အောင်နိုင်သူ(ဇွဲကပင်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်စာအမှတ် (၅၀/၂၀၂၆)၊ (၅၁/၂၀၂၆)၊ (၅၂/၂၀၂၆) အရ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေကြသည့် အကျဉ်းသား/အကျဉ်းသူ (၁၅၀၈) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပါသည်။ ထိုနည်းတူ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်) တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား/သူ ၄,၃၃၅ ဦးကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည်။ အများစုမှာ သာမန်အမှုငယ်များဖြစ်ပြီး လွတ်ရက်နီးသူများကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု တစ်ဘက်အုပ်စုနှင့် ဆန့်ကျင်ဘက်အုပ်စုများက ဝေဖန်ထောက်ပြနေသည့်တိုင် အမှန်တကယ်တွင် အစိုးရသစ်၏ သဘောထားကြီးမှုကြောင့် နိုင်ငံရေးပြစ်မှုပုဒ်မများဖြင့် ပြစ်ဒဏ် ကျခံရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ခြင်း ဖြစ်ပါသည်။ တစ်နည်းဆိုရသော် အစိုးရသစ်က နိုင်ငံရေးလွတ်လပ်ခွင့်ပေးရန် အစပြုခဲ့ခြင်းဖြစ်သည်ဟု နားလည်မိပါသည်။
ထူးခြားသည်က ထိုကဲ့သို့ နိုင်ငံရေးလွတ်လပ်ခွင့်ပေးသူများတွင် နှစ်ဆန်း ၁ ရက်နေ့က ထောင်ကျခံထားရသော NLD ခေတ်က သမ္မတဟောင်း ဦးဝင်းမြင့်ပါလာခြင်းနှင့် ကဆုန်လပြည့် နေ့တွင်လည်း ဒေါ်စုကြည်အား နေအိမ်အချုပ်အဖြစ်သို့ ပြစ်ဒဏ်ပြောင်းလဲကျခံခြင်းတို့ ပါဝင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ ဤသတင်းများနှင့်အတူ အစိုးရသစ်၏ နိုင်ငံရေးသဘောထားကြီး မှုနှင့် နိုင်ငံရေးလွတ်လပ်ခွင့်ပေးလာမှုအပေါ် အချို့သောလူထုများက စိုးရိမ်စိတ်များ မြင့်မားလာကြပါသည်။ စိုးရိမ်စိတ်နှင့်အတူ ဝေဖန်ထောက်ပြမှုများလည်း ရှိလာခဲ့ပါသည်။ ဤကဲ့သို့လုပ်ဆောင်မှု ဒီမိုကရေစီစနစ်အရ အစိုးရသစ်၏ အသွင်ပြောင်းကာလတွင် လုပ်လေ့လုပ်ထရှိသော နိုင်ငံရေးလုပ်ငန်းစဉ် တစ်ရပ်လည်း ဖြစ်ပါသည်။
သို့သော် အစိုးသစ်၏ နိုင်ငံရေးလွတ်လပ်ခွင့်အပေါ် စိုးရိမ်ကြသည့် လူထုကိုအပြစ်မြင်ရန် ခက်ပါသည်။ နိုင်ငံကိုချစ်၍ စိုးရိမ်ကြခြင်းဖြစ်သည်ဟု စာရေးသူ နားလည်မိပါသည်။ မဝေးခဲ့သည့် အတိတ်ကိုပြန်ကြည့်လျှင် ဦးသိန်းစိန်ခေတ် ဒီမိုကရေစီအစိုးရသစ်လက်ထက်ကလည်း နိုင်ငံရေး လွတ်လပ်ခွင့် အလွန်အမင်း ပေးခဲ့ဖူးပါသည်။ ယခုလို နိုင်ငံရေးအကျဉ်းသားများ အလုံးအရင်းဖြင့် လွှတ်ပေးခဲ့ခြင်းအပါအဝင် ဒေါ်စုကြည် ဦးဆောင်အတိုက်အခံ NLD ပါတီအား ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ပေးပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအား ဝင်စေခဲ့ပါသည်။ ထိုမှတစ်ဆင့် NLD