အောင်နိုင်သူ(ဇွဲကပင်)
ခေတ်သစ် AI စစ်ပွဲဟု တင်စား၍ရသည့် မောင်းသူမဲ့ဒရုန်းများကို စစ်မြေပြင်နှင့် စတင်မိတ်ဆက်ခဲ့သည့် စစ်ပွဲမှာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် နိုဂိုရာ -ကရာဘတ်ဒေသစစ်ပွဲ ဖြစ်ပါသည်။ ၁၉၉၀ ပြည့်နှစ်ထဲက မကြာခဏဆိုသလို နိုဂိုရာ – ကရာဘတ်ဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်း အစဉ်အလာအရ အာမေးနီးယားတို့သာ အနိုင်ရလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ အခြေအနေပြောင်းပြန်ဖြစ်သွားခဲ့ပြီး အဇာဘိုင်ဂျန်တို့ အနိုင်ရရှိခဲ့ပါသည်။ ဤစစ်ပွဲအတွင်း အာမေးနီးယားက တင့်ကား ၁၈၅ စီး၊ သံချပ်ကာတိုက်ခိုက်ရေးယာဉ် ၄၄ စီး၊ ယာဉ်ဆွဲအမြောက် ၁၄၇ လက်၊ ယာဉ်တင်အမြောက် ၁၉ လက်၊ အတွဲလိုက်ဒုံးပစ်စင် ၇၂ စင်း၊ ခြေလျင်တပ်သုံးတိုက်ခိုက်ရေး ယာဉ် ၄၄ စီးနှင့် ရေဒါ ၁၂ စီး ဆုံးရှုံးခဲ့ရသည်ကို တွေ့ရသည်။
ထိုကဲ့သို့အာမေးနီးယားတို့ကြီးကြီးမားမား ဆုံးရှုံးခဲ့ခြင်းမှာ အဇာဘိုင်ဂျန်သည် AI နည်းပညာသုံးတူရကီနိုင်ငံထုတ် Bayrakta TB2 ဒရုန်းနှင့် အစ္စရေးနိုင်ငံထုတ် Kamikaze ဒရုန်းများ အသုံးပြုတိုက်ခိုက်နိုင်ခြင်းကြောင့် ဖြစ်သည်ကို သုံးသပ်တွေ့ရှိခဲ့ရသည်။ ဤစစ်ပွဲသည် ကမ္ဘာ့နိုင်ငံအသီးသီးကို AI နည်းပညာက စိန်ခေါ်မှုပြဿနာတစ်ခုအဖြစ်လှုပ်နှိုးခဲ့ပါသည်။ ထို့ကြောင့်ကမ္ဘာ့နိုင်ငံအသီးသီး၏ စစ်ရေးကဏ္ဍတွင် AI နည်းပညာ၏ စိန်ခေါ်မှုကို မဖြစ်မနေထည့်သွင်းစဉ်းစားကြရတော့မည် ဖြစ်ပါသည်။
နိုဗိုရာ-ကရာဘက်ဒေသ စစ်ပွဲရလဒ်ကြောင့် စစ်မက်ရေးရာ တော်လှန်ပြောင်းလဲမှုဖြစ်ပြီဟု စစ်ပညာရှင်များက မှတ်ချက်ပြု ခဲ့ကြပါသည်။ AI ၏ အစိတ်အပိုင်းဖြစ်သည့် မောင်းသူမဲ့ဒရုန်းများကြောင့် ဒုတိယကမ္ဘာစစ်မှာ အလွန်အသုံးဝင်ခဲ့သည့် တင့်ကား၊ သံချပ်ကာကားများ၏ အခန်းကဏ္ဍများ မှေးမှိန်လာခဲ့ရသည်။ ကမ္ဘာ့သူဌေးကြီး အီလွန်မက်က AI နည်းပညာ၏ အံ့မခန်းဖွယ်တိုးတက်လာမှုကြောင့် အနာဂတ်မှာ လူကိုယ်တိုင် မောင်းနှင်တိုက်ခိုက်ရသည့် တိုက်လေယာဉ်များ၏ အခန်းကဏ္ဍများပါ မှေးမှိန်တော့မည်ဟု West Point စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။ ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံ၊ မြန်မာ့တပ်မတော်အနေဖြင့်လည်း AI နည်းပညာသုံး မောင်းသူမဲ့ဒရုန်းများကို ဖြည့်တင်းဝယ်ယူ၍ စစ်ဘက်ကဏ္ဍ တိုးမြှင့်တည်ဆောက်အသုံးပြုတိုက်ခိုက်သွားမည်ဆိုပါက ပစ္စုပ္ပန်၊ အနာဂတ်စစ်ပွဲများ၏ စိန်ခေါ်မှုကို ကျော်လွှားနိုင်မည်ဖြစ်သကဲ့ စစ်ရေးကဏ္ဍဖြင့် နိုင်ငံ့စွမ်းအားကို ပိုမိုအလေးထား တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
အချို့သောနည်းပညာရှင်များကမူ ယနေ့ကာလကို AI ခေတ် ဉာဏ်ရည်တု ပညာကာလဟု ခေါ်ကြသည်။ AI ခေတ်၏တိုးတက်ပြောင်းလဲမှုနှင့်အတူ စိန်ခေါ်မှုများစွာနှင့်လည်း ရင်ဆိုင်နေရသည်။ အမေရိကန်တွင် သမ္မတဒေါ်နယ်ထရမ့်တက်လာပြီးနောက် ဝန်ထမ်းအင်အားလျှော့ချရေးအစီအစဉ် တစ်ရပ်ကို ရေးဆွဲဆောင်ရွက်ခဲ့ရာ အကောက်ခွန်ဌာနနှင့် အခြားဌာန အသီးသီးက ဝန်ထမ်းများကိုလည်း အင်အားလျှော့ချလျက်ရှိပါသည်။ လျှော့ချလျက်ရှိသည့် အချို့သောဝန်ထမ်းများနေရာများတွင် AI နည်းပညာသုံးစက်ရုံများဖြင့် အစားထိုးနိုင်ရေး စီမံပြင်ဆင်လျက်ရှိပါသည်။ ထို့ကြောင့် AI နည်းပညာ ဖွံ့ဖြိုးမှုနှင့်အတူ တစ်ဖက်မှာလည်း အလုပ်လက်မဲ့ပြဿနာများနှင့် ရင်ဆိုင်လာနိုင်သဖြင့် AI ကြောင့် လူသားတို့ လူမှုဒုက္ခများ မဖြစ်ပေါ်စေရေးအတွက် AI အသုံးပြုမှုဆိုင်ရာ ကန့်သတ်ချက်မူဝါဒ ဥပဒေများဖြင့် စနစ်တကျပြင်ဆင်ထားရမည်ကလည်း အနာဂတ်၏စိန်ပေါ်မူ ပြဿနာအဖြစ်ရှိနေမည် ဖြစ်ပါသည်။
AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် အံ့မခန်းလောက်အောင် လျင်မြန်လွန်းနေသည်ကိုလည်း တွေ့ရသည်။ AI ကြောင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေးစသည့်ကဏ္ဍစုံမှာ လျင်လျင်မြန်မြန်ပြောင်းလဲတိုးတက်လာနေပါသည်။ ထိုကဲ့သို့ AI နည်းပညာ အချိန်တိုး တက်ပြောင်းလဲမှုကိုကြည့်လျှင် AI ပထမ မျိုးဆက်ဟုသာ ဆိုနိုင်သော်လည်း AI နောက်ကို လူသားတို့အမီလိုက်ပါနိုင်ရေး အစွမ်းကုန်ကြိုးပမ်းအားထုတ်နေကြရပါသည်။ လူလုပ်သည့်နည်းပညာ ဖြစ်သော်လည်း ရေရှည်မှာလူသားတို့သည် AI ကိုထိန်းချုပ်ရန်ခက်ခဲလာပြီး အန္တရာယ်ပေး ခြိမ်းခြောက်လာနိုင်ပါသည်။ AI ၏ ပထမမျိုးဆက်မှာပင် ယခုကဲ့သို့ တိုးတက်ပြောင်းလဲနေပြီဆိုလျှင် AI မျိုးဆက်များ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲပါက AI ကို လူသားတို့ထိန်းချုပ်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ပါသည်။
