အောင်နိုင်သူ(ဇွဲကပင်)
မြန်မာနိုင်ငံတွင် နိုင်ငံရေးပဋိပက္ခနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်မှာ ကာလရှည်ကြာခဲ့ပြီ ဖြစ်ပါသည်။ လွတ်လပ်ရေးနှင့်အတူ တစ်ပါတည်း ပေါ်ပေါက်လာသည့် အဆိုပါပဋိပက္ခဖြစ်မှုများသည် နှစ်ပေါင်း ၈၀ နီးပါးကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါသည်။ နှစ်ပေါင်း ၈၀ မှသည် ရာစုနှစ်တစ်ခုဆီသို့ ကူးပြောင်းမသွားစေရန် ဝိုင်းဝန်းကြိုးစား ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ နှစ် ၈၀ ဆိုသည်မှာ လူ့သက်တမ်းနှင့်တွက်ကြည့်လျှင် ပျမ်းမျှလူ့သက်တမ်း တစ်ခုစာမက ကြာမြင့်နေပြီဖြစ်၍ အမြန်ဆုံး ပြီးစီးသင့်ပြီးဖြစ်သည်။ နိုင်ငံရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ ကာလရှည်ကြာ လာသည်နှင့်အမျှ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း နောက်ကျနေမည်လည်း ဖြစ်ပါသည်။ ထို့ကြောင့် ဤပြဿနာ၏ အကြောင်းရင်းခံကို ရှာဖွေဖော်ထုတ်ကာ နည်းမှန်လမ်းမှန်ဖြင့် ဖြေရှင်းသွားကြရန် လိုအပ်လှပါသည်။
ကာလရှည်ကြာစွာ ဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခနှင့် လက်နက်ကိုင်ပဋိပက္ခများကို လေ့လာကြသည့်အခါ ခေတ်အဆက်ဆက်သော အစိုးရများသည် မြန်မာနိုင်ငံအတွင်းရှိတိုင်းရင်းသားပြည်သူ လူမျိုးအသီးသီး၏ သဘောသဘာဝ အကြောင်းရင်းမှန်များကို ကောင်းစွာမသိ၍ ဖြစ်ရခြင်းလည်း ပါဝင်သည်ဟု ကျွန်တော်က ယူဆမိပါသည်။
အကြောင်းရင်းကို မရှာနိုင်၊ မသိနိုင်သောအခါ အဖြေမှန်ကိုလည်း မရှာနိုင်၊ မရနိုင်ဘဲ နောက်ဆုံးတွင် မှန်ကန်သော ဖြေရှင်းမှုဆီသို့ မချဉ်းကပ်နိုင်ဘဲ ပဋိပက္ခများ ကာလရှည်ကြာစွာ ဖြစ်ပွားနေရခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သို့ဖြစ်ရာ တိုင်းရင်းသားလူမျိုး တစ်မျိုးချင်းစီ၏ သဘောသဘာဝကို ကောင်း စွာသိရှိနားလည်ပြီး မှန်ကန်သော ဖြေရှင်းမှုဆီသို့ ချဉ်းကပ်နိုင်ရန် လိုအပ်မည်ဟု ထင်မြင်မိပါသည်။
