲ့ ကြည့်ရှုနေသူ ပြည်သူတွေကို စော်ကားရာကျပါတယ်။ အဓိကတော့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ဆုံးစေတာပါပဲ။
အချိန်ပေးရမှုနဲ့ပတ်သက်ပြီး အနည်းငယ်တွက်ချက်ပြပါမယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦးရှိတဲ့ အစည်းအဝေးမှာ မေးခွန်းတစ်ခုကို ငါးမိနစ်နဲ့တွက်ရင် ၁၇၅၅ မိနစ် အချိန်ပေးရပါလိမ့်မယ်။ ၂၉ နာရီနဲ့ ၁၅ မိနစ်ပါ။ ၀န်ကြီးဌာနတွေရဲ့ ဖြေဆိုချိန်ထည့်မတွက်သေးပါဘူး။ အဖြေတွေက အနည်းဆုံးငါးမိနစ်ကနေ ၁၀ မိနစ်ကြာတတ်ပါတယ်။
ကိုယ်စားလှယ်စုစုပေါင်း ၃၅၁ ဦးတို့အတွက် တစ်ယောက်စာမေးခွန်းကိုသာ ဖော်ပြတွက်ချက်ထားတာပါ။ လွှတ်တော်ဥက္ကဋ္ဌ၊ အခမ်းအနားမှူး၊ သတင်းမီဒီယာ၊ လုံခြုံရေး၊ ဦးစီးတန်ထမ်းတွေအတွက် ထည့်မတွက်ထားပါဘူး။ လွှတ်တော်တွေရဲ့ လုပ်ဆောင်ချက်တွေကို လွှတ်တော်ရုပ်သံပိုင်းက တိုက်ရိုက်လွှင့် ထုတ်နေတာပါ။ ယခင် နှစ် ၂၀ ကျော်ကာလခန့်က တစ်မိနစ်ထုတ်လွှင့်စရိတ်ဟာ ၃၅၀၊ ကျပ်လို့ သိရပါတယ်။ ခုခေတ်ဈေးနဲ့ဆိုရင်တော့ ခန့်မှန်းကြည့်စေချင်ပါတယ်။
တတိယပုံမှန်အစည်းအဝေးကာလအတွင်းမှာ ကြယ်ပွင့်ပြမေးခွန်း ၂၈၇ ခုမှာ ကတိက၀တ်အဖြေ ၁၅၂ ခုနဲ့ ကတိက၀တ်မဖြစ်တာ ၁၂၀ ရှိပါတယ်။ ကြယ်ပွင့်မပြမေးခွန်းပေါင်း ၂၅၃ ခုမှာ ကတိက၀တ်အဖြစ် ၁၅၁ ခု၊ ကတိမဖြစ် ၇၄ ခုရှိပြီး အဆို ခုနစ်ခုမှာ အတည်ပြုတစ်ခုနဲ့ မှတ်တမ်းတင်စောင့်ကြည့်ခြောက်ခုဖြစ်ပါတယ်။ ကတိက၀တ်တွေနဲ့ပတ်သက်ပြီး ကြယ်ပွင့်ပြမှာ ၁၅၂ ခုနဲ့ ကြယ်ပွင့်မပြမှာ ၁၅၁ ခု ရှိပါတယ်။ လာရောက်ဖြေကြားခဲ့ကြတဲ့ ၀န်ကြီး၊ ဒုတိယ၀န်ကြီးတွေရဲ့ ကတိက၀တ်ပြုမှုတွေကို လွှတ်တော်တွေက မှတ်တမ်းတင်ထားပါတယ်။ ကတိက၀တ်ပြုမှုတွေ နဲ့ပတ်သက်ပြီး ဘတ်ဂျက်နှစ်အလိုက် ဆောင်ရွက်ပေးမှု၊ ပြီးစီးမှုတွေကို လွှတ်တော်ရဲ့အမြဲတမ်းကော်မတီ လေးခုထဲမှာပါတဲ့ ‘အစိုးရ၏ အာမခံချက်တွေ၊ ကတိတွေနဲ့ တာ၀န်ခံချက်တွေ စိစစ်ရေးကော်မတီက’ က စောင့်ကြည့်စိစစ်နေမှာဖြစ်ကြောင်းကိုလည်း ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
