ကမ္ဘာ့နိုင်ငံရေးအရွေ့တွေ အချိန်နဲ့အမျှ ပြောင်းလဲနေတာနဲ့အမျှ နိုင်ငံရေး စီးပွားရေး စစ်ရေး ချိန်ခွင်လျှာတွေလည်း ပြောင်းလဲလာပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာတော့ ဒေသ တွင်းက ရုရှားရင်းနှီးမြှုပ်နှံမှုအဖြစ် အာရုံစိုက် ခံရတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းက Hot Topic ဖြစ်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဗန်းမော်တိုက်ပွဲနဲ့ပတ်သက်တဲ့ သတင်းတွေကလည်း အတော် ပွဲဆူသွားပါတယ်။ နှစ်ခုစလုံးက သတင်းအချက်အလက်ကို ကစားကြတာမို့ ပြောစရာရှိလာ ပါတယ်။
ပထမဆုံးပြောချင်တာကတော့ ထားဝယ်ရေနက်ဆိပ်ကမ်းပေါ့။ ထားဝယ်ရေနက်ဆိပ်ကမ်း ဟာ ကျွန်တော်တို့အတွက် သာမန်ဆိပ်ကမ်း၊ ရင်းနှီးမြှုပ်နှံမှုတစ်ခုထက်ပိုပါတယ်။ Strategic Checkpoint တစ်ခုလို အသုံးပြုလို့ရတယ်။ ဒေသတွင်းက ပါဝါနိုင်ငံကြီးတွေကြား ပါဝါမျှခြေချဖို့ စဉ်းစားကြရတယ်။ ဒါနိုင်ငံရေးကို တစ်စုံတရာ ထဲထဲဝင်ဝင် လေ့လာတဲ့သူတိုင်း သိကြတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီနေရာမှာ ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းနဲ့ အချိန်ကိုက် ရုရှားကို (အားနည်းတဲ့ မိတ်ဖက်၊ အားကိုးလောက်စရာမရှိတဲ့မိတ်ဖက်) လို ပုံဖော်ရေးသားလာတာတွေဟာ သတိပြုစရာ ဖြစ်ပါတယ်။ သာမန်စာဖတ်သူတွေကြား ရုရှားအပေါ် ပုံသွင်းထားတဲ့အမြင်တစ်ခု သွတ်သွင်းပေးရာကျတယ်။ နောက်တစ်ခုက ကျွန်တော်တို့ဟာ တစ်နိုင်ငံလုံးကျွတ် စစ်မျက်နှာ ဖြန့်နေရတဲ့ကာလမှာ ကျွန်တော်တို့ နိုင်ငံထဲက Power Balanced လုပ်တဲ့ စီမံကိန်းတွေ အကြောင်း ဒီလောက်ကြီး ကွက်ကွက်ကွင်းကွင်း ရှင်းပြရပြနေဖို့ မသင့်တော်သေးဘူးလို့ ယူဆပါတယ်။ မလိုလားအပ်တဲ့ အကျိုးဆက်တွေဆီ ဦးတည်သွားပါလိမ့်မယ်။ တချို့သော အရေးအသားတွေဟာ ကျွန်တော်တို့ အစိုးရကို တစ်စုံတစ်ရာဖြေရှင်းချက်ပေးလာအောင် ထပ်ကျုံး သွင်းဝါဒဖြန့်နေသလိုမြင်ရတဲ့အခါ မြင်ရတာတောင် အဆင်ပြေမနေပါဘူး။
ဆိုကြပါစို့ – ရုရှားရဲ့ စီမံကိန်းတွေဟာ မြန်မာနိုင်ငံတွင်း ဒေသတွင်းပါဝါကြီးရဲ့ လက်ဝါးကြီးအုပ်မှုကို ဘယ်သို့တယ်ပုံ Counter လုပ်ဖို့ဆို တာကို ကျွန်တော်တို့က ဒီလောက်ကြီး မဖြစ်မနေ ပြောဆိုနေဖို့လိုမှာလား။ စကားတစ်ခွန်း အမှားမှာ အရှေ့မြောက်ဒေသက စစ်ပွဲတွေ မ တစ်ကျော့ပြန်စေချင်တာလား။
