သတိုးဒေါင်းဆော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ၂၀၂၁- ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကစလို့ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့တာပါ။ ထိန်းသိမ်းရတဲ့အကြောင်းရင်းကိုတော့ ထပ် မပြောတော့ပါဘူး။ ထိန်းသိမ်းတဲ့အခါမှာလည်း “နိုင်ငံတော်ကြီး ငါတို့လက်ထဲရောက်ပြီ။ လုပ်ချင်သလိုလုပ်မယ်။” လို့ သဘောမထားခဲ့ဘဲ ရှေ့လုပ်ငန်းစဉ် ငါးရပ်၊ ဦးတည်ချက် ကိုးရပ်ကို ထုတ်ပြန်ကြေညာပြီး နိုင်ငံတော်ကို ဦးဆောင်ခဲ့တာပါ။ နိုင်ငံတော်ကြီး အဘက်ဘက်ကနေပြီး ဖွံ့ဖြိုးတိုးတက်အောင်၊ တည်ငြိမ်အေးချမ်းအောင်၊ နိုင်ငံတကာနဲ့ ရင်းနှီးကျွမ်းဝင်အောင်၊ နိုင်ငံတကာ က ဖိအားတွေ ထပ်တက်မလာအောင်၊ ပြည်သူတွေ အဆင်ပြေအောင် အဖက်ဖက်က ကြိုးပမ်း ဆောင်ရွက်ခဲ့ကြတယ်လေ။
အဲဒီမှာ ” ဆန်ကောလောက်တောင် ဇောက်မနက်”တဲ့ အာဏာလက်လွှတ်လူတစ်စုရဲ့ “ငါ့စကားနွားရ” ပြောဆိုဖျားယောင်းသွေးဆောင်တဲ့နောက်ကို ပြည်သူတွေ ရောယောင်ပါခဲ့ တယ်လေ။ လက်သီးလက်မောင်းတွေတန်း၊ ကြွေးကြော်သံတွေ အော်ဟစ်လို့ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်မဟုတ်လား။ နောက်ပြီး နိုင်ငံတော်ပိုင်ပစ္စည်းတွေ၊ အဆောက်အဦတွေကို ဖျက်ဆီးလို ဖျက်ဆီး၊ မီးရှို့လို့ ရှို့နဲ့ ထင်သလိုလုပ်ကြတာလေ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလဲ ဆန့်ကျင်ရန်ပြုကြပြန်တယ်။ ဆန္ဒဖော်ထုတ်တာကနေပြီး အကြမ်းဖက်ပုံစံချိုးကြတယ်။ အဲဒီလိုကနေတစ်ဆင့် နောက်ဆုံးတော့ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို လိုက်ကြပါရော။ လွတ်လပ်ရေးရပြီးကတည်းက တည်ဆဲအစိုးရကို မကျေနပ်ရင် တောခိုလို့ လက်နက်ကိုင်လမ်းစဉ်ရွေးပြီး ဆန့်ကျင်လိုက်တာပဲ။ အစိုးရပိုင်လို့ခေါ်တဲ့ အများပြည်သူပိုင်တဲ့ ပစ္စည်းတွေ၊ အဆောက်အအုံတွေ၊ လမ်းတံတားတွေ၊ အစရှိတာတွေကို. မီးရှို့ဖျက်ဆီး၊ ဗုံးထောင်ဖောက်ခွဲ ၊ လူသတ်၊ ဓားပြတိုက်၊ လုယက်စတဲ့ အလုပ်ကိုလုပ်တော့တာ မဟုတ်လား။ သူတို့ရဲ့လမ်းစဉ်ကို မကြိုက်သူ၊ အေးအေးဆေးဆေးနေတဲ့သူ၊ သူတို့နဲ့ မတဲ့သူကို ကျောရိုး၊ သစ္စာဖောက်၊ ဒလန်အစရှိသဖြင့် ကင်ပွန်းတပ်ပြီး ဖမ်းဆီးသတ်ဖြတ်ကြတာပဲ။ သူတို့မှာ ဦးတည်ချက် ရေရေရာရာမရှိဘဲ အာဏာပြန်ရဖို့ နည်းလမ်းပေါင်းစုံသုံးပြီး အစိုးရကို ဆန့်ကျင်နှောင့်ယှက် ဖျက်ဆီးကြတာပဲလေ။ သူတို့က အဲဒီလို ဖျက်ဆီးနှောင့်ယှက်တာကိုပဲ အစိုးရကိုဆန့်ကျင်တာ၊ အစိုးရတော့ ဒုက္ခနဲ့လှလှတွေ့ကြပြီလို့ ထင်မြင်ယူဆနေတာ။ သူတို့ လုပ်ရပ် တွေက နိုင်ငံတော်ကို ဖျက်ဆီးနေတာ၊ နိုင်ငံတော်ကို နှောင့်ယှက်နေတာ၊ နိုင်ငံတော်ရဲ့ ရှေ့ခရီးကို တန့်ရပ်သွားအောင်လုပ်တာပဲဆိုတာ သေသေချာချာ မသိကြတော့ဘူး။ ဖျက်ဆီးလို့ ပျက်သွားတဲ့ အိုးအိမ်အဆောက်အဦ၊ လမ်းတံတားတွေကို သူတို့ဘာသာ ပြန်ပြင်ဖို့ဝေးရော၊ ပြန်ပြင်တဲ့သူတွေကို နှောင့်ယှက်၊ ပြန်ပြင်ပြီးတဲ့ လမ်းတံတားတွေကို ထပ်ပြီးဖျက်ဆီးကြပြန်တယ်မဟုတ်လား။ အဲဒီလိုတွေလုပ်တော့ သူတို့ဆီက ဘယ်မှာလဲ ကောင်းကွက်၊ ဘယ်မှာလဲ ပြည်သူအတွက်၊ သူတို့ ဖျက်ဆီးနှောင့်ယှက်လို့ ပြည်သူတွေ ဒုက္ခရောက်တာပဲ အဖတ်တင်တယ်မဟုတ်လား။
လောလောဆယ်ဆယ် ၂၀၂၁ ဖေဖော်ဝါရီ(၁)ရက်နောက်ပိုင်းကစလို့ မဲခိုးပြီး အနိုင်ယူ၊ လွှတ်တော်ကို ဇွတ်ခေါ်လို မတရားရယူထားတဲ့ အာဏာလက်လွှတ်ရသူတွေ ဦးဆောင်ပြီး သူတို့နောက်ကို လိုက်လို့ အဖျက်လုပ်ငန်းလုပ်ကြတဲ့ PDF တွေတင်မကဘူး၊ မိမိတိုင်းရင်းသားပဲ အခွင့်အရေးရစေချင်တဲ့၊ မိမိတို့ ဆွေစဉ်မျိုးဆက်ပဲ အာဏာရှင်ဖြစ်ချင်တဲ့၊ လက်နက်ကိုင်အရသာကို သိနေတဲ့ တချို့သော တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကလည်း လက်နက်ကိုင်လမ်းစဉ်ကို လိုက်ပြီး နိုင်ငံ တော်ကို ဆန့်ကျင်ခဲ့ကြပြန်တယ်လေ။ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ လုပ်ခိုင်းတဲ့ အတိုင်းလိုက်လုပ်ကြတဲ့ တိုင်းရင်းသားတွေခမျာမှာ သေကြေပျက်စီးတာကလွဲလို့ ဘာအခွင့်အရေးမှ မရကြဘူးလေ။ PDF တွေလည်း ဘာထူးသလဲ။ သေကြေပျက်စီးကြတာပဲ အဖတ်တင်တယ်လေ။ သူတို့ကို ခိုင်းတဲ့ ခေါင်းဆောင်တွေကတော့ ပြည်ပမှာ အခွင့်ထူးခံနေကြတာမဟုတ်လား။
အခုနောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးလို့ခေါ်တဲ့ စစ်အာဏာရှင်ပြုတ်ကျရေး ခေါင်းစဉ်တပ်လို့ အကြမ်းဖက်လုပ်ရပ်တွေကို ဆောင်ရွက်ခဲ့ပြန်တယ်။ အားလုံးက လက်နက်ကိုင်အကြမ်းဖက် ကြတာချည်းပဲဆိုတော့ သူတို့ကို လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူလို့ ကင်ပွန်းတပ်ရတော့တယ်။ သူတို့က လုံခြုံရေးအင်အားနည်းပါးတဲ့ စခန်းတွေ၊ ရွာတွေ၊ မြို့တွေကို အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတယ်။ မြို့တွေ၊ ရွာတွေထဲကို အတင်းအဓမ္မ ဝင်ရောက် သိမ်းပိုက်ကြတယ်လေ။ အဲဒီလက်နက်ကိုက်အကြမ်းဖက်သောင်းကျန်း သူတွေက သူတို့ အတင်းအဓမ္မ သိမ်းပိုက်ဝင်ရောက်နေထိုင်တဲ့ မြို့တွေ ရွာတွေမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦတွေ၊ အရပ်ဘက်အုပ်ချုပ်ရေးလိုင်ကာ အဆောက်အဦတွေ၊ စာသင် ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ ဆေးရုံတွေ အစရှိတာတွေမှာ အမာခံ အထိုင်စခန်းတွေ ပြုလုပ်ကြတယ်လေ။ အပြစ်မဲ့ပြည်သူတွေ၊ စစ်ဘေးရှောင်တဲ့ ပြည်သူတွေ၊ ဘယ်မှ မသွားနိုင်ဘဲ စစ်ပွဲကြားမှာ နေကျန်ခဲ့ရတဲ့ ပြည်သူတွေကို လက်နက်ပြပြီး အကြောက်တရားနဲ့ အုပ်ချုပ်တယ်၊ ခိုင်းစေတယ်၊ လူသစ်စုဆောင်းတယ်၊ လူသားတံတိုင်းတွေ ပြုလုပ်တယ် မဟုတ်လား။ –
တကယ်တော့ နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်ကြတဲ့ အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူ တွေမှန်သမျှဟာ တပ်မတော်ရဲ့ တန်ပြန်ထိုးစစ်ကို ခံရပြီး နောက်ဆုံးမှာ ပြိုကွဲရှုံး နိမ့်ခဲ့ကြရတာချည်းပဲဆိုတဲ့ သမိုင်းမလေ့လာ၊ သမိုင်းမသိကြတာနဲ့တူတယ်။ သမိုင်းသိတာတောင်မှ ငါတို့လုပ်ရင်ဖြစ်တယ်လို့ ကိုယ့ကိုယ်ကိုယ် အထင်ကြီးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေကြောင့် လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို လိုက်နေကြတာ မဟုတ်လား။ တပ်မတော်က တန်ပြန်ထိုးစစ်တွေကို ဆင်နွှဲရော၊ အကြမ်းဖက်တွေ နေရာယူအထိုင်ချထားတဲ့ ပြည်သူတွေရဲ့နေအိမ်အဆောက်အဦတွေ၊ အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ ဆေးရုံတွေ အစရှိတာတွေဟာ ပျက်စီး ကြပါလေရော။ နောက်တစ်ခါ အကြမ်းဖက်တွေအစနနဲ့ တပ်မတော်ရဲ့ တန်ပြန်ထိုးစစ်ကို မခံနိုင်လို့ ထွက်ပြေးရတဲ့အခါမှာလည်း ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦတွေ၊ အရပ်ဘက် အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦတွေကို မီးရှိုးဖျက်ဆီး၊ တံတားတွေကို ဖောက်ခွဲ ဖျက်ဆီးကြပြန်ပါရော။ အဲဒီဖျက်ဆီးခံ အဆောက်အဦ၊ လမ်းတံတားတွေအားလုံးက အစိုးရပိုင်ပစ္စည်း (တစ်နည်းပြောရရင်) ပြည်သူတွေပိုင်တဲ့ပစ္စည်းတွေပဲမဟုတ်လား။ ပြည်သူတွေပိုင် လို့ အဲဒီအဆောက်အအုံတွေမှာ ပြည်သူတွေ နေထိုင်တယ်၊ ပြည်သူတွေပိုင်လို့ အဲဒီလမ်းတံတားတွေ ပေါ်ကနေ ပြည်သူတွေ သွားလာရောင်းဝယ်ဖောက်ကားခဲ့ကြရတယ် မဟုတ်လား။ အခု