အသိပညာနှင့် ပတ်သက်၍ ကျွန်တော် အလွန်သဘောကျမိသည့် အယူအဆတစ်ခုမှာ “အသိ သုံးမျိုး ပိုင်လျှင် စစ်နိုင်သည်” ဟူသော ဆွန်ဇူးစစ်ပညာကျမ်းလာ စစ်ရေးအယူအဆပင် ဖြစ်ပါသည်။ မိမိတပ်အကြောင်းကိုသိလျှင် စစ်ပွဲ၏ ၅၀ ရာခိုင်နှုန်းကို နိုင်မည်၊ ရန်သူ့တပ်အကြောင်းကို သိလျှင်လည်း စစ်ပွဲ၏ ၅၀ ရာခိုင်နှုန်းကို နိုင်မည်၊ မိမိတပ်နှင့် ရန်သူ့တပ်အကြောင်းကို နှစ်ဖက်စလုံး သိရှိထားမည်ဆိုပါက စစ်ပွဲကို ရာနှုန်းပြည့် နိုင်မည်ဟူသော အယူအဆမှာ အလွန်တရာ မှတ်သားစရာ ကောင်းလှပါသည်။ ကျွန်တော်သည် ဆွန်ဇူးစစ်ပညာကျမ်းများကို ဖတ်ရှုသည့်အခါ စစ်ရေးနယ်ပယ်ထဲတွင်သာ ရပ်တန့်မနေဘဲနိုင်ငံရေး။ စီးပွားရေးနယ်ပယ်များအထိ ချင့်ချိန်စဉ်းစားလေ့ရှိပါသည်။ ပညာရှင်အများစုကလည်း ဤကဲ့သို့ စဉ်းစားကြရန် မကြာခဏ တိုက်တွန်းလေ့ရှိကြပါသည်။
ဤနေရာတွင် ဆွန်ဇူး၏ အသိသုံးမျိုးအယူအဆကို ကျွန်တော်တို့နိုင်ငံ၏ နိုင်ငံရေးနှင့်ယှဉ်၍ စဉ်းစားကြည့်မိသောအခါ နိုင်ငံတော်၏ ခေတ်အဆက်ဆက် အုပ်ချုပ်မှုစနစ်များသည် ထိရောက်အောင်မြင်မှု အားနည်းခဲ့သည်ဟု ယူဆမိပါသည်။ ဤကဲ့သို့ အားနည်းခဲ့ခြင်းကြောင့်လည်း နိုင်ငံရေးပဋိပက္ခနှင့် လက် နက်ကိုင်ပဋိပက္ခများ ထူပြောခဲ့ရကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေရခြင်း ဖြစ်သည်ဟုလည်း ယူဆမိပါသည်။ အဘယ်ကြောင့် မအောင်မြင်ရသလဲ ဟူသည်ကို ဆန်းစစ်ကြည့်သောအခါ ကျွန်တော်တို့သည် မိမိတို့လူမျိုးများအကြောင်းနှင့် မိမိတို့ပြည်သူများအကြောင်းကို ကောင်းကောင်းမသိကြဘဲ ဖြစ်နေကြ၍သာတကားဟု မြင်မိပါသည်။ မသိရသေးသော ပြည်သွားကြောင်းကို သရုပ်ခွဲကြည့်မည်ဆိုပါကလည်း ကိုယ့်ကိုထောက်ခံသည့်ပြည်သူ၊ ကိုယ့်ကိုလည်းမထောက်ခံ၊ ရန်သူကိုလည်းမထောက်ခံဘဲ အေးချမ်းစွာနေလိုကြသည့် ကြားနေပြည်သူနှင့် ကိုယ့်ကိုရန်ရှာမနသည့် ပြည်သူဟူ၍ သုံးမျိုးခွဲခြားကာ သိရှိထားရန် လိုအပ်ပေသည်။
တိုင်းရင်းသားပြည်သူအကြောင်းကို မသိခဲ့ခြင်းနှင့် ပတ်သက်၍ ကျွန်တော်တို့သာ မသိခဲ့ကြသည် မဟုတ်ပေ။ အင်္ဂလိပ်တို့ ကိုယ်တိုင်လည်း မြန်မာတို့၏ အကြောင်းကို မသိခဲ့ကြသဖြင့် မြန်မာလူမျိုးများ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်လာသောအခါ မရှုမလှရှုံးနိမ့်ကာ လွတ်လပ်ရေးပေးလိုက်ရသည်အထိ ဖြစ်ခဲ့ရပါသည်။ လွတ်လပ်ရေးပေးရခြင်းချင်း အတူတူ မြန်မာနိုင်ငံကို ပေးလိုက်ရသည့် အရင်းအနှီးမှာ အိန္ဒိယနိုင်ငံတို့နှင့် မတူဘဲအရင်းအနှီး အလွန်ကြီးမားခဲ့ပါသည်။ ဤကဲ့သို့ မသိခဲ့ကြခြင်း ကြောင့်လည်း အင်္ဂလိပ်စစ်တပ်နှင့် မဟာမိတ်စစ်တပ်များသည် မြန်မာ့မြေပေါ်တွင် အသက်များစွာ ပေးဆပ်ခဲ့ကြရသည်။ ဤ အရက်ကို ဒေါက်တာမောင်မောင်ကြီးက သူ၏ နိုင်ငံရေးသိပ္ပံဘွဲ့ယူကျမ်းတွင် အသေးစိတ် ရေးသားဖော်ပြထားခဲ့ပါသည်။
ခေတ်အဆက်ဆက် အုပ်ချုပ်သူအစိုးရများနှင့် အဖွဲ့အစည်းများသည် မြန်မာလူမျိုးအကြောင်းကို အဘယ်ကြောင့် ကောင်းစွာ မသိကြသနည်းဟု လေ့လာကြည့်သောအခါ —
(၁) ခေတ်အဆက်လက် စာပေများတွင် ပြည်သူတို့၏လူနေမှု ဘဝအကြောင်း ရေးသားထားသော စာပေများ အားနည်းလွန်းခြင်း၊
(၂) လူမျိုးနွယ်စုများနှင့် ဗမာလူမျိုးများအကြောင်းကို စနစ်တကျ သုတေသနပြုနိုင်ခဲ့ခြင်းမရှိခြင်း ဟူသော အချက်နှင့်ပျက်ကြောင့် ဖြစ်သည်ကို တွေ့ရှိရပေသည်။
အခါ… ခေတ်အဆက်ဆက် မြန်မာစာပေများကို ဖတ်ရှုကြည့်သည့်
(၁) ရာဇပင်းဟုခေါ်သော ဘုရင်၊ မင်းတို့၏ အကြောင်းအရာ များကို အများဆုံး ရေးသားထားသည်ကို တွေ့ရှိရခြင်း၊
(၂) ဗုဒ္ဓဘာသာနှင့် ယက်စပ်သော ဘာသာရေးစာပေများ တွေ့ရှိရခြင်း။
(၃) ငယ်ရွယ်သူများနှင့် မိသားစုတို့၏ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားသော စာပေများ တွေ့ရှိရခြင်း၊
(၄) လရာသီ၊ တောဘွဲ့၊ တောင်ဘွဲ့ဟူသည့် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်သော စာပေများ တွေ့ရတတ်ခြင်းတို့ကိုသာ တွေ့ရတတ်ပါသည်။
အဆိုပါ စာပေများထဲတွင် ပျောက်ကွယ်နေသည့် အကြောင်းအရာများမှာ အဖြစ်ပြည်သူလူထု၏ လူနေမှုဘဝနှင့် လူမှုစီးပွား ဘဝများကို ရေးသားထားသည့် စာပေများနှင့် တိုင်းရင်းသား လူမျိုးနွယ်စုအသီးသီး၏ အကျင့်စရိုက်များကို စနစ်တကျ ရေးသားထားမှုများဖြစ်သည်ကို တွေ့ရမည် ဖြစ်ပါသည်။ လုံးဝမရှိသည်တော့ မဟုတ်ပါ၊ အနည်းငယ်တော့ ရှိပါသည်။