သည် ပြန်လည်ရှင်သန်ခွင့်ရပြီး လွှတ်တော်ထဲသို့ ရောက်လာကာ နောက်ဆုံးတွင် အားလုံးသိကြသည့်အတိုင်း ထိန်းမနိုင်သိမ်းမရဖြစ်ကာ မဲမသမာမှုဖြင့် နိုင်ငံတော်အာဏာကိုရယူရန် ကြိုးပမ်းခဲ့ကြသည် မဟုတ်ပါလား။ အကျိုးဆက်က တိုင်းပြည်ကို ယခုကဲ့သို့ ပုံမှန်အခြေအနေရောက်ရန် တပ်မတော်ကဦးဆောင်ပြီး ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရသည် မဟုတ်ပါလား။ ဤ အတိတ်သင်ခန်းစာများကြောင့်ပင် အစိုးရသစ်၏ နိုင်ငံရေးလွတ်လပ်ခွင့်ပေးလာမှုအပေါ် လူထုစိုးရိမ်လာကြသည်ဟု စာရေးသူယူဆမိပါသည်။ သို့သော် လက်ရှိကာလသည် အစိုးရသစ်အနေဖြင့် ရင်ဆိုင်နေရသော နိုင်ငံတကာဖိအားနှင့် ပြည်တွင်းအင်အားစုများအကြား စည်းလုံးညီညွတ်ရန် လိုအပ်နေချိန်ဖြစ်ပါသည်။ ဒီမိုကရေစီ အစိုးရသစ်၏ အသွင်ကူးပြောင်းကာလမှာ ကြုံနေရသည့်စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန်အတွက် ယခုကဲ့သို့ ထိုက်သင့်သော နိုင်ငံရေးလွတ်လပ်ခွင့်ကို ပေးနေရခြင်း ဖြစ်သည်ကို နားလည်ကြရန်လိုပါသည်။ တစ်ဘက်မှာလည်း အတိတ်သင်ခန်းစာအတွေ့ အကြုံများအရ သတိနှင့်ယှဉ်ပြီး နိုင်ငံရေးလွတ်လပ်ခွင့်ပေးနေကြောင်း တွေ့ရပါသည်။ ထင်ရှားသော သာကေတစ်ခုကိုပြရလျှင် ယခုရက်ပိုင်းအတွင်း နာမည်ကြီး အမျိုးသားစာပေဆုရ စာရေးဆရာတင်ညွှန့်ကို ဥပဒေအရ ဖမ်းဆီးခဲ့ပါသည်။
သူရေးသားခဲ့သော စာအုပ်များကြောင့်သိရသလို သူသည်ပင်လည်း အွန်လိုင်း Facebook ပေါ်တွင် အစိုးရနှင့် တပ်မတော်အပေါ်ကို မထိတထိ ပါးပါးလေးပုတ်ကာ တစ်စိုက်မက်မက် ပုတ်ခတ်စော်ကားခက်သည်မှာ ကြာခဲ့ပြီဖြစ်ပါသည်။ စာရေးကောင်းသော ဆရာတင်ညွန့်ကို စာပေအဆိပ်ခတ်သည်ဟုပင် တပ်မတော်ထောက်ခံသူများက ထောက်ပြလေ့ရှိပါသည်။ ဤအချက်ကိုကြည့်လျှင် အစိုးရသစ်၏ နိုင်ငံရေးလွတ်လပ်ခွင့်ပေးမှုသည် ဦးသိန်းစိန် ခေတ်နှင့်မတူဘဲ သတိတရားနှင့် ယှဉ်၍ပေးသည်ဟု ယူဆမိပါသည်။
ဦးသိန်းစိန်ခေတ်က ယခုလို အကျဉ်းသားများကို လွှတ်ပေးရုံ၊ အတိုက်ခံများကို လွှတ်တော်ထဲ ခေါ်သွင်းရုံမျှမကသေးဘဲ လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်ကိုလည်း အလွန်အမင်းပေးခဲ့ကြောင်း တွေ့ရသည်။ ဒီမိုကရေစီရပြီဟုဆိုကာ နိုင်ငံအနှံ့အပြားတွင် စာရေးဆရာများအား စာပေဟောပြောပွဲများ စိတ်ကြိုက်ကျင်းပခွင့်ပြုခဲ့ကြသည်။
ကျင်းပခဲ့သော စာပေဟောပြောတိုင်းရှိစာရေးဆရာများသည် ဦးသိန်းစိန်အစိုးရနှင့် တပ်မတော် မကောင်းကြောင်းကိုပင် အပ်ကြောင်းထပ်အောင်ပြော၍ လူထုကို အဆိပ်ခတ်ခဲ့ကြသည်။