ကမ္ဘာ့စစ်သမိုင်းတစ်လျှောက်တွင် စစ်မက်ရေးရာ တော်လှန်ရေး (Revolution in Military Affairs – RMA) (၁၁) ကြိမ်မျှပေါ်ပေါက်ခဲ့ရာ –
(၁) ခြေလျင်တော်လှန်ရေး ( Infantary Revolution ) (၁၃ ရာစု နှောင်းပိုင်း)။
(၂) ရွက်လွှင့်ခြင်းနှင့် ရေယာဉ်တင်အမြောက်တော်လှန်ရေး (Sail and Shot Revolution ) (၁၄ ရာစု)
(၃) လက်နက်ကြီးတော်လှန်ရေး (Artillery Revolution) (၁၅ ရာစု )
(၄) ခံတပ်တည်ဆောက်မှုတော်လှန်ရေး (Fortress Revolution) (၁၆ ရာစု)။
(၅) ယမ်းမှုန့်တော်လှန်ရေး (gunpowder Revolution) (၁၆-၁၇ ရာစု)။
(၆) နပိုလီယံ တော်လှန်ရေး (Napoleonic Revolution) (၁၈ ရာစု)။
(၇) ကြည်းတပ်စစ်ဆင်မှု တော်လှန်ရေး (Land Warfare Revolution) (၁၉ ရာစု)
(၈) ရေတပ်နည်းပညာ တော်လှန်ရေး (Naval Revolution) (၁၉-၂၀ ရာစု)
(၉) စစ်အကြားကာလ (လေကြောင်းနှင့် အီလက်ထရောနစ်) တော်လှန်ရေး (Aviation and Electronic Warfare Revolution)
(၁၀) အဖျက်စွမ်းအားကြီး လက်နက်၊ ဒုံးပျံနည်းပညာနှင့် အာကာသနည်းပညာတော်လှန်ရေး (WMD. Msle Technology and Space Technology Revolution) (၂၀ ရာစု)။
(၁၁) သတင်းတော်လှန်ရေး (Information Revolution) (၂၀-၂၁ ရာစု ) ဟူ၍ သတ်မှတ်ခဲ့ကြပါသည်။ ယနေ့အခါတွင် သတင်းတော်လှန်ရေးမှသည် ၁၂ ကြိမ်မြောက် စစ်မက်ရေးရာ တော်လှန်ပြောင်းလဲမှုအဖြစ် ဒရုန်းတော်လှန်ရေးကို ရောက်ရှိလာပြီဟု စစ်ပညာရှင်များက သတ်မှတ်လာကြပါသည်။
အမှန်စင်စစ် ဒရုန်းတော်လှန်ရေးသည် AI ၏ တစ်စိတ်တစ်ပိုင်း တော်လှန်ရေးသာ ဖြစ်သော်လည်း စစ်ပွဲများအတွင်း သိသိသာသာပြောင်းလဲလာခဲ့သည့် အကျိုးရလဒ်များကို မြင်တွေ့ခဲ့ရပါသည်။ တစ်ဖက်မှာလည်း စစ်ပွဲမျိုးဆက်အရ သတ္တမမြောက် နောက်ဆုံးမျိုးဆက်၌ လူသားများနေရာတွင် စက်ရုပ်များဖြင့် အစားထိုးတိုက်ခိုက်သွားမည်ဟု စစ်ပညာရှင်ကြိုတင်ခန့်မှန်း ထားပြီးဖြစ်ပါသည်။