ဥပမာဆိုရလျှင် ၁၆ ရာစုနှင့် ၁၇ ရာစု ဒုတိယဝင်းပညောင်ရမ်း၊ ခေတ်တွင် စာဆိုတော် ဝန်ကြီးပဒေသရာဇာ ရေးသားခဲ့သော “နွေဦးကာလ မြူထသောအခါ တျာချင်းကဗျာထဲတွင် “လျက် ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်” “ပြီးလျှင်ရေမရှာ မွေးသာကျွေးတော့သည်” စသည့် ကဗျာမျိုးမှာ ထိုခေတ်လူထု၏ ရေရှားပါးပြီး ဆင်းရဲဒုက္ခရောက်နေရပုံကို ဘုရင်သိရှိစေရန်နှင့် တာဝန်ရှိအစိုးရမင်းများ သိရှိစေရန်သရော်ထားခြင်းပင် ဖြစ်ပါ သည်။ သို့သော် ကဗျာသည် ကျမ်းတစ်စောင် မဟုတ်သလို သုတစာပေလည်း မဟုတ်သောကြောင့် သုတေသနကျမ်းသဖွယ် အတည်ပြုရန် ခက်ခဲလှပါသည်။
တကယ်တမ်းဆိုလျှင် ပြည်သူလူထု၏ စားဝတ်နေရ။ ပညာရေး၊ ကျန်းမာရေးမှစ၍ သူပုန်ထတတ်သည့် အကျင့်စရိုက် အထိကို ကျွန်တော်တို့အနေဖြင့် တိတိကျကျ မှတ်တမ်းတင် ထားနိုင်ခဲ့ခြင်း သိပ်မရှိခဲ့ပါ။ ရေးသားရန် မဝံ့မရဲဖြစ်ခြင်း၊ ရေးခွင့်မရခဲ့ခြင်းလည်း ဖြစ်နိုင်သလို ရေးသားရန် မေ့လျော့နေခဲ့ခြင်းလည်း ဖြစ်ပေမည်။
လွတ်လပ်ရေးရပြီး ဒီဘက်ခေတ်ကို ပြန်ကြည့်လျှင်လည်း ပြည်သူလူထု၏ နေ့စဉ်လူမှုဒုက္ခအဝဝနှင့် ဓလေ့စရိုက်များကို စနှစ်တကျသင်ကြားပေးခြင်း၊ စနစ်တကျသုတေသနပြုထား ခြင်းများမှာ အလွန်ပင်အားနည်းလျက်ရှိနေဆဲ ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံရှိ အဆင့်မြင့်ပညာရေး တက္ကသိုလ်များဖြစ် ကြသော ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် ရတနာပုံ တက္ကသိုလ်တို့တွင် မနုဿဗေဒ (ANTHROPOLOGY) ပညာရပ်များကို သင်ကြားလျက်ရှိသော်လည်း လူမျိုးတစ်မျိုးချင်းစီ၏ သဘောသဘာဝကို လူအများသိရှိစေရန် ကျယ်ပြန့်စွာ သုတေ သနပြုရန် လိုအပ်နေပါသည်။ ဘက်လိုက်မှုကင်းစင်ပြီး စနစ်တကျ အသေးစိတ်လေ့လာထားသည့် သုတေသနကျမ်းများကို နိုင်ငံတော်အဆင့်အထိ တင်ပြနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း လိုအပ်ပေသည်။
စစ်ဘက်ဆိုင်ရာကို ကြည့်ပြန်လျှင်လည်း တပ်စုမှူး၊ တပ်ခွဲမှူး သင်တန်းမှစ၍ ဥစသမှသည် အမျိုးသားကာကွယ်ရေးကောလိပ် (NDC) အထိ စာတမ်းအများအပြားကို ကျွန်တော် လေ့လာဖတ်ရှုဖူးသလို ပြုစုခဲ့ဖူးသော စာတမ်းများလည်း ရှိခဲ့ပါသည်။ သို့သော် အားလုံးနီးပါးမှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံတကာရေးရာများကိုသာ အဓိကထား သုတေသနပြုလေ့လာ ကြခြင်းဖြစ်ရာ စစ်ဘက်အနေဖြင့်လည်း တိုင်းရင်းသားပြည်သူ များအကြောင်းကို ထဲထဲဝင်ဝင် သိရှိမှု အားနည်းနေခဲ့ရပါသည်။ အကျိုးဆက်အနေဖြင့် ကိုယ့်ပြည်သူ၊ ကိုယ့်လူမျိုးအကြောင်းကို သေသေချာချာ မသိရှိဘဲ ဖြစ်သွားခဲ့ရပါသည်။