နောက်တစ်ခုက ကချင်စစ်သတင်းတွေပါ။ စစ်တပ်တွေရဲ့ ထုံးစံအရ ဘယ်စစ်တပ်ကမှ စစ်ရေးအခြေအနေ၊ စစ်ချီစစ်တက် တိုက်ပွဲအနေ အထား အသေးစိတ်ကို မထုတ်ပြန်ပါဘူး။ ထုတ် ပြန်စရာလည်း မလိုပါဘူး။ အမေရိကန် စစ်တပ်က ထုတ်ပြန်တယ်ဆိုတာ Perception Management အရ လူထုအမြင်မှာ အမေရိကန် စစ်တပ်က တယ်လိုစည်းကမ်းလိုက်နာပြီး ဘယ်က လိုအဆင့်မြင့်နည်းပညာတွေနဲ့ ရန်သူကို အသာစီးယူချေမှုန်းလိုက်နိုင်တယ်ဆိုတာကို ပြသပြီး ပုံရိပ်တည်ဆောက်ဖို့ဖြစ်တယ်။ အီရန်စစ်တပ်က အမေရိကန်ကို အွန်လိုင်းပေါ်မှာ တရစပ် အနိုင်ပါ။ ရပြနေတယ်ဆိုတာ “သိက္ခာတည်ဆောက်ဖို့” ဖြစ်တယ်။ သေရမယ်ဆိုရင်တောင် မသေခင် ရန်သူကို အဝဆဲသွားမယ့်သဘောပဲ။ ဒီလိုမှမဟုတ်ရင် စစ်ဆင်ရေးဆိုတာ လျှို့လျှို့ဝှက်ဝှက်နဲ့ ရည်မှန်းချက်ကို အရောက်သွားရတာချည်းပဲ။ အစကတည်းက မီဒီယာ Favor ရမထားတဲ့ “အစ္စရေး” ဆိုရင် ဘာမှကို အဖက်လုပ်ထုတ်ပြန်တာသိပ်မရှိဘဲ ရန်သူ့ခေါင်းကြီးပိုင်းတွေကိုချည်း တည်ပြီးဖြုတ်သွားတယ်။ တွေးစရာက မိမိအနေအထားက ဘယ်လိုလဲ။ အမေရိကန်လိုလား၊ အစ္စရေးလိုလား။
အရေးကြီးတာတစ်ခုက တစ်ကိုယ်စာ ရွေးချယ်မှုကို နိုင်ငံတော်အပေါ်ပုံမချမိဖို့လိုတယ်။ လက်ရှိနိုင်ငံတော်မှာ နိုင်ငံရေးအရ အမြင်မတူမှုဟာ သေလောက်တဲ့ပြစ်မှုလိုဖြစ်နေတယ်။ စစ်ဖြစ်နေတဲ့ဒေသတွေမှာနေရရင် မိမိရဲ့ မြင်ရတာ – အသက်ရှင်သန်ရေးဟာ မိမိရဲ့ တာဝန်သာ ဖြစ်ပါတယ်။
အဲဒီလိုရေးလို့ ကျွန်တော့်ကို ကိုယ်ချင်းစာစိတ်မရှိတဲ့လူလို့ စွပ်စွဲပြစ်တင်နိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အလားတူအနေအထားမျိုး ကြုံခဲ့ပါတယ်။ (၁၀၂၇) လားရှိုးတိုက်ပွဲ ကာ လတွင်းက လားရှိုးမြို့ခံတွေဟာ လားရှိုးမြို့မှာ ရမခအခြေစိုက်တဲ့အတွက် မြို့မကျဘူးလို့ အပြည့်အဝ ယုံကြည်ခဲ့တာပါ။ တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း အပြည့်ရှိခဲ့ကြတာပါ။ ဒီတော့ တော်ရုံမရှောင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း တစတစ ကျလုကျခင် မြို့ကြီးထဲမှာ ကိုယ့်ကိုခြေရာခံနေတဲ့ ပဒတ်တွေနဲ့ ဘတစ်ပြန် ကျားတစ်ပြန်ရုန်းကန်ခဲ့တာပါ။ ပဒတ်က တပ်ထောက်ခံသူအသိုင်းအဝိုင်းထဲ စိမ့်ဝင်ပြီး သတင်းယူပြီးပြီ။ လမ်းကြောင်းတွေမှာ လူတွေဖြန့်ပြီးပြီ။ ကျွန်တော်ကလည်း လားရှိုးမြို့ကိုချစ်တဲ့ လူတစ်ယောက်အနေနဲ့ အတော်ကို နောက်ကျမှ အတိအကျပြောရရင် မြို့ကျမှ သူပုန်လက်က အောက်မှာမနေနိုင်တဲ့အတွက်) ထွက်ခွာခဲ့တာပါ။