အကြမ်းဖက်သောင်းကျန်းသူတွေ ခွာစစ်ဆင် ဖျက်ဆီးလို့အဆောက်အဦတွေ၊ လမ်းတံတားတွေ ပျက်စီးဆုံးရှုံးတာဟာ ပြည်သူတွေဆုံးရှုံးနစ်နာတာ မဟုတ်လား။ အခုလိုလုပ်လို့ ပြည်သူအတွက် ဆိုတာ ဘယ်မှာလဲ၊ ပြည်သူတွေကောင်းစားတာဟာ ဘယ်မှာလဲလို့ မေးခွန်းထုတ်ရမလိုပါပဲ။ အဲဒီ အတင်း အဓမ္မသိမ်း ပိုက်ဝင်ရောက်နေထိုင်ခံရတဲ့ နေရာတွေက ပြည်သူတွေမှာ ခံဘက်ကချည်းပဲ ဖြစ်နေရတာပေါ့။
နိုင်ငံတော်ရဲ့ ဝင်ငွေအထဲမှာ ပြည်သူတွေဆီက ကောက်ခံထားတဲ့ အခွန်အခတွေ ပါဝင်တယ်လေ။ ဘာလဲ ငြင်းချင်သေးသလား။ အခု PDF တွေ ဘယ်လိုရပ်တည်နေသလဲ။ မေးကြည့်၊ ပြည်သူတွေရဲ့ လှူဒါန်းငွေတွေ (ဂိတ်ဖွင့်ပြီး ဂိတ်ကြေးကောက်၊ ရွာထဲဆက်ကြေးကောက်၊ ပြန်ပေးဆွဲ စတဲ့လုပ်ရပ်တွေလုပ်တာ ပြည်သူတွေကြည်ဖြူသည်ဖြစ်စေ၊ မကြည်ဖြူသည်ဖြစ်စေ၊ ပြည်သူ့ ရန်ပုံငွေတွေဖြစ်လို့ လှူဒါန်းငွေလို့ သုံးနှုန်းတာပါ) နဲ့ ရပ်တည်နေကြရတာလေ။ ဒီလိုပဲ နိုင်ငံတော်အနေနဲ့လည်း ပြည်သူ တွေဆီ အခွန်အကောက်တွေအပါအဝင်ရတဲ့ ဝင်ငွေတွေနဲ့ ရပ်တည်ရတာလေ။ နိုင်ငံတော်အတွက် တစ်ခုခုသုံးမယ်ဆိုရင် အဲဒီ ဝင်ငွေထဲက သုံးကြရတာလေ။ နိုင်ငံတော်ရဲ့ဝင်ငွေက ဘယ်နေရာတွေက ဘယ်လောက်ရမယ်၊ ဘယ်နေရာတွေမှာ ဘယ်လောက်စီသုံးမယ်အစရှိတဲ့ နိုင်ငံတော်ရဲ့ နှစ်စဉ် ရသုံးခန့်မှန်းခြေစာရင်း ရေးဆွဲထားရတာ ဆိုတော့ ပြည်သူတွေရဲ့ ငွေတွေပဲလေ။ အခု အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ အသုံးပြုခဲ့တဲ့ အဆောက်အဦတွေ တန်ပြန်တိုက်စစ်တိုက်ခံရလို့ ဖျက်ဆီးခံရတာ၊ အဆောက်အဦနဲ့ လမ်းတံတားတွေကို အကြမ်း ဖက်လက်နက်ကိုင်တွေ ဖျက်ဆီးမီးရှို့ ခဲ့တာတွေကို နိုင်ငံတော်ကပဲ အကုန်အကျခံပြီး ပြန်လည်ပြုပြင်ကြရမှာလေ။ အကြမ်းဖက်လက်နက်ကိုင်တွေဆိုတာက သူတို့ကိုယ်ကျိုးအတွက်ပဲ ကြည့်တာလေ။ ပြည်သူ့အတွက်ဆိုပြီး ပြည်သူကို ခုတုံးလုပ်လို့ ပြည်သူ့ ပစ္စည်းတွေ ဖျက်ဆီးကာ ပြည်သူကို ဒုက္ခပေးနေတာမဟုတ်လား။
အဲဒါကြောင့် ပြည်သူတွေအနေနဲ့ နိုင်ငံတော်အစိုးရနဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ အကြောင်း ခွဲခွဲခြားခြား၊ ကွဲကွဲပြားပြား သိလောက်ပြီလို့ယူဆပါတယ်။ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်ငါးရပ်ထဲက အမှတ် (၅) မှာ ” ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေး ကောက်ပွဲတစ်ရပ် ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဆိုပြီး ချမှတ်ခဲ့တာ တွေ့ရမှာပါ။ ချမှတ်ချက်နဲ့အညီ လာမယ့် ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲတွေ ကျင်းပဖို့စိုင်းပြင်းနေပြီ ဖြစ်ပါတယ်။ အခုလုပ်မယ့် ရွေးကောက်ပွဲကို အခက်အခဲပေါင်းများစွာ ကျော် ဖြတ်ပြီး ကျင်းပရမှာပါ။