မသိရှိကြသောအခါ သူပုန်မထလာအောင် ကြိုတင်မတားဆီး နိုင်ခဲ့သလို၊ သူပုန်ထလာပြန်လျှင်လည်း အချိန်တိုအတွင်း ပြီးပြတ်အောင် ဖြေရှင်းနိုင်ရန် ခက်ခဲရပြန်ပါသည်။ ဤကဲ့သို့ပင် အခြားနယ်ပယ် အသီးသီးတွင်လည်း ပြည်သူနှင့်အုပ်ချုပ်သူတို့အကြား သဟဇာတမဖြစ်ကြရခြင်းမှာ ပြည်သူတို့၏ အကြောင်းအရာများကို ထဲထဲဝင်ဝင်မသိရှိကြလို့ပင် ဖြစ်ပေသည်။
ဤနေရာတွင် အမေရိကန်နိုင်ငံသည် ပြည်သူတို့အကြောင်းကို သိရှိအောင် မည်သို့လုပ်ဆောင်ကြသည်ကို လေ့လာကြည့်ကြပါစို့။ ၂၀၀၁ ခုနှစ်တွင် အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်ကို လက်မခံဘဲ ဖုံးကွယ်ထားသည်ဟူသော အကြောင်းပြချက်ဖြင့် အမေရိကန်တို့က အာဖဂန်နစ္စတန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
တစ်ဖန် ၂၀၀၃ ခုနှစ်တွင် အီရတ်နိုင်ငံ၌ အဖျက်စွမ်းအားပြင်း လက်နက်များ ပိုင်ဆိုင်ထားသည်ဟူသော စွပ်စွဲချက်ဖြင့် အီရတ်ကို အမေရိကန်တို့ ထပ်မံဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။
လပိုင်းအတွင်း မြို့များကို သိမ်းပိုက်နိုင်ခဲ့ကြသည်ဆိုသော်လည်း အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ရှိ ပြည်သူများဘက်မှ ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်လာကြသောအခါ အမေရိကန်တို့ အကြီးအကျယ် အကျပ်တွေ့ခဲ့ကြရသည်။ ထိုအခါမှ အမေရိကန်တို့ ဝိုင်းဝန်းသုတေသနပြုကာ အဖြေရှာကြရာတွင် “အီရတ်နှင့် အာဖဂန်ပြည်သူတို့၏ စရိုက်သဘာဝကို မသိရှိခဲ့လို့ ဖြစ်ရခြင်းဖြစ်သည်” ဟူ၍ သုံးသပ်တွေ့ ရှိခဲ့ကြသည်။