ကျွန်တော်က တပ်မတော်ကို လူသိရှင်ကြား ထောက်ခံခဲ့သူဖြစ်လို့ ပစ်မှတ်လည်းဖြစ်နိုင်ပါတယ်။ အဖမ်းခံရနိုင်ပါတယ်။ သေနိုင်ပါတယ်။ ကျွန်တော့်ကိုမိသွားရင် ကြုံရမယ့်ကံကြမ္မာကို ကျွန်တော် လက်ခံပြီးသားပါ။ အသက်ကို ဉာဏ်စောင့်တာမို့ ကျွန်တော်ဉာဏ်နည်းလို့ သေသွားရင်တောင် ဝမ်းနည်းစရာမရှိပါဘူး။ ကိုယ့်အသက် ကိုယ်တောင် ရှင်အောင်မမွေးနိုင်တာ၊ ဘာကြီးကြီး ကျယ်ကျယ်မှ ဆက်ပြောနေစရာ မလိုဘူးလို့ပဲ ခံယူထားတယ်။ ကိုယ်နဲ့နှိုင်း မရိုင်း ဆိုသလိုပဲ… တချို့ကိစ္စတွေကိုလည်း ကိုယ့်အတွေ့အကြုံ ကိုယ့်ခံယူချက်နဲ့ပဲ နှိုင်းပါတယ်။ တပ်မိသားစုတွေအနေနဲ့ မလိုလားအပ်တဲ့ ဝမ်းနည်းစရာကိစ္စတွေဖြစ်မလာအောင် ဘယ်အရာကိုမဆို သေချာတွေးဆပြီးမှ ဆုံးဖြတ်ကြစေချင်ပါတယ်။ ဖြစ်ပြီးမှ ငိုယိုနေလို့လည်း မထူးပါဘူး။ မခံစားနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အွန်လိုင်းပေါ်တင် ကြေကွဲလို့လည်း တပ်မတော်က Operation ဝင်ပြီး လိုက်ကယ်ဖို့ အခြေအနေမပေးရင်… ရန်သူဝမ်းသာဖို့ အစာကျွေးတာ ထက်မပိုပါဘူး။
တချို့က ဒါမျိုးတွေဖြစ်လာပြီဆိုရင် အီမိုလွန်ကဲပြီး သာသာထိုးထိုး ကြေကွဲဝမ်းနည်းပြကြတာ၊ ပြစ်တင်ဝေဖန်ကြတာတွေမြင်နေရတာတော့ အတော်ကို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ပိုဆိုးတာက တပ်ကို သွေးခွဲတော့မယောင် ဝမ်းနည်းကြေကွဲကြတာပါပဲ။ ဒီတော့ ဂရုစိုက်ကြစေချင်ပါတယ်။ ဖြေရှင်းရမယ့်အရာတွေ အများကြီးရှိပါတယ်။ တချို့အရာတွေ ကိုယ်နဲ့မဆိုင်ရင် ဝင်မငံကြတာ ပိုကောင်းပါတယ်။ မနေနိုင်လို့ ပြောတော့မယ်ဆိုရင်လည်း အကျိုးဆက် ကလေးပါ စဉ်းစားပြီးမှ ပြောကြဆိုကြရင်တော့ အကောင်းဆုံးဖြစ်မှာပါ။
အနှစ်ချူပ်သုံးသပ်ရသော်-
ကမ္ဘာကြီးရဲ့ သံရေးတမန်ရေး စစ်ရေး အရွေ့တွေကြောင့် အရာအားလုံးဟာ အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်။