နိုင်ငံရေးပါတီတွေကလည်း ပါတီစုံအထွေထွေရွေးကောက်ပွဲဝင်ဖို့ ကြိုတင်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေကလည်း သူတို့ရဲ့ သေတွင်းဖြစ်တဲ့ အထွေ ထွေရွေးကောက်ပွဲ မဖြစ်ရအောင် အနှောင့်အယှက်အမျိုးမျိုးပေးနေပြီဖြစ်ပါတယ်။ နိုင်ငံရေးပါတီက ပါတီဝင်တွေအပါအဝင် ပါတီတာဝန်ထမ်းဆောင်နေသူတွေ၊ ရွေးကောက်ခံကိုယ်စားလှယ် လောင်းတွေကို လုပ်ကြံသတ်ဖြတ်နေကြတာကို တွေ့ရမှာပါ။ ဒါ့ကြောင့် ပါတီတွေအနေနဲ့လည်း မိမိတို့ရဲ့ လုပ်ငန်းတွေကို အသိသတိထားလို့ ဆောင်ရွက်ရမှာဖြစ်သလို နိုင်ငံတော်ပိုင်းကလည်း လုံခြုံစိတ်ချရမယ့် အကူအညီပံ့ပိုးတာတွေ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်း တွေကို ဖွင့်လှစ်နေပြီဖြစ်ပါတယ်။ မဲရုံမှာ တာဝန်ထမ်းဆောင်ကြမယ့် ဆရာ၊ ဆရာမတွေကို သင်တန်းပေးနေတာပါ။
တစ်ခုရှိတာက ဆရာ၊ ဆရာမတွေတင်မက ပြည်သူတွေနဲ့ နီးနီးစပ်စပ်ရှိမယ့် သူတွေကိုလည်း သင်တန်းပေးရင် ပိုကောင်းနိုင်ပါတယ်။ ဘာ့ကြောင့်ဆိုရင် မြန်မာအီလက်ထရောနစ်မဲပေးစက်မှာ မဲပေးထားသည့် မဲရလဒ်တွေကို ချက်ချင်းဆိုသလို အပြောင်းအလဲ လုပ်နိုင်တယ်ဆိုပြီး လုပ်ကြံဝါဒဖြန့်တာတွေ ရှိလာလို့ပါ။ ဒါကြောင့် မဲဆန္ဒပေးမယ့် ပြည်သူတွေကို မဲပေးစက် အကြောင်း သိရအောင် အနုပညာရှင်တွေ၊ ဆယ်လီတွေကနေ ရှင်းလင်းပြတာလုပ်ရင် ပြည်သူတွေ သိရှိကြပြီး မဲပေးစက်အပေါ် ယုံကြည်လိမ့်မယ်လို့ ယူဆပါတယ်။ ရှေ့ဘက်မှာ အနုပညာ ရှင်တွေကြောင့် ပြည်သူတွေ၊ ဝန်ထမ်းတွေ ဒုက္ခရောက်ခဲ့တဲ့ သာဓက ရှိခဲ့တယ် မဟုတ်လား။
ဘာပဲဖြစ်ဖြစ်ပါ၊ လာမယ့်ပါတီစုံရွေးကောက်ပွဲအောင်မြင်ဖို့ နိုင်ငံတော်အစိုးရနဲ့ ပါတီအသီးသီး အနေနဲ့ အဘက်ဘက်က ကြိုတင်ပြင်ဆင်ကြရာမှာ ကျရောက်လာမယ့်အန္တရာယ်တွေကို ကြိုတင်မျှော်တွေးပြီး ကာကွယ်ဖို့လိုသလို၊ အစိုးရနဲ့ အကြမ်းဖက် ကို ကွဲပြားနေတဲ့ ပြည်သူတွေရဲ့ အား၊ အနုပညာရှင်၊ ဆယ်လီတွေရဲ့အားကို ရယူပြီး ရွေးကောက်ပွဲ အောင်မြင်အောင်လုပ်ဖို့ လိုနေ ပါပြီလို့ အကြံပြုတင်ပြလိုက်ရပါတယ်။