ထို့ကြောင့် အမေရိကန်လူမှုသိပ္ပံပညာရှင် မောင်ဂိုမာရီမက်ဖိတ် (MONTGOMERY MCFATE)က ၂၀၀၅ ခုနှစ်တွင် အီရတ်နိုင်ငံ တည်ငြိမ်ရေးအတွက် “နယ်မြေလူထုအဖြေစစ်ဆင်မှုစနစ်” (HUMAN TERRAIN SYSTEM – HTS) ဘာသာရပ်ကို အမေရိကန်ကြည်းတပ်ထံ အဆိုပြုတင်သွင်းခဲ့ပါသည်။ HTS နှင့် ပတ်သက်၍ မနုဿဗေဒပညာရှင်များပါ ဝိုင်းဝန်းသုတေသန ပြုခဲ့ကြပြီး ၂၀၀၆ ခုနှစ်သို့ ရောက်သောအခါ အီရတ်နိုင်ငံတွင် စတင်ကျင့်သုံးခဲ့ကြသည်။ ထိုစနစ်ကို လူ့အခွင့်အရေးအဖွဲ့များက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပြီး ဘာသာရပ်တစ်ခုကို စစ်ဆင်ရေးအတွက် အသုံးပြုခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ရာရောက်သည်ဟု ဆိုကြသော်လည်း အမေရိကန်တို့သည် အီရတ်တွင် သာမက အာဖဂန်နစ္စတန်တွင်ပါ ကျင့်သုံးခဲ့ကြရာ အောင်မြင်သင့် သလောက် အောင်မြင်ခဲ့ကြပေသည်။
ထို့ကြောင့် ကျွန်တော်တို့သည်လည်း မိမိတို့လူမျိုး၊ မိမိတို့ ပြည်သူများအကြောင်းကို အမှန်တကယ် သိရှိအောင် လုပ်ဆောင်ကြရန် လိုအပ်လှပေသည်။ သိရှိလာသည်နှင့်အမျှ ပြုပြင်သင့်သည့် အပိုင်းများကို ပြုပြင်စရာများ တွေ့လာရမည်ဖြစ်သလို၊ တွေ့ရှိလာခဲ့လျှင်လည်း စနစ်တကျ ပြုပြင်သွားကြရန် လိုအပ်မည်ဖြစ်သည်။
အုပ်ချုပ်ရေးစနစ် ဆိုသည်မှာ ဆရာဝန်က ရောဂါကု သကဲ့သို့ပင် ဖြစ်ပါသည်။ အနာနှင့်ဆေး မတည့်သရွေ့တော့ ပျောက်ကင်းအောင် ကုသပေးရန် မလွယ်ကူနိုင်ပေ။ အနာနှင့်ဆေးတည့်သွားမှသာလျှင် ပျောက်ကင်းသွားမည် ဖြစ်ပေသည်။ ထို့ကြောင့် ရောဂါအနာကို အရင်သိအောင် လုပ်ရမည်ဖြစ်ပြီး အနာကိုသိလျှင် ဆေးက ပေါ်လာပါလိမ့်မည်။ ဤသို့ဆိုလျှင် မြန်မာပြည်၏ ပြဿနာများသည်လည်း ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မည်ဟု ကျွန်တော် မျှော်လင့်မိပါသည်။
ဤသို့ သုတေသနပြုလေ့လာကြရာတွင်လည်း ဘက်လိုက် မူကင်းကင်းနှင့် မှန်မှန်ကန်ကန် ဖြစ်စေရန် အလွန်ပင် အရေးကြီးပါသည်။
ဥပမာဆိုရသော် ဗမာလူမျိုးအကြောင်းကို လေ့လာသည် ဆိုပါကလည်း အလှူဒါနရက်ရောပြီး သဒ္ဓါတရား ထက်သန်သည်မှစ၍ ထစ်နေဆိုလျှင် တော်လှန်ပုန်ကန်တတ်သည့် စရိုက်များ၊ ရေသာခိုလိုသည့် စိတ်ဓာတ်များအထိကိုပါ အားမနာတမ်း ထည့်သွင်းရေးသားရန် လိုအပ်ပါသည်။ ထိုနည်းတူစွာ ဗမာနှင့်စရိုက်မျိုးနွယ်တူသော ရခိုင်လူမျိုးအကြောင်းကို လေ့လာ လျှင်လည်း လူမျိုးရေးအစွန်းရောက်သည့် အချက်များပါမကျန် မကောင်းသည့်အကျင့်စရိုက်ရော၊ ကောင်းသည့်အကျင့် စရိုက် များပါ ခြွင်းချက်မရှိ ထည့်သွင်းဖော်ပြပေးရန် လိုအပ်ပေမည်။