-စီးပွားရေးသက်သက်လုပ်ချင်လို့ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိသလို ပါဝါမျှခြေအတွက် ဝင်လာတဲ့ စီမံကိန်းတွေလည်းရှိပါတယ်။ ရုရှားပဲ ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ဝင်လာတာ မဟုတ်ပါဘူး။ အမေရိကန်ကလည်း မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ ဖြစ်တန်စွမ်းတွေကို ရှာဖွေနေတဲ့ သတင်းလည်း တက်လာပါတယ်။ အာဆီယံကိုလည်း သက်ရောက်လာမှာပါ။
-အရင်ဆောင်းပါးတွေမှာပါဝါတွေနည်းတူ အာဆီယံနဲ့ Diplomacy ကို အားထည့်ဖို့ ရေးဖူး ပါတယ်။ အာဆီယံနဲ့ဆက်ဆံရေးကောင်းခြင်းဟာ အာဆီယံကို Proxy လိုသုံးပြီး ခြယ်လှယ်နေတဲ့ ပါဝါနိုင်ငံကြီးတွေအပေါ်ပါ သက်ရောက်လို့ပဲ။ အာဆီယံက စစ်တုရင်ခုံပေါ်က မြင်းနဲ့တူပါတယ်။ ဖြစ်နိုင်ရင် စားပစ်လိုက်ပါ။
– Diplomacy တည်ဆောက်နေတဲ့ ကလပို့နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို တကယ်ငဲ့ရင် မည်သည့်နိုင်ငံနဲ့မှ မျက်နှာပျက်စရာ ထေ့လုံးရိလုံးတွေနဲ့ ဝါဒဖြန့်တာမျိုး မလုပ်ကြရင် ကောင်းမှာပါ။
– နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေး ဟာ ဘေးက အိမ်နီးချင်းတွေနဲ့လည်း ပတ်သက် နေတာမို့ ကျွန်တော်တို့ဟာ အကဲဆတ်တဲ့ ကာလမှာ ပါးနပ်မှဖြစ်မယ်။ ညီညွတ်မှဖြစ်မယ်။ အတ္တမကဲကြမှဖြစ်မယ်။ မဟုတ်ရင်… မီးဟုန်းဟုန်းတောက်မှာပါ။
အစုအဖွဲ့တွေညီညွတ်ကြဖို့လိုသလို တစ်ဦးချင်းကလည်း မိမိနဲ့ မိမိမိသားစုရဲ့ လုံခြုံရေးကိုတော့ ဉာဏ်နဲ့ယှဉ်ပြီး တာဝန်ယူတတ်ကြဖို့ လိုပါတယ်။ မလိုအပ်ဘဲ အရဲမကိုးကြစေချင်တာပါ။
အစိုးရကတော့ မီဒီယာကို အုပ်စီးနိုင်ရင် အမေရိကန်စစ်တပ်လို သိသင့်သိထိုက်တာတွေ ချပြပြီး စစ်တိုက်တတ်ဖို့လိုပါတယ်။ ဒီလိုမှ မဟုတ်ဘဲ မိမိဟာ အစ္စရေးလို မီဒီယာမှာ အမြဲနွာ ခံနေကျဆိုရင်တော့ဖြင့်…
အစ္စရေးလိုပဲ… အီရန်ကို အွန်လိုင်းမှာ ပေးနိုင်လိုက်လို့ရပါတယ်။ ရန်သူရဲ့ အာရုံစိုက်မှုကို မိမိရဲ့ ပင်မစစ်ဆင်ရေးဆီ မရောက်ဖို့ အာရုံလွှဲတဲ့အနေနဲ့ ရန်သူရဲ့ Flow ကိုလည်း လိုက်ကပေးလို့ရပါတယ်။ အစ္စရေးဝန်ကြီးချုပ်ဆိုရင် သူ့သားကိုပါ အွန်လိုင်းကနေ ခုနစ်ရက်ဖျောက်ပြီး သေပြလိုက်သေးတာပါ။ ဒီလိုဖြစ်နေတဲ့အခိုက် အရေးကြီးတာတွေ အများကြီးလုပ်သွားလို့ရတယ်။
စိန်ခေါ်မှုကြီးသလို အချိုးအကွေ့လည်း ကြီးမှာမို့ နိုင်ငံတော်ကြီး ကံကောင်းပါစေကြောင်း ဆုမွန်ကောင်းများ တောင်းရပါတယ်။
သန့်နေစိုး (5. Sept. 2026)
Bullet ဂျာနယ် Vol (8), No (28)/10/9/2026