စာပေဟောပြောပွဲနှင့်မတူဘဲ အစိုးရနှင့်တပ်မတော်ကို စော်ကားပုတ်ခတ်ပွဲများအဖြစ် ယနေ့တိုင် အွန်လိုင် Youtube စာမျက်နှာများတွင် သက်သေအဖြစ် တည်ရှိနေဆဲ ဖြစ်ပါသည်။ မီဒီယာ စာမျက်နှာကို ကြည့်ပြန်ရင်လည်း ပြည်တွင်း ပြည်ပ မီဒီယာများတွင် ဒီဘိတ်များ အပြိုင်အဆိုင် ပေါ်လာခဲ့သည်။ ဒီဘိတ်တိုင်းကလည်း အစိုးရနှင့်တပ်မတော်ကို စော်ကားပုတ်ခတ်ပြီး NLD နှင့် ဒေါ်စုကြည်ကိုမူ အမွှမ်းတင်ကာ ကြေညာခဲ့ကြပါသည်။
ထို့ကြောင့်ပင် မြန်မာ့လူမှု အသိုင်းအဝိုင်းများကြားတွင် တပ်မတော်နှင့် အစိုးရကို ဝေဖန် ပုတ်ခတ်ခြင်း၊ စော်ကားတိုက်ခိုက်ခြင်းကို နိုင်ငံရေးဟု ယူဆလာကြသော G-Z လူငယ်များပေါ် လာခဲ့ရာ နောက်ဆုံးတွင် PDF များပင်ဖြစ်ခဲ့ကြသည်ကို တွေ့ရသည်။ ဤကား ဦးသိန်းစိန်ခေတ်၏ နိုင်ငံရေးလွတ်လပ်ခွင့်ကပေးခဲ့သော ရလဒ်အကျိုးဆက်များဖြစ်သည်ကို သတိပြုသင်ခန်းစာ ယူရမည် ဖြစ်ပါသည်။
နိုင်ငံရေးလွတ်လပ်ခွင့်နှင့်အတူ ဒေါ်စုကြည်ကို နေအိမ်အချုပ်ပြောင်းရွှေ့ပေးလိုက်၍ UN က ဝမ်းမြောက်ကြိုဆိုကြောင်း သတင်းတစ်ပုဒ်ကိုဖတ်ရတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်က ဒေါ်စုကြည်ကို ကိုင်တွယ်ခဲ့သည့် ဗျူဟာကိုပြန်သတိရမိသည်။ ထိုအချိန်က ဒေါ်စုကြည်သည် ယခုခေတ် ဒေါ်စုကြည်ထက် နိုင်ငံတကာက ပို၍အာရုံစိုက်ကြသလို ပို၍လည်း အလေးထားကြသည်ကို တွေ့ရသည်။ ထိုခေတ်က ဒေါ်စုကြည်ကို နိင်ငံတကာက ဆုပေးခဲ့ကြသည်မှာ တစ်လမှမပြတ်ခဲ့သလို အနောက်အုပ်စုကလည်း ဒေါ်စုကြည်ကို အကြောင်းပြုပြီး မြန်မာပြည်ကို နည်းလမ်းမျိုးစုံနှင့် ပြဿနာရှာကြသည်ကလည်း ယနေ့ကာလ ထက် အများကြီးပိုဆိုးခဲ့သည်ကို တွေ့ရသည်။
ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့သည် ဒေါ်စုကြည်ကို ထိန်းချုပ်ရန် ခက်ခက်ခဲခဲကိုင်တွယ်ခဲ့ရသည်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ဒေါ်စုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် ထားရှိခဲ့သည်။ ဒေါ်စုကြည်နှင့် ဆက်သွယ်ဆောင်ရွက်ရန် ဆက်ဆံရေးဝန်ကြီးတစ်ဦးကို ခန့်ထားခဲ့ပါသည်။ သိသာသောဆက်ဆံမှုပုံစံက နေအိမ်မှာ အကျယ်ချုပ်တောက်လျှောက်ထား၍ နေထိုင်စေပြီး နိုင်ငံတကာဖိအားများ များလာသည့်အခါ ဆက်ဆံရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့ကတစ်ဆင့် ဆက်သွယ်ခိုင်းသည်။ ပြီးနောက် ဒေါ်စုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော အစိုးရအဖွဲ့များကို အထူးနေ့လယ်စာ စားပွဲများ၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပေးလေ့ရှိပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးမှု သတင်းမှတ်တမ်းဓာတ်ပုံများကို ရုပ်/သံနှင့် သတင်းစာများကတစ်ဆင့် နိုင်ငံတကာကို ချပြလေ့ရှိပါသည်။ တကယ့်လက်တွေ့တွင် ဒေါ်စုကြည်က နိုင်ငံရေးအကြောင်း ထုတ်ပြောလာလျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စကားလမ်းကြောင်းလွှဲပစ်လိုက်သည်ဟု ဆိုပါသည်။ ဤနည်းဖြင့် နဝတ/နယက အစိုးရသည် ဒေါ်စုကြည်ကို နှစ်ပေါင်း ၂ဝ လောက် ထိန်းချုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။ ဤအကြောင်းအရာများကို ဦးရဲထွတ်၏ စာအုပ်တစ်အုပ်တွင်ရေးထားသည်ကို ဖတ်ဖူးပါသည်။
ယခုလည်း ဒေါ်စုကြည်ကို ဤဗျူဟာကျင့်သုံးလိမ့်မည် မဟုတ်ဟု ယူဆမိပါသည်။ သို့သော် အစိုးရသစ်သည် ဒေါ်စုကြည်ကို ထိန်းထားခြင်းနှင့် လွှတ်ပေးခြင်းတွင် မည်သည့်အရာက ပိုပြီးကောင်းကျိုးနှင့် ဆိုးကျိုးကိုဖြစ်စေသလဲ၊ စဉ်းစားချိန် တွက်ချက်ထားပုံရပါသည်။ ဥပဒေနဲ့အညီ ဖြစ်စေရန်လည်း စဉ်းစားတွက်ချက်ထားပုံရပါသည်။ တိုင်းပြည်အတွက် ဆိုးကျိုးထက် ကောင်းကျိုးပိုများမည်ဆိုလျှင်သော်လည်းကောင်း ဥပဒေအရ လွတ်မြောက်ချိန်တန်လျင်သော်လည်းကောင်း လွှတ်ပေးပါလိမ့်မည်။ ဒေါ်စုကြည် ကိုလွှတ်ပေးလိုက်လျှင် လက်ရှိတည်ငြိမ်နေသည့် နိုင်ငံရေးက ‘ရှုပ်ထွေးလာနိုင်သည်၊ ဆိုးရွားလာ နိုင်သည်ဟု ယူဆချက်ရှိနေလျှင် ယခုလိုပဲ ထိန်းသိမ်ထားလိမ့်မည်ဟု ယူဆမိပါသည်။
ဤနေရာတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစိုးရသစ်များအနေဖြင့် သတိထားရမည်က နိုင်ငံရေးလွတ်လပ်ခွင့် အလွန်အမင်း ပေးသင့်မပေးသင့်ဆိုသည့် အချက်ပဲ ဖြစ်ပါသည်။ ဟားဗတ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ဆမ်မြူရယ် ဟယ်တင် (Samuel P. Huntington) ၏ “The Third Wave” စာအုပ်ပါ သုံးသပ်ချက်များကို ပြန်ပြီးအမှတ်ရမိပါသည်။
ဟယ်တင်တန်က ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲရခြင်း၏အဓိကအကြောင်းအရင်းမှာ ဂေါ်ဘာချော့ဗ်၏ Glasnost (ပွင့်လင်းမြင်သာမှု) မူဝါဒကြောင့် နိုင်ငံရေးလွတ်လပ်ခွင့်ကို အလွန်အမင်း ပေးအပ်ခဲ့မိခြင်းဟု ဆိုသည်။ ထိုလွတ်လပ်ခွင့်သည် အထိုင်ကျနေသောစနစ်ကို ထိန်းထားသည့် “ကြောက်ရွံ့မှု” အုတ်မြစ်ကို ဖြိုချလိုက်သဖြင့် စနစ်တစ်ခုလုံး ပြိုကျသွားရသည်။
လိုအပ်သည်ထက် ပိုမိုလွတ်လပ်ခွင့် လိုချင်လာကြသည်။ တောင်းဆိုလာကြသည့် လူထုကြောင့် ထိန်းမနိုင် သိမ်းမရဖြစ်ကာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့သည်ဟုလည်း ဆိုပါသည်။ အလားတူပင် ၁၉၈၉ ခုနှစ် တရုတ်နိုင်ငံ တီယန်မင်ရင်ပြင် ဆန္ဒပြပွဲတွင်လည်း နိုင်ငံရေးလွတ်လပ်ခွင့် အလွန်အမင်းတောင်းဆိုမှုများကြောင့် အခြေခံခိုင်နေသောစနစ်ကို ပြိုလဲရန်အထိ ခြိမ်းခြောက်လာခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံသမိုင်းတွင် သွေးထွက်သံယိုမှုများဖြင့် ပြန်လည်ထိန်းချုပ်ခဲ့ရပါသည်။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် ပတ်သက်၍ အစိုးရသစ်များ၏ ချဉ်းကပ်ပုံသည် တည်ငြိမ်မှုနှင့် ပြုပြင်ပြောင်းလဲမှုကြားတွင် ချိန်ခွင်လျှာညှိရန် လိုအပ်သည်ဟု ယူဆမိသည်။ လွတ်လပ်ခွင့်ကို ရုတ်တရက် အပြည့်အဝပေးအပ်ခြင်းထက် အဖွဲ့အစည်းများ ခိုင်မာလာသည်နှင့် အမျှ တဖြည်းဖြည်းခြင်း လျှော့ပေါ့ပေးခြင်းက နိုင်ငံအတွက် ပိုမိုအန္တရာယ်ကင်းလိမ့်မည်ဟု ယူဆမိသည်။
နိုင်ငံရေးလွတ်လပ်ခွင့်မပေးမီ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးယန္တရားများကို အရင်ပြုပြင်ရန် လိုအပ်သည်ဟုလည်း သုံးသပ်မိပါသည်။ နိုင်ငံရေးလွတ်လပ်ခွင့်ပေးခြင်းကြောင့် နိုင်ငံတည်ငြိမ်မှုပျက်ပြားသွားမည်ကို စိုးရိမ်ရပါက ကန့်သတ်ထိန်းချုပ်မှု စည်းမျဉ်းစည်းကမ်းများ ဖြင့် တစ်ဆင့်ပြီးတစ်ဆင့်ပေးသင့်ပါသည်။ အတိတ်သင်ခန်းစာများကိုအခြေခံ၍ သတိထားရ မည်လည်း ဖြစ်ပါသည်။
နိုင်ငံရေးလွတ်လပ်ခွင့်ကြောင့် ဖြစ်ပေါ်လာနိုင်သော ကောင်းကျိုး ဆိုးကျိုးများကို ကြိုတင်တွက်ဆ၍ မဟာဗျူဟာကျကျ ဆောင်ရွက်သင့်ပါသည်။ နိုင်ငံရေးလွတ်လပ်ခွင့်ပေးခြင်းကြောင့် နိုင်ငံတကာအလယ်တွင် အစိုးရသစ်၏ပုံရိပ်များ မြင့်တက်နိုင်လာနိုင်သလို နိုင်ငံတကာဖိအားများလည်း လျော့ကျသွားနိုင်ပါသည်။ ထိုမှတစ်ဆင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများတိုးပွားလာနိုင်၍ ပြည်သူလူထုက စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာနိုင်ပါသည်။ သို့သော် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအား ထိခိုက်လာနိုင်သည်ကိုလည်း ယှဉ်တွဲ သတိပြုရမည် ဖြစ်ပါသည်။
အချုပ်ဆိုရလျှင် နိုင်ငံရေးလွတ်လပ်ခွင့်သည် ဒီမိုကရေစီစနစ်၏ ပုံရိပ်ကောင်းတစ်ခု ဖြစ်သော်လည်း စနစ်ဟောင်းမှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရာတွင် အသွားနှစ်ဘက်ရှိသည့် ဓားကဲ့သို့ ဖြစ်နေတတ်ပါသည်။
အကောင်းရော အဆိုးပါ ဒွန်တွဲနေတတ်ပါသည်။ တိုင်းပြည်အတွက် ကောင်းကျိုးဖြစ်ထွန်းစေရန်မှာ လွတ်လပ်ခွင့်ပေးခြင်း၊ မပေးခြင်းထက် “မည်သည့်အရှိန်အဟုန်ဖြင့်၊ မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် ပေးအပ်မည်နည်း” ဆိုသည့် ဗျူဟာမြောက် စဉ်းစားချင့်ချိန်မှုအပေါ်တွင်သာ သတိပြုဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့မှသာ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အကျိုးအဖြစ်ထွန်းစေမည့် နိုင်ငံရေး လွတ်လပ်ခွင့်မျိုးကို မဟာဗျူဟာကျကျ အကောင်ထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အကြံပြုလိုက်ရပါသည်။
အောင်နိုင်သူ (ဇွဲကပင်)