ထိုနည်းကူစွာ မွန်လူမျိုး၊ ရှမ်းလူမျိုးတို့၏ စရိုက်လက္ခဏာ များကို လေ့လာမည်ဆိုလျှင်လည်း အေးအေးချမ်းချမ်း နေထိုင် တတ်ကြပြီး စီးပွားရေးနှင့် ဘာသာရေးကိုသာ အဓိကစိတ်ဝင် စားတတ်ကြသည့် လူမျိုးများဖြစ်ကြောင်း မချွင်းမချန် ထည့် သွင်းသုတေသနပြုရန် လိုအပ်ပါလိမ့်မည်။ မှန်ကန်သော သုတေ သနပြုမှုများ ရှိလာမှသာလျှင် ဘယ်လူမျိုး၊ ဘယ်ပြည်သူ၊ ဘယ် ဒေသတွင် ဘာဖြစ်လာပါက ဘာလုပ်ရမည်၊ မည်သို့ဖြေရှင်းရ မည်ဟူသော အဖြေကို ရရှိလာနိုင်မည် ဖြစ်ပေသည်။
ခြုံငုံသုံးသပ်ရလျှင် တိုင်းပြည်တစ်ပြည် တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ရေးမဟာဗျူဟာ သို့မဟုတ် စီးပွားရေးပုံစံများ ရေးဆွဲရုံမျှဖြင့် မလုံလောက်ပေ။ စစ်မှန်သော သုတေသနအသိနှင့် အတူ ပြည်သူလူထု အကြောင်းကို သိရှိနားလည်ခြင်းဖြင့် ဦးဆောင်လမ်းပြရန် အလွန်ပင်အရေးကြီးလှပါသည်။ သမိုင်းအစဉ်အဆက် စာပေရေးရာနှင့် စစ်ဆင်ရေးနယ်ပယ်တို့တွင် မေ့လျော့ကျန်ရစ်ခဲ့သည့် “တိုင်းရင်းသား ပြည်သူတို့၏ အခြေခံစရိုက်နှင့် လူမှုစီးပွားဘဝများ” အကြောင်းကို ရှင်းလင်းစွာခင်းကျင်းပြသနိုင်မည့် သုတေသနပြုမှုများနှင့် စနစ်တကျ သင်ကြားလေ့လာမှုများအား လုပ်ဆောင်ကြရန် လိုအပ်နေပြီ ဖြစ်ပါသည်။ ဆရာဝန်တစ်ဦးက လူနာ၏ရောဂါအမြစ်ကို ရှာဖွေကုသသကဲ့သို့ မိမိတို့လူမျိုးများ၏ စရိုက်လက္ခဏာနှင့် ပြဿနာများကို ရဲရဲဝံ့ဝံ့၊ ဘက်လိုက်မှုကင်းကင်းဖြင့် ဖော်ထုတ်နိုင်မှသာလျှင် ပဋိပက္ခမှသည် တည်ငြိမ်အေးချမ်းရေးဆီသို့ ဦးတည်နိုင်မည့် နည်းလမ်းကောင်းများ ပေါ်ထွက်လာမည် ဖြစ်ပါသည်။ သို့မှသာ အုပ်ချုပ်သူနှင့် ပြည်သူအကြား အပြန်အလှန်ယုံကြည်မှုနှင့် သဟဇာတဖြစ်မှုကို တည်ဆောက်နိုင်မည်ဖြစ်ပြီး မြန်မာပြည်၏ ရှည်လျားလှစွာသော ပဋိပက္ခဆူးငြောင့်များကို အမြစ်မှ နှုတ်ပစ်ကာ အေးချမ်းသာယာသည့် အနာဂတ်ဆီသို့ တက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း အကြံပြုလိုက်ရပါသည်။
အောင်နိုင်သူ (ဇွဲကပင်)
#BulletNewsJournal