ထို့ကြောင့် ယနေ့ကာလ(၁၂)ကြိမ်မြောက် ဒရုန်းတော်လှန်ရေးကို ကျော်လွန်သွားပြီးသည့်အခါ (၁၃)ကြိမ်မြောက် စစ်မက်ရေးရာတော်လှန်ရေး ပေါ်ပေါက်လာနိုင်ပါသည်။ ပေါ်ပေါက်လာမည့် စစ်မက်ရေးရာ တော်လှန်ရေးသည် လူသားများနေရာတွင် AI စက်ရုပ်များဖြင့် စစ်တိုက်တော့မည့် AI စစ်စစ် စစ်မက်ရေးရာ တော်လှန်ရေးခေတ်ဆီကို ကူးပြောင်းလာနိုင်သဖြင့် အနာဂတ်စစ်ရေးကဏ္ဍတွင် AI တော်လှန်ရေးအတွက် စနစ်တကျ ပြင်ဆင်ထားသင့်ပြီဖြစ်ပါသည်။
မျက်မှောက်ခေတ်ကမ္ဘာကြီးတွင် နိုင်ငံရေးအရ အဓိကပြောင်းလဲမှုကြီး သုံးခုဖြစ်ခဲ့သည်ဟု ပညာရှင်များက ဆိုပါသည်။ အဆိုပါပြောင်းလဲမှုသုံးခုမှာ ဒုတိယကမ္ဘာစစ်အပြီးတွင် အချုပ်အခြာအာဏာပိုင် ကမ္ဘာ့တတိယနိုင်ငံများ ပေါ်ပေါက်လာခြင်း၊ ဆိုရှယ်လစ်ကွန်မြူနစ်ဝါဒ ကျဆုံးသွားခြင်းနှင့် လစ်ဘရယ်ဒီမိုကရေစီဝါဒ ကမ္ဘာသို့ပျံ့နှံ့သွားခြင်းတို့ဖြစ်ပါသည်။
ဤပြောင်းလဲမှုသုံးခုသည် နိုင်ငံရေးအရ ပြောင်းလဲမှုဖြစ်သလို ကမ္ဘာ့နှင့်အဝန်း ရိုက်ခတ်မှုများ ရှိခဲ့ပါသည်။ နိုင်ငံရေးအရ ထိုကဲ့သို့ ပြောင်းလဲမှုနှင့်အတူ တစ်ဖက်မှာလည်း ကမ္ဘာကိုလှုပ်ခတ်စေခဲ့သည့် လူ့သမိုင်းပြောင်းလဲမှုများလည်းရှိခဲ့ပါသည်။ အဆိုပါ ပြောင်းလဲမှုကတော့ စက်မှုတော်လှန်ရေး (Industrial Revolution) သည် ၁၈ ရာစုနှောင်းပိုင်းမှ ၁၉ ရာစု အစောပိုင်းအထိ ဗြိတိန်နိုင်ငံမှစတင်ခဲ့ပြီး နောက်ပိုင်းတွင် ဥရောပတိုက်၊ မြောက်အမေရိကနှင့် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားခဲ့သည့် ပြောင်းလဲမှုသည် စက်မှုလုပ်ငန်းများ၊ နည်းပညာများနှင့် လူမှုစီးပွားရေးစနစ်များကို အကြီးအကျယ် ပြောင်းလဲစေခဲ့သည်။
ထိုနည်းတူ ၁၉ ရာစုတွင် Michael Faraday နှင့် Thomas Edison အပါအဝင် သိပ္ပံပညာရှင်များသည် လျှပ်စစ်စွမ်းအားကို လက်တွေ့အသုံးချနိုင်ရန် နည်းလမ်းများကို တီထွင်ခဲ့ကြသည်။ လျှပ်စစ်မီးကို စနစ်တကျအသုံးချနိုင်မှုကြောင့် လူ့သမိုင်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခဲ့သဖြင့် နိုင်ငံရေးနှင့်ယှဉ်တွဲကာ နိုင်ငံအသီးသီးသည် နိုင်ငံ့စွမ်းအားကို တိုးမြှင့်တည်ဆောက်လာနိုင်ခဲ့သည်ကို တွေ့ရသည်။ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လျှပ်စစ်ဓာတ်အားကို စနစ်တကျအသုံးချနိုင်သည့် နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်သည့် ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်လာကြသည်ကို တွေ့ရှိရမည်။