ပြည်သူတွေသိစေချင်တာက လွှတ်တော်တွေ ခေတ္တရပ်နားထားသော်လည်း မေးခွန်းတွေမေးမြန်းခြင်း၊ အဆိုတွေတင်သွင်းခြင်းတွေကို မရပ်နားထားပါဘူး။ နောက်လာမယ့် တတိယအကြိမ် ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ မေးမြန်းအဆိုတင်သွင်းနိုင်ရေးအတွက် ပုံမှန်အစည်းအဝေးမစတင်မီ ၁၄ ရက်ကြိုတင်ပြီး ပြည်သူ့ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ စာတိုက်မှလည်းကောင်း၊ E-mail လိပ်စာ(ပေးထားပါတယ်) ဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့နိုင်ဖို့ လမ်းကြောင်းဖွင့် ပေးထားပါတယ်။
ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ အချိန်ကပ်ပြီး ထပ်မံရောက်ရှိလာတဲ့ မေးမြန်းရန် ကျန်ကြယ်ပွင့်ပြပေး စွန်း ၃၂ ခုနဲ့ ဖြေဆိုဖို့ ပေးပို့ထားဆဲကြယ်ပွင့်ပြမေးခွန်း ၆၆ ခု ကျန်ရှိနေပါသေးတယ်။ အဆိုပါမေးခွန်းတွေကို တတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ ဦးစားပေးအဖြစ် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ နှုတ်ခွန်းဆက်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။
လွှတ်တော်တွေထဲက အမေးအဖြေတွေ၊ အဆိုတွေကို စိတ်၀င်တစားကြည့်ရှုနေကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ရှိပါတယ်။ ငါတို့မြို့နယ်က ကိုယ်စားလှယ်မပေးသေးဘူးလား။
ငါနဲ့သိတဲ့သူ မပါသေးဘူးလားဆိုပြီး ဆန္ဒမစောစေချင်ပါဘူး။ လွှတ်တော်တွေအပိုင်းက တာ၀န်ကျေပွန်စွာ ဆောင်ရွက်ပေးနေပါတယ်။ ဆဲဆိုပြစ်တင်စရာမလိုပါဘူး။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာလည်း တိုင်းရင်းသားပြည်သူပါပဲ။ လူဆိုတာ သူ့အခက်အခဲ၊ ကိုယ့်အခက်အခဲဆိုတာ ရှိတတ်ကြပါတယ်။
မန်လည်ဆရာတော် (၁၈၄၁-၁၉၂၀)ရဲ့ မဟာသုတကာရီ မာဃဒေ၀လင်္ကာသစ်မှာ –
‘တရားမပျက်၊ မေတ္တာဖက်၍ မပျက်စီးမှု၊ ချီးမြှောက်ပြုသော်
သူ့ကိုချီးမြှောက်၊ ကိုယ့်ဂုဏ်မြောက်၏
ယွင်းဖောက်အလို၊ မာန်မပိုနှင့်
သူ့ကိုဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ်နိမ့်၏’ တဲ့။
လွှတ်တော်ကြီးတွေကလည်း ပုံမှန်ကျင်းပပေးနေပါလိမ့်မည်။ ‘လွှတ်တော်ကြီးရယ် နေပါဦး၊ မေးလို့ကောင်းနေတုန်း’ ဆိုတဲ့ ကိုယ်စားလှယ်တွေလည်းရှိသလို ‘လွှတ်တော်ကြီးရယ် နေပါဦး၊ မေးဖို့စောင့်နေတုန်း’ဆိုတဲ့ ‘ဆိုတဲ့ ကိုယ်စားလှယ်ကြီးတွေလည်း ရှိနေသေးကြောင်းပါဗျာ။
လှတင့်ဆွေ(ပိန်းဇလုပ်)