ထိုနည်းတူ ယနေ့ခေတ် AI နည်းပညာ၏ တိုးတက်ပြောင်းလဲလာမှုသည်လည်း ကမ္ဘာကြီးကို အပြောင်းအလဲတစ်ခုဆီသို့ မလွဲမသွေတွန်းပို့နေပြီဖြစ်ပါသည်။ AI နည်းပညာကို ကောင်းသည့်နေရာတွင်အသုံးချပါက အလွန်အသုံးဝင်မည် ဖြစ်သော်လည်း ဆိုးသည့်နေရာတွင် အသုံးချပါက ဆိုးရွားနိုင်သည်ကိုလည်း သတိပြုရမည်ဖြစ်ပါသည်။
ယနေ့ကာလ ၂၁ ရာစုတွင်လည်း ဒစ်ဂျစ်တယ်နည်းပညာ၊ သတင်းနည်းပညာကဏ္ဍနှင့် AI နည်းပညာကဏ္ဍတို့၏ လျင်လျင်မြန်မြန်တိုးတက်ပြောင်းလဲမှုကို အထင်အရှားတွေ့မြင်လာရပြီးဖြစ်ပါသည်။
AI နည်းပညာတိုးတက်ပြောင်းလဲမှုကမူ အံ့မခန်းဖွယ် တိုးတက်ပြောင်းလဲလာခြင်းကြောင့် AI ခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင်ကျော်လွှားနိုင်ရေး၊ နောက်ကျကျန်ရစ်မှုမရှိစေရေး၊ AI နည်းပညာကို အသုံးချ၍ နိုင်ငံ့စွမ်းအား တည်ဆောက်နိုင်ရေးတို့အတွက် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံကြီးများဖြစ်သည့် အမေရိကန်၊ တရုတ်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့က ကြိုးပမ်းအားထုတ်လျက်ရှိပေသည်။ ထို့နည်းတူ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို အမှီလိုက်ပါပြောင်းလဲနိုင်ရေး ကြိုးပမ်းလျက်ရှိပါသည်။ မြန်မာနိုင်ငံသည်လည်း AI နည်းပညာကဏ္ဍတွင် နောက်ကျကျန်ရစ်မှုမရှိစေရေးနှင့် စနစ်တကျ အသုံးချနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။ AI ကို အသုံးချပြီး အရပ်ဘက်၊ စစ်ဘက်များ၏ အခန်းကဏ္ဍမြှင့်တင်နိုင်ရေး စစ်ရေး၊ နိုင်ငံရေးတွင်လည်း AI ကို အသုံးချပြီး နိုင်ငံ့စွမ်းအားတည်ဆောက်ရေး၊ နိုင်ငံ့စွမ်းအားမြှင့်တင်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ နိုင်ငံတော်က AI ၏ အခန်းကဏ္ဍမြှင့်တင်ရန်ကြိုးပမ်း အကောင်အထည်ဖော်နေချိန်တွင် မိမိတို့နိုင်ငံသားများကလည်း ကိုယ်ကျရာအခန်းကဏ္ဍကနေ ကူညီကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ သို့မှသာ မိမိတို့နိုင်ငံသည်လည်း AI ခေတ်၏စိန်ခေါ်မှုကို ကျော်လွှားနိုင်မည်ဖြစ်သကဲ့သို့ AI နည်းပညာကို အသုံးချပြီး နိုင်ငံ့စွမ်းအားကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
#BulletNewsJournal
